ရှမ်းခေါက်ဆွဲကို မနက်စာအနေနဲ့ စားလေ့ရှိပါတယ်။ ညကထဲကအဆင်သင့်ပြင်ထားမယ်ဆိုရင် မနက်စာကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လုပ်စားလို့ အဆင်ပြေတာမို့ အလွယ်လုပ်နည်းလေး ပြောပြပေးချင်ပါတယ်။

(၄) ယောက်စာအတွက်

ဆန်ခေါက်ဆွဲ (၁) ထုတ်

ကြက်သားရင်ပုံသား ၂ဝ ကျပ်သားခန့်

ခရမ်းချဉ်သီး ၂ဝ ကျပ်သားခန့်

ကြက်သွန်နီ အနေတော် (၃) လုံး

ကြက်သွန်ဖြူ အမွှာကြီး (၄) မွှာ

ဆီ တစ်ဆယ်သားခန့်

ငရုတ်သီးအစိမ်းမှုန့် လိုသလောက်

ရှမ်းမဆလာ(သို့) တရုတ်မဆလာ အနဲငယ်

ပဲငံပြာရည်အကြည်

ပဲငါးပိ

ကြက်သွန်မိတ်

မုန်ညင်းချဉ်

ဆား/သကြား

မြေပဲ/နှမ်း/ကြက်သွန်ဖြူကြော်

ချက်ပြုတ်ပုံအဆင့်ဆင့်

မနက်စောစောစားမယ်ဆိုရင် ဆန်ခေါက်ဆွဲကို ညကထဲကြိုပြီးရေစိမ်ထားရပါမယ်။ ကြက်သားကိုပြုတ်ပြီး အသားတုံးလေးတွေကို သေးသေးလေးတွေလှီးရမယ်။ လှီးပြီးသားအသားကို ဆား၊ သကြားနဲ့ ရှမ်းမဆလာနယ်ပြီး ဆီနဲနဲနဲ့ ခပ်ခြောက်ခြောက်ဖြစ်အောင်ကြော်ရပါမယ်။ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနဲ့ အနီကို ငရုတ်သီးအစိမ်းမှုန့်နဲ့ဆီသတ်ပြီး ခရမ်းချဉ်သီးထည့်ကာ ခရမ်းချဉ်သီးအားလုံးကြေသည်အထိ စိတ်ရှည်ရှည်ချက်ရပါမယ်။ ခရမ်းချဉ်သီးကြေတဲ့အခါ ကြက်သားကြော်ထားတာကိုထည့်ပြီး ဆီပြန်အောင်တည်ရပါမယ်။ ဆားနဲ့ ပဲငံပြာရည်ကို အပေါ့အငံအဆင်ပြေသလိုကြည့်ထည့်ရပါမယ်။

မြေပဲ၊ နှမ်းနဲ့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး ပန်းကန်တစ်ခုထဲထည့်ထားရပါမယ်။

ကြက်သွန်မိတ်ကို ပါးပါးလှီးထားမယ်။

ပဲငါးပိကို အရည်ခပ်ပျစ်ပျစ်ဖြစ်အောင် ဖျော်ထားမယ်။

ဆန်ခေါက်ဆွဲကို အညွှန်းမှာပါတဲ့အတိုင်းပြုတ်ပြီးရင် ပန်းကန်ထဲထည့်ပြီး ကြက်သား၊ မြေပဲထောင်း၊ ကြက်သွန်မိတ်၊ ပဲငါးပိအရည်၊ ပဲငံပြာရည်၊ မုန်ညင်းချဉ် ထည့်နယ်ပြီး စားလို့ရပါပြီ။

ဟင်းရည်အတွက် ကြက်ပြုတ်ရည်ထဲကို ရှမ်းမဆလာနဲနဲ၊ ဆား၊ သကြားနဲ့ ကြက်သွန်မိတ်ထည့်ပြီး သောက်နိုင်ပါပြီ။

ရှမ်းခေါက်ဆွဲအတွက် အဆင်သင့်ပြင်ထားပုံ

သုံးဆောင်နိုင်ပါပြီ ..

About weiwei

weiwei has written 367 post in this Website..

မဂၤလာပါ ....