`ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ကိုင်းမြေနုကွန်း ကွင်းအမှတ်(၁၁၁၈) ၏ ပြဿနာ´

winkyawaungFebruary 14, 20121min84

`ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ကိုင်းမြေနုကွန်း ကွင်းအမှတ်(၁၁၁၈) ၏ ပြဿနာ´

၄-၂-၂၀၁၂ နေ့ နံနက်(၁၁)နာရီအချိန်၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံတွင် ကိုးတောင့်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း နှင့်တွေ့ဆုံခဲ့ပါသည်။ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး မှ ယခင် ၂၀၀၈ ခုနှစ် ထုတ်ပြန်ထားသော မြန်မာဂို(လ်)ဒင်းစတား (MGS) စိုက်ခင်းတာဝန်ခံ၏ တားမြစ်ထားသောစာ နှင့် ၂၀၁၁၊ ဇွန်လ(၂၇)ရက်နေ့တွင် ဆိပ်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ထံအစီရင်ခံတင်ပြ ထားသော စာ(၂) စောင်ကို တင်ပြလာပါသည်။ ထို့နောက် အောက်ပါအတိုင်း ရင်ဖွင့်ပြောဆိုသွားပါသည်။ ဤကိစ္စအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ အကူအညီဖြင့် အစိုးရအသစ် သမ္မတကြီး ဦးသိန်းစိန်ထံသို့ လည်း တင်ပြထားပြီးကြောင်း ပြောကြားပါသည်။
ရေလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးဝင်း၏ ပြောကြားချက်။
ကျွန်တော်တို့ရွာက ကိုးတောင့်ကျေးရွာအုပ်စုမှာပါတဲ့ ရေလယ်ကျွန်းကျေးရွာဖြစ်ပါတယ်။ ယခင်က ကျွန်တော်တို့ရွာက ကျွန်းထဲမှာနေကြတာပါ။ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ္ဘားတွေအများကြီးပြိုကျ ပျက်စီးသွားပါတယ်။ စိုက်ပျိုးတဲ့ကိုင်းမြေ တွေလည်းပြိုကျသွားပါတယ်။ တစ်ရွာလုံး(အိမ်ခြေ ၂၀၀)မှာ နေစရာလည်း မရှိ၊ လုပ်ကိုင်စားသောက်စရာ မြေလည်း မရှိဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ၁၉၉၈ ခုနှစ်မှာ ဆိပ်ဖြူ၊ စလင်း၊ မင်းဘူး ကားလမ်းမကြီးရဲ့ လမ်းဘေးကို တစ်ရွာလုံးနေရာ ပြောင်းရွှေ့လာခဲ့ကြရပါတယ်။ အဲဒီအချိန်မှာဘဲ ကံအားလျှော်စွာနဲ့ မြေနုကျွန်းတွေဟာ ဧရာဝတီမြစ်ရေအတက် အကျကိုလိုက်ပြီး သဘာဝအရ တစ်နှစ်တစ်ခါ ကျွန်းမြေအသစ်တွေ ပြန်ပြန်ပေါ်လာပါတယ်။ အဲဒီ မြေနုကျွန်းတွေက ၁၉၉၅ ခုနှစ်လောက်က စတင်ပေါ်လာတာပါ။ ဒါပေမယ့် အဲဒီအချိန်ကထဲက ဒီမြေနုကျွန်းတွေကို MGS မြန်မာဂို(လ်)ဒင်းကုမ္ပဏီ က သိမ်းတယ်ဆိုပြီး အထက်အမိန့်အရ(ပူးတွဲပါစာ) အတိုင်း သိမ်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီ ကျွန်တော်တို့တစ်ရွာလုံး ဘာမှ လုပ်ပိုင်ခွင့်မရရှိခဲ့ပါဘူး။ စုစုပေါင်း ဧက(၃၀၀) ခန့်ရှိပါမယ်။ ဒီကွင်းကြီးကို ကိုးတောင့်ရွာ၊ ရေပေါ်ကျွန်းရွာ၊ သံဇလုံရွာ၊ တောင်ငယ်လုံရွာ (၄)ရွာပိုင်ဆိုင်ပါတယ်။ ဒီမြေနုကျွန်မြေများကို ကွင်းကြားနယ်နိမိတ်တိုင်းတာ ဖို့ သက်ဆိုင်ရာကို ၂၀၀၈ ခုနှစ်က ကျွန်တော်တင်ပြတောင်းခံခဲ့ပါတယ်။ နှစ်အတော်ကြာမှ ၂၀၁၁ ခု မေလ မှာ သက်ဆိုင်ရာက ကွင်းကြားနယ်နိမိတ် တိုင်းတာမှု ပြုလုပ်ပေးပါတယ်။ ရွာလေးရွာ မြေနုကျွန်းစိုက်ပျိုးမြေ နယ်နိမိတ်သတ်မှတ် ထားသော် လည်း သီးခြားချန်ထားတဲ့ မြေနုကျွန်းများကို ခွဲဝေခြင်းမပြူဘဲ MGS ကုမ္ပဏီ က သိမ်းတယ်ဆိုပြီး ပေးထားခဲ့ပါတယ်။ MGS ကုမ္ပဏီက မြေနုကျွန်းများအပြင် ကုန်းပိုင်းယာမြေများကိုလည်း အထက်အမိန့်နဲ့ သိမ်းယူသွားပါတယ်။
MGS မြန်မာဂို(လ်)ဒင်းစတား ကုမ္ပဏီ က ဒီမြေနုကျွန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမပြုဘဲ တစ်နှစ်တစ်ခါ သီးစားချပေးနေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ရွာ နယ်နိမိတ်ထဲက စိုက်ပျိုးမြေများကို ကျွန်တော်တို့ရွာမှ တောင်သူများကို သီးစားချမပေးဘဲ အခြားရွာတွေကို ကျော်ပြီး သီးစားချပေးနေပါတယ်။ ဒီကိစ္စ အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို ခဏ ခဏ တင်ပြထားသော်လည်း ယနေ့အထိ ဘာမှ ထူးခြားမှု မရှိဖြစ်နေပါတယ်။ဒါကြောင့် ကျွန်တော်တို့ ရေလယ်ကျွန်းကျေးရွာမှာ လုပ်စားစရာ မြေနုကျွန်းအခက်အခဲများကြောင့် စားသောက်ရေးအတွက် ဆင်းရဲဒုက္ခရောက်နေ ကြရပါတယ်။ တချို့တော်တော်များများဆိုရင် ဆိပ်ဖြူမြို့ပေါ်တက်ပြီး ပွဲရုံတွေက အလုပ်သမားတွေအဖြစ် ကူလီထမ်းနေကြ ရပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ် ဇွန်လ(၂၇)ရက် နေ့မှာ ဆိပ်ဖြုမြို့နယ်အုပ်ချုပ်ရေးမှူးထံ တရားဝင် စာတင်မေးမြန်းခဲ့ ပါတယ်။ ၇-၇-၂၀၁၁ နေ့မှာဆိပ်ဖြုမြို့နယ်အုပ်ချုပ်ရေးမှူးထံ ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီး ထပ်မံမေးမြန်းခဲ့သော် လည်း အထက်သို့ တင်ပြထားဆဲလု့ိသာ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်စဉ်ခွဲခြမ်းလုပ်ကိုင် စားသောက်ခဲ့သော ဘိုးဘွားအဆက်ဆက်က လုပ်ကိုင်စားသောက်ခဲ့ရသော ဒီမြေနုကျွန်းကိစ္စများကို MGS ကုမ္ပဏီမှ ဆင်းရဲဒုက္ခရောက်နေကြတဲ့ တောင်သူ လယ်သမားများထံ ပြန်လည်ပေးကြဖို့ သက်ဆိုင်ရာက အထက်အဖွဲ့အစည်းများထံကို အသိပေးပန်ကြားလိုက် ပါရစေ..။