ဟိုနေ့က ဆူးတင်တဲ့ ဟိုတစ်စ ဒီတစ်စအတွေးများထဲမှာ အမှိုက်နဲ့ပါတ်သက်ပြီး ပြောထားတာလေးဖတ်မိပြီး၊ စဉ်းစားစရာဖြစ်ခဲ့ပါတယ်၊ အိန္ဒိယက အမှိုက်ဝယ်ယူမှု့မှာ ကျွတ်ကျွတ်အိတ်အမှိုက်တွေရော ပါနိုင်သလားဆိုတာ ရွာသူားများအထင်လေးလည်း ပြောပြကြပါဦးနော်၊ ခေတ်လူငယ်ဆိုဒ်မှာ ဖတ်လိုက်ရလို့ သတင်းလေးကို ရွာသူားတွေ မဖတ်ရသေးရင် ဖတ်ရအောင်တင်လိုက်တာပါ၊

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေ့စဉ် ထွက်ရှိလျက်ရှိသော စွန့်ပစ်အမှိုက်များအား ဝယ်ယူရန်အတွက် အိန္ဒိယနိုင်ငံ ဘာဂမ်ကုမ္ပဏီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ နေ့စဉ် စွန့်ပစ်အမှိုက်များ တန်ချိန်၂၀၀၀ ခန့် ထွက်ရှိလျက်ရှိပြီး ယင်းအမှိုက်များဖြင့် တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ၅မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စွန့်ပစ်အမှိုက်များသည် မီသိန်းဓာတ်ငွေ့ထုတ်လုပ်မှု ပမာဏ များခြင်းကြောင့် ယင်းအားအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဆိုပါက မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းစေမည့်အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် သုံးစွဲရမည့် ရုပ်ကြွင်းလောင်စာများမှ အခြားမှန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လုပ်မှု မရှိတော့သဖြင့် နှစ်ဖက်နှစ်လမ်း အကျိုးရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးဖြစ်သူ အငြိမ်းစား ပါမောက္ခချုပ် ဦးဝင်းကြည်မှ “နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် လျှပ်စစ်ဓာတ်အားဆိုတာ အဓိကကျပြီး အလွန်အရေးပါတာနဲ့အမျှ လူနေမှုစရိတ်တွေ၊ ထုတ်လုပ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း လျှပ်စစ်ဓာတ်အားခနှုန်းထားတွေအပေါ် မူတည်နေပါတယ်။ ဒီလို အပြန်အလှန် မူတည်လျက်ရှိနေတဲ့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်တဲ့ နေရာမှာ မှန်လုံဓာတ်ငွေ့တွေနဲ့ အန္တရာယ်ပေးနိုင်တဲ့ ဓာတ်ငွေ့တွေ။ ပြီးတော့ အမှုန်ထုတ်လုပ်မှုကင်းတဲ့ နည်းစေတဲ့လောင်စာတွေကို သုံးစွဲပြီး ကုန်ကျစရိတ်နည်းမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်” ဟု သုံးသပ်ပြောကြားသွားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေ့စဉ်စွန့်ပစ်လျက်ရှိသော အမှိုက်များမှာ ပမာဏအလွန်များပြားပြီး ယင်းတို့၏ အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်၌ လေထုညစ်ညမ်းမှုများ ဖြစ်စေနိုင်သည့်အပြင် ယင်းအမှိုက်များအတွက် စွန့်ပစ်သီးသန့် နေရာတစ်ခု သတ်မှတ်ထားရမည်ဖြစ်သောကြောင့် နေရာပေးရမှုများ များစွာပြုလုပ်ရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဘာဂမ်ကုမ္ပဏီမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စွန့်ပစ်အမှိုက်များအား ဝယ်ယူ၍ ယင်းအမှိုက်များမှ ထွက်ရှိသော မီသိန်းဓာတ်ငွေ့များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သက်ဆိုင်ရာသို့ ကမ်းလှမ်းထားခြင်းအား သဘာဝပတ်ဝန်းကျင် ပညာရှင်များက ထောက်ခံကြပြီး ယင်းအစီအစဉ် အကောင်အထည် ပေါ်လာပါက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စွန့်ပစ်အမှိုက်များ ကင်းရှင်း၍ မြို့တော်ကြီး ပိုမိုလှပ စိုပြည်လာမည့်အပြင် ယင်းသို့ ရောင်းချမှုအတွက် ရရှိလာမည့် နိုင်ငံခြားဝင်ငွေဖြင့် အခြားသော ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်တာများ ပိုမိုလုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကူးယူခဲ့တဲ့လင့်လေးပါ..

http://www.khitlunge.net.mm/news/news_detail.aspx?info_id=26634

 

About yaungchikha

has written 16 post in this Website..