နယ်လှည့်သဘာဝဘေးအန္တရာယ်အသိပညာပေးရေယာဉ် နာဂစ်ဒေသသို့ မေလဒုတိယပတ်တွင် စတင်ထွက်ခွာမည်

klnMay 4, 20101min510

နယ်လှည့်သဘာဝဘေးအန္တရာယ်အသိပညာပေးရေယာဉ် မေလဒုတိယပတ်တွင် နာဂစ်ဒေသို့ လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(MES)နှင့်ဂျပန်နိုင်ငံ Asia Seeds အဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်သော “ဘဝသစ်”နယ်လှည့်သဘာဝဘေးအန္တရာယ်အသိပညာပေးရေယာဉ်သည် အလျားပေ ၇၀၊ အနံ ၁၆ပေ၊ ရေစူး ၃ပေ၊ စောက်အနက် ၆ပေရှိပြီး ၂၀၁ဝ ဇန်နဝါရတွင် စတင်၍ ပုဂ္ဂလိကပိုင်တွန်းသင်္ဘောတစ်စီးကို ဝယ်ယူကာ စန်စတကျပြင်ဆင်ခဲ့ပြီး မြင်းကောင်ရေ ၂၅ဝအားရှိ ဟီးနိုးအင်ဂျင်နှစ်လုံးတပ်ထားသည့်အပြင် တွန်းသင်္ဘောဖြစ်သဖြင့် အရေးကြုံပါက ကယ်ဆယ်ရေးလုပ်ငန်းကိုပါ လုပ်ကိုင်နိုင်သည်။ အဆိုပါသင်္ဘောကို ငွေကျပ်သိန်း ၇၅ဝဖြင့် ဝယ်ယူ၍ ပြင်ဆင်မှုများဆောင်ရွက်ခဲ့ရာ စုစုပေါင်း ငွေကျပ် သိန်း ၉၀ဝကျော်ခန့် ကုန်ကျခဲ့ပြီး ယင်းသင်္ဘောကို ACT Internatioal က လှူဒါန်းခဲ့ကြောင်း သိရသည်။ “Asia Seeds နဲ့ပူးပေါင်းပြီး နယ်လှည့်ပညာပေးလုပ်ငန်းကို ၂၀၀၉နိုဝင်ဘာမှာ MKRC ဆိုပြီး ကားနဲ့လုပ်ခဲ့တယ်။ သင်္ဘောနဲ့ကျတော့ WKRC ဆိုပြီးတော့ ၂၀၁ဝဇန်နဝါရီက စပြီး လုပ်ခဲ့တာပါ။ ကားနဲ့မသွားနိုင်တဲ့နေရာတွေကို သင်္ဘောနဲ့အရောက်သွားပြီးတော့ အသိပညာပေးလုပ်ငန်းတွေလုပ်ပါမယ်။ သဘာဝဘေးအန္တရာယ်တွေဖြစ်လာရင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ရောက်ရှိတဲ့ဒေသတွေက မူလတန်းအဆင့်ကျောင်းသူကျောင်းသားတွေ၊ ရွာသူရွာသားတွေ၊ အလုပ်သမားတွေကို ဒီသင်္ဘောကနေ ဆူနာမီ၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ မုန်တိုင်းဒီရေ စတာတွေနဲ့ပတ်သက်လို့ အဓိကပညာပေးသွားမှာပါ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဟန်ဇော်က ပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။