ဟိန့်ဇ်၏တစ်လုံးတည်းသောဂိုးဖြင့် အာဂျင်တီးနား နိုင်ပွဲရရှိ

khinmintatthuJune 12, 20101min510

ဇွန်လ ၁၂ရက်နေ့တွင် ဂျိုဟန်ဘတ်မြို့ရှိ အဲလစ်ပတ်စ်ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားခဲ့ သည့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အဆင့် ၄ ပွဲမြောက်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနှင့် နိုက်ဂျီးရီးယားအသင်းတို့ယှဉ်ပြိုင်ကစားသွားခဲ့ရာ တွင် ၆ မိနစ်တွင် အာဂျင်တီးနားအသင်း နောက်တန်း ဘယ်အစွန်လူ ဂယ်ဘရီရယ်ဟိန့်ဇ် သွင်းယူခဲ့သော တစ်လုံးတည်းသောဂိုးဖြင့် အာဂျင်တီးနားတို့ နိုင်ပွဲရရှိခဲ့သည်။

အာဂျင်တီးနားအသင်းသည် နိုက်ဂျီးရီးယားအသင်းကို ယှဉ်ပြိုင်ကစားရန်အတွက် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ရှေ့တန်းတွင် ဟီဂွေအင်နဲ့ တဲဗက်ဇ်တို့ တိုက်စစ်အတွဲကို ပွဲထွက်ကစားစေခဲ့ပြီး ကွင်းလယ်ပိုင်းတွင် ဒီမာရီယာ၊ ဗီရွန်၊ မာရှေယာနို၊ မက်ဆီတို့ ကို အထိုင်ချကစားစေခဲ့ပြီး နောက်တန်းတွင် ဂူတီရက်ဇ်၊ ဆမ်မြူရယ်၊ ဟိန့်ဇ်၊ ဒီမီချယ်လီ တို့ကို နောက်တန်းခံစစ်အမာခံများကို ထားကစားစေခဲ့သည်။ နိုက်ဂျီးရီးယားအသင်းကလည်း အာဂျင်တီးနားအသင်းကို ၄-၅-၁ ကစားကွက်နဲ့ ခံစစ်ဦးစားပေးကစားစေခဲ့ပြီး ယာကူဘူ တစ်ယောက်တည်းကို အထောင်ထားကစားသွားခဲ့သည်။ ပွဲစကတည်းက အာဂျင်တီးနားအသင်း သည် ဂိုးရရှိရန်အတွက်  တိုက်စစ်ဆင်ကစားသွားခဲ့သည်။  ပွဲစပြီး ၃ မိနစ်တွင် နိုက်ဂျီးယားအသင်းမှ ကျောနံပတ် (၁၉) အိုဘာစီ သွင်းယူခဲ့ရာတွင် ဂိုးတိုင်ဘေးထွက်သွားခဲ့သဖြင့်  အာဂျင်တီးနားအသင်း သက်သာရာရခဲ့သည်။ ထို့နောက်ဆက်လက်ယှဉ်ပြိုင်လာကြရင်း အာဂျင်တီးနားအသင်း ထောင့်ကန်ဘောရရှိခဲ့ပြီး ထိုထောင့်ကန်ဘောကို ဗီရွန်မှ ကန်တင်ရာတွင် အသင်းနောက်ခံလူ ဟိန့်ဇ်ခေါင်းတိုက်သွင်းယူခဲ့သဖြင့် အာဂျင်တီးနားအသင်းတို့ အနိုင်ဂိုးစတင် ရရှိခဲ့သည်။ နိုင်ဂျီးရီးယားအသင်းကလည်း ဂိုးပေးလိုက်ရပြီးနောက် ချေပဂိုးရရှိဖို့အတွက် အာဂျင်တီးနားဘက်သို့ တိုက်စစ်ဆင်ခဲ့သော်လည်း ခရီးမရောက်ခဲ့ပေ။ နိုက်ဂျီးရီးယားအသင်းတိုက်စစ်ဆင်ကစားခဲ့ပေမယ့်လည်း အဆုံးသတ်မသေချာမှု၊ ဂိုးသွင်း မကျိန်းသေမှုတွေကြောင့် ဂိုးမရရှိခဲ့ပေ။ နှစ်သင်းစလုံးသူတစ်ပြန်ကိုယ်တစ်ပြန်တိုက်စစ်ဆင် ကစားခဲ့ပြီး ပထမပိုင်း ၁-ဝ ဖြင့် အဆုံးသတ်ခဲ့သည်။

