ရွှေထား မနက်မနက်ဆို လမ်းလျှောက်ဖြစ်တယ် … အိမ်နဲ့မနီးမဝေးတဲ့ အင်းလျားကန်ဘောင်မှာပေါ့ …. မနက်ဝေလီဝေလင်း ၅ နာရီ ၁၅ လောက်ဆို ထွက်လျှောက်တယ် ..
ဘယ်သူမှမပါပါဘူး … တစ်ယောက်တည်း လျှောက်တာပါ …
အိမ်ကနေ ကန်ဘောင်ကို အလွန်ဆုံးမိနစ် ၂၀ လောက်လျှောက်ရတတ်ပါတယ် … ဆိုတော့ ကန်ဘောင်ကိုရောက်ရင် ၅ နာရီ ၃၅ မိနစ်ပေါ့..
အဲ့လိုအချိန်ဆို သူလို ကိုယ်လို လမ်းလျှောက်တဲ့လူတွေ တော်တော်ရောက်နေပါပြီ ….
မိုးမလင်းခင် လမ်းလျှောက်တဲ့လူတွေလည်း ရှိသလို လမ်းမလျှောက်ပဲ ချိန်းတွေ့နေတဲ့ အတွဲလေးတွေလည်းရှိတတ်ပါရဲ့ ….
ထားပါတော့ … အရင်တွေက စိတ်အနှောက်အယှက် မဖြစ်ခဲ့ဖူးဘူး …

ဒီနေ့ကျတော့ ငထားလည်း စောနိုးနေတာနဲ့ ၄ နာရီ ၄၅ မိနစ်နဲ့ ထွက်လျှောက်ဖြစ်တယ် … ထုံးစံအတိုင်း ဘယ်သူမှမပါပါဘူး …
ကန်ဘောင်ကိုရောက်တော့ မနက် ၅ နာရီထိုးကွက်တိ … ရောက်ရောက်ချင်း လန့်သွားတယ် ….
မှောင်လည်းမှောင်နေသေးတယ် … အရင်နေ့တွေလိုလည်း လမ်းလျှောက်သူတွေ မတွေ့မိသေးဘူး …
ဒါပေမဲ့လည်း ရှိမှာပါ .. လမ်းလျှောက်သူတွေ မရှားပါဘူးဆိုပြီး လျှောက်လိုက်တယ် ….
အဲ့လိုတွေးမိပြီး ၁၀ လှမ်းလောက်နေတော့ ………………..

ဘုရား ဘုရား ….. ဒီအချိန်တောင် ဒီနေရာမှာ ဒီလိုတွေ ရှိသလားဆိုပြီး အံ့သြခြင်း ကြီးစွာဖြစ်ရတယ် ….. လန့်လည်းလန့်သွားတယ် …
ငထားမြင်လိုက်တာက လုံးဝ လုံးဝကို အမြင်မသင့်တော်တဲ့ အရှက်တရားမရှိတဲ့ မြင်ကွင်းတွေပါ …
ကန်ဘောင်လျှောက်လမ်းနဲ့ ရေစပ်ကြားမှာ မော်တာထားတဲ့ အိမ်လေးလိုမျိုးလေး ရှိတယ် … အဲ့ပေါ်မှာ ကောင်မလေး ၁ နဲ့ ကောင်လေး ၂ ယောက် ..
ငထားဆက်ပြောရင် မကောင်းတော့လို့ ဒီလောက်နဲ့ သဘောပေါက်ကြမယ်လို့ ထင်ပါတယ် …
တကယ်ပါ … အ၀တ်အစားမချွတ်ရုံ တမယ်ပါ …. ဒီမြင်ကွင်းကို လမ်းမီးခပ်ပျပျနဲ့ မကြည့်ပဲ မြင်လိုက်မိတယ် …
စိတ်ထဲမှာတော့ တော်တော်ကို အရှက်တရားမရှိကြတာပဲ လို့တွေးရင်း အဲ့နားကနေ အမြန်လျှောက်လာလိုက်တယ် …

