မနေ့က နေပြည်တော်ကြီးမှာရှိတဲ့ ကုမ္ပဏီများမှတ်ပုံတင်ရုံး က တစ်ယောက်နဲ့ ပြောဆိုရင်း အများပိုင်ကုမ္ပဏီတွေ တည်ထောင်ခွင့်ပြုလိုက်ပါပြီတဲ့။ အခုရက်ပိုင်း တိတိကျကျပြောရရင် ပြီးခဲ့တဲ့ သောကြာနေ့ကမှ တည်ထောင်ခွင့်ပြုလိုက်တာပါတဲ့။ သေချာမသိသူများကတော့ အများပိုင်ကုမ္ပဏီတွေ မြန်မာပြည်မှာ အရင်က တည်ထောင်ခွင့်မပြုဘူးလား လို့ စောကြောပါလိမ့်မယ်။ အင်း.. မရှိတာလည်း မဟုတ်သလို ရှိတာလည်း မဟုတ်ဘူးဗျ လို့ပဲ မရှင်းမရှင်းဖြေခွင့်ပြုပါ။ ဖြစ်ပုံက ဒီလိုပါ။ ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေးကုမ္ပဏီများတည်ထောင်ခွင့်ပြုတာတော့ ဥပဒေအရ အများပိုင်(Public Company)ကော သီးသန့်ပိုင်(Private Company)ကော တည်ထောင်ခွင့်ရှိပါတယ်။ သို့သော်….( မြန်မာပြည်မှာ အဲဒီ သို့သော်တွေ အလွန်များခဲ့ များဆဲ…မျိုးကြီးလေသံနဲ့ ဆိုကြည့်ပါ…များခဲ့…များဆဲ… အချိန်မီသာပြင်ဆင်ခွင့်မရှိရင်..) ၁၉၉၇ခုနှစ် အေးရှား စတော့ဈေးကွက် ပြိုလဲမှုမှာ တိုင်းပြည်အများ ထိခိုက်တာကို ကြောက်လန့်သွားသော ရွှေဥာဏ်တော်ရှင်ကြီးက သို့ကလိုဆိုရင်ဖြင့် ရွှေပြည်ကြီးမှာ အဲသလိုမဖြစ်အောင် အများပိုင်ကုမ္ပဏီတွေ မထောင်စေနဲ့ကွာဆိုပြီးလုပ်ချလိုက်တယ် လို့ ပါးစပ်ရာဇဝင် ရှိပါတယ်။ သည်လိုနဲ့ ခွင့်မပြုဘူးဆိုပြီး လုပ်ထားတာကြီးကို ထိုရွှေဥာဏ်တော်ရှင်ကြီး လက်ထက်မဟုတ်တော့တဲ့ အချိန်မှာလည်း ဘယ်သူ့ကမှ လျှာရှည်ပြီး ခွင့်မပြုရဲဘူးဖြစ်နေကြပါတယ်။ အခုတော့ ပတ်သက်သူ၊လုပ်ကိုင်ချင်သူ၊တာဝန်ရှိသူ အဆင့်ဆင့်က အထက်အဆင့်ဆင့်ကို တင်ပြီးပြီးနောက် ခွင့်ပြုလိုက်ပါဆိုလို့ ပြန်လည်ခွင့်ပြုပါတော့မယ်။

အများပိုင်ကုမ္ပဏီအဖြစ်လျှောက်ထားလိုသူများအတွက် အခြေခံအချက် ၇ချက်ရှိပါတယ်တဲ့။ မနေ့ကပြောတဲ့သူကပြောပေမယ့် ကိုကလည်း သတင်းထောက်အစစ်မဟုတ်တော့ လိုက်ချပြီး မရေးဖြစ်ပါဘူး။ အခုလောလောဆယ် သူတို့ရုံးမှာ ဘုတ်ထောင်ဖို့ ဗီနိုင်းကလည်း အပ်ထားတုန်းတဲ့။ အချက် ၇ချက်ကို အကြမ်းမှတ်မိသမျှအခြေခံကျတာတွေကို ပြန်ပြောပြရရင်
– ဒါရိုက်တာ အဖွဲ့ဝင် ၇ဦးအနည်းဆုံးရှိရပါမယ်။ (မူလ တည်ထောင်သူ ဒါရိုက်တာများ)
– သင်းဖွဲ့စည်းမျဉ်းကို အများပိုင်ကုမ္ပဏီသင်းဖွဲ့စည်းမျဉ်းအတိုင်းဖြစ်ရမယ်
– အစုရှယ်ယာများကို လွှဲပြောင်းခွင့်ကို မကန့်သတ်ထားရဘူး
– မတည်ရင်းနှီးငွေ ရဲ့ ပထမအကြိမ်ထည့်ဝင်မှုကို မူလ တည်ထောင်သူ ဒါရိုက်တာ အဖွဲ့ဝင် ၇ဦးက အပြည့်အဝ ထည့်ရပါမယ်။ ( Paid-up Capital – First Call )
– ဒါရိုက်တာ ၇ဦးစလုံးရဲ့ အဆိုပြုခံဝန်ချက်
စတာတွေနဲ့ ကျန် ၂ချက်ကတော့ ထုံးစံအတိုင်း သိပ်အရေးမကြီးတဲ့အချက်တွေပါ။ မှတ်ပုံတင်တို့ ဘာတို့ ဆိုတာမျိုးတွေပေါ့။

အခုလက်ရှိ မြန်မာပြည်မှာ ၁၉၉၇ ခုနှစ်မတိုင်မီနဲ့ ကြားထဲမှာ အထူးမှတ်ပုံတင်ခွင့်ရထားသော မှတ်ပုံတင်ပြီးသား အများပိုင်ကုမ္ပဏီ တွေက အောက်ကအတိုင်းပါ။
၁-( ပြည်သူချစ် ဦးပိုင် ) ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်
၂-မြန်မာနိုင်ငံသားမျာဘဏ်
၃-ရွှေနိုင်ငံအရှေ့အာရှကုမ္ပဏီ ( စီး-ကူး နဲ့ ပြင်ပလုပ်ငန်းရှင်တို့ရဲ့ အစိုးရတပိုင်းအများပိုင်လုပ်ငန်း )
၎-သစ်တောထွက်ပစ္စည်းများဖက်စပ်လုပ်ငန်း ( FPJV ဆိုပြီး အမ်စက်(MSEC) မှာ အစုရှယ်ယာတွေရောင်းပါတယ်)

အဲဒီအပြင်မှာ နာမည်ကျော် ပထမမြန်မာရင်နှီးမြုပ်နှံမှု အုပ်စု (FMI) ကတော့ မှတ်ပုံတင်သက်တမ်းတိုးခွင့်မရရှာတဲ့အများပိုင် ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်တိုးခွင့်မရသလဲ မမေးပါနဲ့။ သိပ်ဖြေချင်နေလို့။
နောက်ပြီး ဘာကြောင့်စာရင်းမဝင်မှန်းမသိတဲ့ MICT Park နဲ့ မအောင်မြင်တာလား ဘာဖြစ်နေတာမှန်းမသိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ထောင်မယ်လုပ်တဲ့ အများပိုင်လုပ်ငန်းတို့လည်း စာရင်းမှာမပါ ပါဘူး။
ပြောရရင် လက်ချိုးရေရင်တောင် လက်တစ်ဖက်မပြည့်ဘူး ဆိုတာလိုမျိုးပေါ့။

အများပိုင် ကုမ္ပဏီတွေ ခွင့်ပြုမယ် ဆိုတာအလွန်ကောင်းပါတယ်။ အများအတွက်အကျိုးရှိသလို တိုင်းပြည်စီးပွားရေးအတွက်အားကောင်းမောင်းသန် လုပ်ငန်းကြီးတွေ ပေါ်ထွန်းလာနိုင်တာမို့ လှိုက်လှဲစွာကြိုဆိုပါတယ်။
သို့သော် ရင်းနှီးမြုပ်နှံမှုပြုလုပ်မည့် ပြည်သူအများကလည်း အများပိုင်လုပ်ငန်းဆိုတာဘာလည်း သေချာသိဖို့တော့ လိုတာပေါ့။ အလွယ်ပြောရရင် လူအများက ရင်းနှီးထည့်ဝင်သော စီးပွားရေးလုပ်ငန်း ကိုအများပိုင်ကုမ္ပဏီလို့ခေါ်ပါသည်။ အဲဒီအများပိုင် ကုမ္ပဏီကြီးတွေကို စီမံခန့်ခွဲဖို့ ဒါရိုက်တာအဖွဲ့ကို ရင်းနှီးမြုပ်နှံမှုပမာဏအလိုက် မဲပေးခွင့်သတ်မှတ်ထားချက်အတိုင်း ဒါရိုက်တာအဖွဲ့ကို ရွေးကောက်တင်မြှောက်ရပါတယ်။ အသေးစိတ်ကို ထိုလုပ်ငန်းရဲ့ သင်းဖွဲ့စည်းမျဉ်းမှာ ဖော်ပြပါတယ်။ ထိုလုပ်ငန်းများမှ နှစ်စဉ်အမြတ်ငွေ (dividend)ကိုအစုရှယ်ယာဝင်များကို ခွဲဝေပေးပါတယ်။
သို့သော် အများပိုင်လုပ်ငန်းတွေမှာ Public Company ဆိုတာ Profit or Growth ဆိုတဲ့ ရွေးစရာနှစ်ခုထဲက တစ်ခုကို ရွေးရတာပါ။ အမြတ်များများလိုချင်သလား လုပ်ငန်းကြီးထွားတာ၊အစုရှယ်ယာဈေးတက်တာ ကိုလိုချင်တာလား ဆိုတဲ့ နှစ်ခုထဲက တစ်ခုကိုရွေးပြီး လျှောက်လှမ်းရတာပါ။ ဘာကြောင့်လဲဆိုရင် အမြတ်ငွေတွေ ခွဲပေးလိုက်ရင် လုပ်ငန်းတိုးတက်ဖို့ ချဲ့ထွင်ဖို့ပြန်ရင်းဖို့ ငွေမရှိဘူးလေ။ ငွေတွေပြန်ရင်းပြီး အမြတ်နည်းနည်းပဲထုတ်လိုက်ရင်တော့ လုပ်ငန်းကြီးထွားလာမယ် အစုရှယ်ယာဈေးတွေတက်လာမယ် နောက်တော့ dividend အမြတ်နှုန်း percentage က ငြိမ်နေပေမယ့် ပမာဏများလာမယ်။

