သံလွင်မြစ်အတွင်း ထူးဆန်းစွာ ရောက်ရှိကျက်စားနေသည့် ရေငန်ပျော်မိကျောင်းတစ်ကောင်ကို ဒေသခံများက အရှင်ဖမ်းဆီးရရှိ

guestktyJune 13, 20101min1051

လွန်ခဲ့သည့် နှ စ်လကျော်ခန့်က သံလွင်မြစ်ရေပြင်အတွင်း ရောက်ရှိကျက်စားနေသည့် ရေငန်ပျော် မိကျောင်းတစ်ကောင်အား ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် ဒေသခံများက အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရရှိသော မိကျောင်းမှာ အမဖြစ်ပြီး အလျားကိုးပေ ခြောက်လက်မ၊ လုံးပတ် သုံးပေ ခြောက်လက်မရှိသော သံသုမာ(ခေါ်)ငမိုးရိပ်မျိုးဖြစ်ပြီး လွန်ခဲ့သည့် တန်ခူးလဆန်း ၁ ရက်နေ့က သံလွင်မြစ်ပြင်အတွင်း၌ စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါမိကျောင်းသည် သံလွင်မြစ်အတက်ဘက် ပေါ့တော်ကျေးရွာအုပ်စုပိုင် မင်းဇီ(ပအိုစု)၊ မိကရင်တောင်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း သဲသောင်နှင့်ကိုင်းတောတွင် နေထိုင်ကျက်စားလေ့ရှိပြီး ဇွန်လ ၈ ရက်နေ့က သံလွင်မြစ်အောက်ဘက် ထုံးအိုင်၊ မန်ကျည်းကျွန်းကြား နတ်မှော်ကျေးရွာအနီး သံလွင်မြစ်နှင့် ဒုံယမ်ချောင်းဆုံရာ မြစ်ခွဲချောင်းပေါက်၌ ရောက်ရှိနေစဉ် ဒေသခံကျေးရွာများမှ လက်လှော်လှေအစင်း ၃ဝ ဖြင့် ပိုက်ဝိုင်း အထပ်ထပ်ထောင်ကာ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

“ဒီမိကျောင်းကို ဇွန်လ ၈ ရက် နံနက် ၈ နာရီမှာ တံငါလှေငါးစင်းက စတင်တွေ့ရှိပြီး ပိုက်ဝိုင်းထောင်ဖမ်းကြတာ လွတ်ထွက်သွားတယ်။ မိကျောင်းကို ဖမ်းနေတာတွေ့တော့ ထုံးအိုင်၊ မန်ကျည်းကျွန်း၊ နတ်မှော်ဘက်က လှေစင်းရေ ၂၅ စင်းလောက် ထပ်မံပေါင်းစည်းပြီး အမိအရဖမ်းရတာပေါ့။ ညနေ ၅ နာရီ ၄၅ မိနစ်မှာ မိကျောင်းက ငုပ်လိုက်ပေါ်လိုက် လုပ်နေရတော့ အတော်လေးပန်းလာတာ တွေ့ရတယ်။ ဒီအချိန်မှာ လှေနံကို နောက်ဆုံးခုခံမှုအနေနဲ့ အားကုန်ပါးစပ်ထိုးဟပ်လိုက်တာ လှေနံကြားမှာ ပါးစပ်ကတစ်ဝင်နေတုန်း ကြိုးကွင်းစွပ်ပြီး ပိုက်နဲ့ထွေးလုံးပြီး အမြီးကိုကြိုးနဲ့တုပ်ပြီး ကမ်းပေါ်ဆွဲတင်နိုင်လို့ မိကျောင်းကိုမိတာပါ”ဟု ထုံးအိုင်ကျေးရွာမှ ဦးရွှေဘက ပြောပါသည်။

ယခုဖမ်းဆီးရရှိသော မိကျောင်းမျိုးမှာ သံသုမာ(ခေါ်)ငမိုးရိပ်မျိုးဖြစ်ပြီး ၎င်းမိကျောင်းမျိုး၏ အရွယ်အစား မှာ ၂၅ ပေခန့်ထိ ကြီးမားနိုင်ပြီး တွေ့ရှိရသောဒေသများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့ဖြစ်ကြောင်း မျိုးရင်းဖြစ်သည့် သိပ္ပံအမည် Crocodylus porosus ဖြစ်၍ မြန်မာအမည် သံသုမာ(ခေါ်) ငမိုးရိပ်မိကျောင်းဖြစ်ကြောင်း ကရင်ပြည်နယ် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စိုး၏ ပြောကြားချက်အရ သိရှိရသည်။

“အခုသံလွင်မြစ်မှာ ဖမ်းဆီးရရှိတဲ့မိကျောင်းဟာ စားကျက်မြေသစ် ရှာဖွေဖို့လာနိုင်သလို၊ ပင်လယ်ဂေဟစနစ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်”ဟု ၎င်းကသုံးသပ်ပြောဆိုပါသည်။

သံလွင်မြစ်အတွင်း ဖမ်းဆီးရရှိသော မိကျောင်းအား ဇွန်လ ၁ဝ ရက် နေ့တွင် ဧရာဝတီတိုင်း ဘိုကလေး မြို့သို့ပို့ဆောင်ခဲ့ပြီး ယင်းနေ့၌ပင် ဘိုကလေးမြို့နယ်အတွင်း မိန်းမလှကျွန်း သဘာဝဘေးမဲ့တောအလယ်ရှိ ဥရိုကြီးနှင့်ကြောင်ဒေါင်ချောင်းအတွင်း သို့ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

One comment

  • winne

    July 16, 2010 at 5:21 am

    မိကျောင်းတကောင် မိဖို့ တော်တော် အားထုတ်ရတာဘဲ။ တီဗွီထဲမှာတော့ မိကျောင်းသေးသေးလေးတွေကို ဖမ်းပြတာတော့ တွေ့မိတယ် အရမ်းသန်တာ အဲဒီအကောင်လေးတွေတောင် လူအင်အား အရမ်းများလို့ မိတာ ဖြစ်မယ်။ မြန်မာတွေကလည်း အရေးကြုံရင်တော့ ဝိုင်းကူတတ်ကြတဲ့ အလေ့အထ အခုထိတော့ မပျောက်သေးဘူး မြို့မှာတော့ နဲနဲတောင် ပါးသွားသလိုဘဲ။

Leave a Reply