အဲ … မကြာပါဘူး … ရှေ့နားလောက် ရောက်ပြန်တော့လည်း ချိန်းတွေ့ရင်း လုံးထွေးနေတဲ့ အတွဲ …
တစ်ခါ ကန်ဘောင်လျှောက်လမ်းပေါ်မှာ ကန်ဘောင်လျှောက်လမ်းပေါ်မှာပဲ ငထားနဲ့မျက်နှာချင်းဆိုင် လျှောက်လာတဲ့ ကောင်မလေး ၂ ယောက်ကို နောက်က ကောင်လေး ၂ ယောက်က အတင်းလိုက်ပြီးစကားပြောတာလား ဘာလား ..
အဲ… ကောင်မလေးတွေကလည်း ရိုးပုံတော့ မပေါ်ဘူး … မနက်လမ်းလျှောက်တဲ့ပုံမဟုတ်ဘူး ….
ဟ .. ဘာတွေတုန်းးးးးးး ကျက်သရေယုတ်လိုက်တာ အရမ်းပဲ …
စိတ်ထဲမှာလည်း ငါတော့ အချိန် နာရီဝက်လောက် စောလိုက်မိတဲ့ အမှားပဲဆိုပြီး အထပ်ထပ်ပြောနေမိတယ် ….
ဆက်ပြီးတစ်ခါ ထပ်တွေ့တာက အရက်သောက်ထားတယ်ထင်ရတဲ့ လူတွေ … လူ ၄ ယောက် .. သူတို့ဘေးနားမှာ ဘူးခွံတွေ ပုလင်းခွံတွေနဲ့ … စကားတွေ အော်ပြောနေကြတယ် …
ခုထိလည်း လမ်းလျှောက်တဲ့လူတွေ တွေ့ကိုမတွေ့သေးဘူး …. ငါရော …

ငါရော အန္တရာယ်ကင်းရဲ့လား …. ဘယ်သူမှလည်း မပါဘူး … တစ်ယောက်တည်း …
ပြန်လှည့်ပြန်ရမလား … ဆက်ပဲလျှောက်ရမလား …
ဘုရား ဘုရား
ငထားတော့ ကြောက်လန့်သွားမိတာ အရမ်းပဲ …. အရင်နေ့တွေထက် နာရီဝက်လောက်စောသွားမိတဲ့ ပြသနာက မသေးဘူး …
လမ်းလျှောက်တဲ့လူတွေ မြန်မြန်လာကြပါစေဆိုပြီး ဆုတောင်းနေမိတယ်…
ငါ့ပုံစံကလည်း ဘာမှဖြစ်နေတာမှမဟုတ်တာ … အန်တီအရွယ်မိန်းမကြီး တစ်ယောက် လမ်းလျှောက်တယ်လို့ မြင်ကြမှာပါ ဆိုပြီး ကိုယ့်ကိုယ်ကို အားပေးမိတယ် …
ပြီးတော့ ၀တ်ထားတာက တီရှပ်ရယ် အားကစားဘောင်းဘီရယ် အားကစားဖိနပ်ရယ် .. ဒါပဲ ..
ငါဘာမှဖြစ်မှာမဟုတ်ဘူး … သတိထားရင် ရပြီ … ခဏနေရင် လူတွေ လာကြမှာပဲ … ဆိုပြီး အကြိမ်ကြိမ်ရေရွတ်နေမိတယ် …
တော်သေးတာပေါ့ ….
ကန်ဘောင်တစ်ဝက်ချိုး မြကျွန်းသာရောက်ခါနီးမှာ လမ်းလျှောက်လာတဲ့ လူတွေ… လေ့ကျင့်ခန်းလုပ်နေတဲ့ လူတွေတွေ့တော့မှ သက်ပြင်းချမိတယ် ….

အော်….. စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ဆိုတာလည်း နာရီဝက်လောက်တောင် ပိုစောလို့ မကောင်းပါလား ….

မှတ်ချက်။ ။ ဆူး ညီမ ငယ်တယောက် ရဲ့ ကိုယ်တွေ့ များ ဖြစ်ပါတယ်။
မနက်စောစော အရမ်းစောတဲ့ အချိန် တစ်ယောက်တည်း လမ်းလျှောက်ရင်း တွေ့ကြုံရတဲ့ အဖြစ်အပျက် ဖြစ်ရပ်မှန်လေးပါ။ သတိထားဖို့ စေတနာ ရှေ့ထား တင်ပေးလိုက်ပါတယ်။

About ဆူး

has written 398 post in this Website..