မြန်မာပြည်မှာ အခုထူထောင်တဲ့ အများပိုင်ကုမ္ပဏီများ အမြတ်နှုန်းကို ၁၁% ၁၂% ကနေ အများဆုံး ၁၅%ထက်ပိုပေးကြမယ်မထင်ပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဘဏ်အတိုးနှုန်းက ချေးငွေကို ၁၀%ပဲလေ။ လုပ်ငန်းသာ အောင်မြင်တယ်ဆိုရင် ဘဏ်တွေက ချေးချင်လွန်းလို့။ အဲသလို ချေးငွေ ၁၀% နဲ့ ယူလို့ရနေတာကို အမြတ်ဝေစု ၁၅% ပေးရင် တော်တော်မှားတာလို့ပဲပြောရမယ်။ ဒါမှမဟုတ် ထောင်ချောက်ဖြစ်မယ်။ ၁၀%နဲ့ချေးယူပြီး လုပ်ရင် အမြတ်ပိုရမှာဖြစ်သလို ရှယ်ယာတွေကို ဈေးကွက်မှာ ထုတ်မရောင်းရင် ရှယ်ယာဈေးတက်မှာလည်း ဖြစ်တဲ့အတွက် ၁၅%များပေးနေတဲ့ အများပိုင်လုပ်ငန်းတွေ ရှိလာရင် ချိန်ဆသာ ထည့်ကြပေတော့။

အများပိုင်လုပ်ငန်းမှာထည့်ပြီးထားရင် ဆုံးရှုံးမှု လုပ်ငန်းအရှုံးပြတာ ဒေဝါလီခံတာတွေဖြစ်ရင်တော့ ပြန်မရဘူးနော်။

အခုတော့ တကယ်လုပ်နိုင်သူတွေက အများပိုင်လုပ်ငန်းတွေထူထောင်မယ် ဆိုနေကြသလို အခွင့်အရေးသမားအချို့လည်း ပါလာနိုင်တာမို့ သာမန်ပြည်သူများ သတိထားကြစေချင်လို့ မိတ်ဆက်သဘောရေးပြတာပါ။
တကယ်တမ်း ဒီလို ရင်းနှီးမြုပ်နှံမှုဈေးကွက်ဖြစ်လာရင် အလကားနေရင်း ဈေးကစားကြတဲ့ မြေဈေး ရွှေဈေးတွေ အလန့်တကြား အကြောင်းမဲ့ မတက်တော့ပါဘူး။ ဈေးကစားချင်သူတွေဆွဲဆောင်ရာနောက်ကို ငွေယားရှိသူ သာမန်ပြည်သူများ လိုက်ဖြစ်ချင်မှ လိုက်ဖြစ်တော့မှာမို့ပါ။

နောက် အများပိုင်ကုမ္ပဏီကြီးတွေမှာ အမှုဆောင်အရာရှိ အလုပ်တွေ လူငယ်တွေ လုပ်နိုင်ကြပါစေ။ နိုင်ငံတကာ လုပ်ငန်းများနဲ့ ယှဉ်ပြိုင်ပြီး ၂၀၁၅ မတိုင်မီ အောင်မြင်ကြပါစေ။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism