မုံရွာ မီး ၊ ဆုံးရှုံးမှု နဲ ့အာမခံ

ShwemannmayJune 11, 20101min611

၂၀၁ဝ ပြည့်နှစ်ဇွန်လ ၃ ရက် နေ့ နံနက် လင်းအားကြီးတွင် မုံရွာမြို့ ချင်းတွင်း ရတနာဈေး အရှေ့ဘက်တန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးအပေါ်ထပ် ၂၅၃ ခန်း၊ ဈေးအောက်ထပ် ဆိုင်ခန်း ၁၅၃ ခန်းမီးလောင်ကျွမ်းခဲ့ရာ ကျပ်သိန်းပေါင်း ၁၆၅၆ သိန်းဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း သတင်း ရရှိသည်။
၂၀၁ဝ ဇွန်လ ၃ ရက် နံနက် ၃ နာရီ မိနစ် ၃ဝ ခန့်က မုံရွာမြို့ အလယ်ရပ်ကွက် ဗိုလ်ချုပ်လမ်း (မုံရွာ-မန္တလေးလမ်း)နှင့် မိတ်ဆက်လမ်းကြားရှိ ချင်းတွင်းရတနာနှစ်ထပ် ဈေးအောက်ထပ်မှ မီးစတင်လောင်ခဲ့ရာ ဈေး၏အပေါ်ထပ်မှ ဈေးဆိုင် ခန်း ၁၅၃ ခန်း၊ အောက်ထပ်မှ ၂၅၃ ခန်း စုစုပေါင်းဈေးဆိုင်ခန်း ၄၀၆ ခန်းကို မီးလောင်ကျွမ်းခဲ့ကြောင်း မုံရွာမြို့ ဗဟိုမီးသတ်ကြီးမှ စုံစမ်းသိ ရှိရပါသည်။
”နံနက် ၃ နာရီခွဲလောက်မှာ မီးစလောင်ခဲ့တာ နံနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မီးကိုထိန်းနိုင်ခဲ့ပြီး နံနက် ၁ဝ နာရီခွဲမှာ လုံးဝငြှိမ်းသတ် နိုင်ခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၆၅၆ သိန်း ရှိခဲ့ပါတယ်။ မီးသတ် ကား ၃၉ စီး၊ မီးသတ်သမားအနေနဲ့ သန္ဓေတပ်ဖွဲ့ဝင် ၃၆ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၇ရ ဦးပါဝင်ငြှိမ်းသတ် ခဲ့ပါတယ်”ဟု မုံရွာမြို့ ဗဟိုမီးသတ်ကြီး မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။
ချင်းတွင်းရတနာဈေးတွင် ဈေးဆိုင်ခန်းများအနေနှင့် မြေညီထပ် တွင် ၅၆၄ ခန်းရှိရာ အရှေ့ဘက်ခြမ်းရှိ အောက်ထပ်ဈေးဆိုင်ခန်း ၁၅၆ ခန်းကို မီးလောင်ကျွမ်းခဲ့သည်။ ဈေးအပေါ်ထပ်တွင် စုစုပေါင်း ၅၄၂ ခန်းရှိပြီး အပေါ်ထပ်အရှေ့ဘက်ခြမ်း မှ ၂၅၃ ခန်း လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
”စုစုပေါင်း ၁၁၀၆ ခန်းရှိတဲ့ အနက်က ၄၀၆ ခန်း မီးလောင်ခဲ့ပါ တယ်။ စားသောက်ကုန်ဆိုင်တွေ၊ ပန်းကန်ခွက်ယောက်ဆိုင်တွေ၊ ကွမ်း နဲ့ ပစ္စည်းဆိုင်တွေ၊ လူသုံးကုန်ဆိုင်တွေ အပြင်ဈေး စာကြည့်ခန်းလည်းပါ တယ်။ အပေါ်ထပ်မှာကသိုလှောင် တဲ့ဆိုင်ခန်းတွေကများတယ်” ဟု ဒေသခံတစ်ဦးကပြောပြသည်။
”အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကြီးကြပ်ကွပ်ကဲပြီး မီးသတ်ဝန်ထမ်းတွေအပြင် တာဝန် ရှိသူတွေ၊ သံဃာတော်တွေ၊ ပြည်သူ နဲ့ ဈေးသူဈေးသားတွေ လာငြှိမ်းကြတယ်။ မီးသတ်ကားက ရေဦး၊ စိုင်ပြင်၊ ဒီပဲယင်း၊ အလုံ၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ ချောင်းဦး၊ ခင်မွန်၊ မြင်းမူ၊ စစ်ကိုင်း၊ ရွှေဘို၊ အရာတော်နဲ့ မုံရွာမြို့က ရပ်ကွက်ပေါင်းစုံက မီးသတ်ယာဉ်တွေ လာပါတယ်။ ဆည်မြောင်း၊ စည်ပင်၊ ဆောက်လုပ်ရေးဌာနတွေက ရေကား တွေအပြင် ပုဂ္ဂလိကရေသယ်တဲ့ ထော်လာဂျီ ငါးစီးလောက်ပါတွေ့ရတယ်”ဟူ၍ မျက်မြင်ကြုံတွေ့သူ တစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ မုံရွာမြို့ ချင်းတွင်းရတနာဈေး အရှေ့ဘက်တန်း မီးလောင်ကျွမ်း မှုအား(ပ)၂၇၈/၁ဝပုဒ်မ- ၂၈၅ အရ အမှတ်(၁)ရဲစခန်းမုံရွာက စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ချင်းတွင်းရတနာဈေး အရှေ့ဘက်ခြမ်း တွင် မီးလောင်ခြင်းဖြစ်ရာ ဈေးအနောက်ဘက်ရှိ ဆိုင်ခန်းများကို ပုံမှန်အတိုင်း ဆက်လက် ရောင်းချခွင့်ပြုမည်ဖြစ်ကာ မီးဘေးသင့်ဆိုင်ခန်းများအတွက် ချင်းတွင်း ရတနာဈေး အနောက်ဘက် ဗိုလ်ချုပ်လမ်း(မုံရွာ-မန္တလေးလမ်း) အနောက်ဘက်ရှိ မြသလ္လာဈေးလဟာပြင်တွင် ယာယီဈေးဆိုင်ခန်းများ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဇွန်လ ၃ ရက်နေ့က  မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သော မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးကြီး မီးလောင်မှုဖြစ်စဉ်တွင် အဆိုပါဈေးရှိ ဆိုင်ခန်းများအနက် ဆိုင်ခန်းပေါင်း ၁၀ရ ခန်း မီးအာမခံထားရှိထားကြောင်း သတင်းရရှိသည်။ အဆိုပါ အာမခံထားရှိခဲ့သည့် ဆိုင်ခန်းပေါင်း ၁၀ရ ခန်းအနက် ၄၉ ခန်းမှာ မီးလောင်ဆုံးရှုံးမှုထဲတွင် ပါဝင်ခဲ့သည့်အတွက် အဆိုပါဆိုင်ခန်း ၄၉ ခန်းအတွက် မီးအာမခံလျော်ကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရှိရသည်။
အာမခံထားရှိခဲ့သော ဆိုင်ခန်း ၁၀ရ ခန်း၏ အာမခံတန်ဖိုးမှာ ငွေကျပ် ၁၁၂ သန်း ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် အနည်းဆုံးငွေကျပ်သုံးသိန်းမှ သုံးသန်းအထိ အာမခံထားရှိခဲ့ကြသည်ဟု သိရသည်။ မီးလောင်ဆုံးရှုံးမှုတွင် ပါဝင်ခဲ့သည့် ဆိုင်ခန်း ၄၉ ကိုလျော်ကြေးငွေများ ပြန်လည်ပေးအပ်ရာတွင် အလုံးစုံဆုံးရှုံးမှုဖြစ်ပါက ငွေကျပ် ၄၈ ဒသမ၅သန်းခန့် ပေးလျော်ရမည်ဖြစ်ပြီး အလုံးစုံ ဆုံးရှုံးမှုမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာ ဆုံးရှုံးမှုရှိခဲ့ပါက ယင်းပမာဏထက် လျော့နည်းနိုင်သည်ဟု သိရသည်။ အဆိုပါ လျော်ကြေးငွေများကိုလည်း မုံရွာမြို့စည်ပင်သာယာ ဘဏ်မှတစ်ဆင့် အမြန်ဆုံး ပေးအပ်သွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

One comment

  • rat

    June 11, 2010 at 3:51 pm

    မော်လမြိုင်ဈေးမီးလောင်တယ် ။ မန္တလေးက ရတနာပုံဈေးမီးလောင်တယ် ။ သင်္ဃန်းကျွန်းဈေးမီးလောင်တယ် ။
    မင်္ဂလာဈေးမီးလောင်တယ် ။ ဟော…အခု မုံရွာဈေးမီးလောင်တယ် ။ ရိုးကောရိုးကြရဲ.လားမသိဘူး ။

Leave a Reply