ဒုတိယပိုင်းပြန်စတယ်ဆိုရင်ဖြင့် အာဂျင်တီးနားအသင်းသည် ဂိုးထပ်မံရရှိစေရန်အတွက် နိုက်ဂျီးရီးယားအသင်းဘက်သို့ တိုက်စစ်ဆင်ကစားသွားခဲ့ပေမယ့်လည်း တိုက်စစ်မှူးတွေဖြစ်တဲ့ တဲဗက်ဇ်နဲ့ ဟီဂွေအင်တို့ရဲ့ ဂိုးသွင်းမသေချာမှုတို့တွေကြောင့် ဂိုးမရရှိခဲ့ပေ။ နိုက်ဂျီးယားအသင်း ကလည်း ချေပဂိုးပြန်လည်ရရှိဖို့အတွက် ရသည့်နေရာကပင် ကြုံသလို အဝေးကန်ချက်များဖြင့် အာဂျင်တီးနားဘက်သို့ ပြန်လည်ချိန်းခြောက်ခဲ့ပေမယ့် အာဂျင်တီးနားဂိုးသမားရဲ့ကာကွယ်မှုတွေ ကြောင့် ချေပဂိုးနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ အာဂျင်တီးနားအသင်းအတွက် မက်ဆီ ကြိုးစား ကစားသွားခဲ့ပေမယ့်လည်း နိုက်ဂျီးရီးယားအသင်းနောက်တန်းကစားသမား တွေရဲ့ အကြမ်းပတမ်းဖျက်ထုတ်မှုတွေကြောင့် လှုပ်မရခဲ့ပါဘူး။ နိုက်ဂျီးရီးယားအသင်း ချေပဂိုးသွင်းနိုင်ရန်အတွက် ၅၂ မိနစ်တွင် အိုဘီနာအစား မာတင်ကို လူစားလဲကစားစေခဲ့သည်။  အာဂျင်တီးနားအသင်းအတွက်လည်း အနိုင်ဂိုးသွင်းခွင့်တွေ အများကြီးရရှိခဲ့ပေမယ့်လည်း တိုက်စစ်မှူးတွေအသုံးမချနိုင်ခဲ့မှုကြောင့် ဂိုးမရရှိခဲ့ပေ။ နိုက်ဂျီးရီးယားအသင်းက ၆ဝ မိနစ်တွင် အိုဘာစီကိုထုတ်ပြီး အိုဒန်ဝင်ဂီကို ထည့်သွင်းကစားစေခဲ့သည်။ နိုက်ဂျီးရီးယားအသင်းကလည်း ထပ်မံဂိုးရရှိဖို့အတွက် ၇၉ မိနစ်တွင် ဟီဂွေအင်ကိုထုတ်ပြီး မီလီတိုနှင့်လူစားလဲကစားစေခဲ့သည်။ အာဂျင်တီးနားအသင်းသည် ခြေစွမ်းပိုင်းအသာနဲ့ယှဉ်ပြိုင်ကစားခဲ့ပေမယ့်လည်း ဂိုးသွင်းမသေချာမှု အဆုံးသတ်ညံ့ဖျင်းမှုတွေကြောင့် ဂိုးမိုးမရွာနိုင်ခဲ့ဘဲ ဟိန့်ဇ်၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့်သာ ကျေနပ်လို်က်ရတော့သည်။

အာဂျင်တီးနားအသင်း နောက်တန်းဘယ်အစွန်လူ ဟိန့်ဇ် နိုက်ဂျီးရီးယားအသင်းဘက်သို့ ထိုသို့ ခေါင်းတိုက်သွင်းယူလိုက်စဉ်။