အိန္ဒိယကုန်ပစ္စည်းများ ဝင်ရောက်ရာ မုံရွာမြို့ ချင်းတွင်းရတနာဈေး မီးသင့်ခဲ့သော်လည်း မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိကြောင်း သိရသည်။ အိန္ဒိယကုန်ပစ္စည်းများ တင်သွင်းရောင်းချလျက်ရှိသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ချင်းတွင်းရတနာ(ဈေးသစ်) ဇွန် ၃ရက်နံနက် ၃နာရီ ၅၅မိနစ်တွင် မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၄၀၆ဆိုင် မီးသင့်ခဲ့သော်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုလုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်းသိရသည်။ “ မြန်မာ-အိန္ဒိယကုန်သွယ်မှုအနေနဲ့က တမူးနယ်စပ် နမ့်ဖာလုံဈေးက အဓိကကျတဲ့ဈေးဖြစ်ပါတယ်၊ မုံရွာဈေးအနေနဲ့က အိန္ဒိယဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းများကို ရောင်းချတာဖြစ်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုမှာ ထိခိုက်မှုတွေ မဖြစ်နိုင်ပါဘူး ” ဟု နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်လျက်ရှိရာတွင် နမ့်ဖာလုံဈေးမှာ အဓိကကျသည့်ဈေးတစ်ဈေးဖြစ်ပြီး ထိုဈေးသို့ မူဆယ်၊ မန္တလေး၊ ရန်ကုန်မြို့များမှ ကုန်ပစ္စည်းများတင်ပို့ရောင်းဝယ်လျက်ရှိကာ မီးသင့်ခဲ့ရသည့် မုံရွာဈေးသည် အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်းများတင်သွင်းရောင်းချသည့် ဈေးတစ်ဈေးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံထွက်ကုန်များဖြစ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ ကွမ်းသီး၊ ချင်း၊ ပဲ၊ နနံသီး၊ သစ်စီးများ တင်ပို့ရောင်းချကာ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ၁/၄၀ ချည်ထည်များ၊ ပလစ်စတစ်အကြည်ပြား၊ ပရဆေးကုန်ကြမ်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ တင်သွင်းရောင်းချကြောင်း နယ်စပ်ကုန်သည်တစ်ဦးမှ ပြောဆိုသည်။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏအဖြစ် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀သန်းနီးပါး၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄သန်းနီးပါး ကုန်သွယ်နိုင်ခဲ့ပြီး ကုန်သွယ်မှုများတွင် ဓါတ်မြေသြဇာတင်သွင်းမှု အများဆုံးဖြစ်ကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..