၁၉၄ရခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အချိန်ကာလဖြစ်ပါသည်။

မကြာမီအတွင်းမှာပင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း အတည်ပြုသည့် တယ်လီဖုန်းသတင်းနှင့် သခင်နု လွှတ်တော်ရုံးတွင် မရှိဟူသော တယ်လီဖုန်းသတင်းကို ဦးစောရရှိသည်။ ခင်မောင်ရင်ထံမှ ဝန်ကြီးအဖွဲ့အစည်းအဝေးလုပ်ဖြစ်ကြောင်း တယ်လီဖုန်းရပြီးလျှင်ရပြီးခြင်း ဦးစောက “ကဲသွားကြမယ်၊ ထကြ၊ ပြင်ကြ´´ ဟုပြောသည်။ အချိန်က ၁ဝ နာရီခန့်။ မိုးအနည်းငယ်ရွာနေသည်။ ကားပေါ်တက်ရန် လှေကားမှအဆင်း ကင်းဗက်ဖိနပ်စီးထားသည့် ယာဉ်မောင်း သုခ ချော်လဲသွားသည်။ “ ဘယ်နှယ့်နေလဲ၊ ဘယ်နှယ့်နေလဲ´´ဟု ဦးစောကမေးသည်။ လဲရာမှထပြီး သုခက “ကိစ္စမရှိပါဘူး´´ဟုပြောကာ ဂျစ်ကားပေါ်တက်သည်၊

နံနက် ၁ဝ နာရီခွဲတွင်လူသတ်သမားများ၏ဂျစ်ကားသည် အတွင်းဝန်ရုံး ( ဝန်ကြီးများရုံး) အတွင်းသို့ရောက်ရှိလာသည်၊ ရုံးပေါ်သို့ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ တက်သွားသည်၊ ထိုစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဗိုလ်ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးပြုလုပ်လျှက်ရှိသည်။ လူသတ်သမားများသည် အမှတ်(၁၂)အင်္ဂလိပ်တပ်မတော် ယူနီဖောင်းများ ဝတ်ဆင်ထားသော်လည်း သူတို့သည် စစ်ဖိနပ်မစီးကြဘဲ ကင်းဘတ်ဖိနပ်အညိုများ စီးထားသည်၊ မောင်စိုးနှင့် သက်နှင်းက ဦးဆောင်၍ ဗိုလ်ချုပ်အခန်းအတွင်းသို့ဝင်မည်ပြုလုပ်သောအခါ ဗိုလ်ချုပ်၏ရုံးအကူကလေးက အစည်းအဝေး လုပ်နေသည်ဟုပြောပြီးတားသည်၊ ကောင်ကလေးကို အတင်းတွန်းပြီး မောင်စိုးက ဦးဆောင်ဝင်သွားသောအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဟေ့-ဟေ့´´ ဟု တစ်စုံတရာပြောမည်ပြုစဉ်မှာပင် မောင်စိုးကဦးဆောင်ပြီးပစ်သည်၊ “ပစ်-ပစ်´´ဟုလည်းပါးစပ်မှအော်သည်၊ ရန်ကြီးအောင်ကို ပစ်ခိုင်းခြင်းဖြစ်သည်၊ ရန်ကြီးအောင်က စတင်းဂန်းဖြင့်ပစ်သည်ဟုထင်သည်၊ ငုံ၍ဝပ်၍ပုန်းနေသူများကို ဒူးထောက်ပြီးပစ်ခတ်သည်၊ ဗိုလ်ချုပ်ထိုင်သည့်ကုလားထိုင်နောက်မှီအမြင့်၏ထိပ်မှ ကနေသော ဒေါင်းရုပ်ကလေးကိုလည်း ထိမှန်သွားသည်၊ ဗိုလ်ချုပ်တို့ကို ပစ်ခက်ပြီးထွက်လာသော လူသတ်သမားများအနက်မှ တစ်ဦးက ပစ်ခက်သံကြား၍ရောက်လာသော ဝန်ကြီးဆရာကြီးဦးရာဇာတ်၏ သက်တော်စောင့် ကိုထွေးကို ပစ်ခက်သွားခဲ့သည်၊ သူတို့သည် လှေခါးမကြီးအတိုင်း ခပ်သုတ်သုတ်အပြေးကလေး ပြန်ဆင်းလာကြသည်၊ လုပ်ကြံသတ်ဖြတ်ရန် အတွင်းဝန်ရုံး(ဝန်ကြီးမှားရုံး)ပေါ်တက်ခါနီးတွင် စိန်ကြီးက ကားမောင်းသူ သုခအား “ကားစက်မရပ်နဲ့´´ဟုမှာခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ကိုပစ်ခက်နေစဉ်မှာပင် ကားကဗြုန်းစားကြီး စက်ရပ်သွားလို့ အားလုံးကားပေါ်ပြန်ရောက်ပြီး စိန်ကြီးက အတင်းနှိုးတော့မှရသည်၊ ကားကစိန်ကြီးမောင်းနေကျကား၊ သုခက ကားမောင်းလာသည်၊ ပစ်ခက်သူများ စိတ်လှုပ်ရှားနေကြသည်၊ မြန်မြန်မောင်းဖို့သာ အခါခါပြောကြသည်၊ နောက်ပိုင်း ဗဟန်းရောက်သောအခါ စိန်ကြီးက သုခကိုဖယ်ခိုင်းပြီး အမြန်ဆုံးမောင်းသည်၊ ဦးစောနေအိမ်ခြံဝင်းဝသို့ ဂျစ်ကားရောက်လာသောအခါ ခါတိုင်းကဲ့သို့ စောင့်မနေရဘဲ အသင့်စောင့်နေသူက ခြံတံခါးကို ဖွင့်ပေးသည်၊ ကားအိမ်ရှေ့ရောက်သည့်အခါတွင် ဦးစောမရှိ၊ အတော်လေးကြာမှ ကန်စောင်းမှတက်လာသည်၊ ထိုအခါ မောင်စိုးနှင့် သက်နှင်းတို့က လက်သီးဆုပ်မြှောက်ကာ “အောင်ပြီ၊အောင်ပြီ´´ ဟု လှမ်းအော်ကြွေးကြော်နှုတ်ဆက်သည်၊ ဦးစောမှာ မျက်နှာမကောင်း၊ ရောက်လာမည့်အန္တရာယ်ကို ကြိုတင်တွက်ဆထားမိဟန်တူသည်၊သို့ရာတွင် သူကလည်း “အောင်ပြီ၊အောင်ပြီ´´ ဟုပြန်လှန်ကြွေးကြော်သည်၊ အိမ်ထဲရောက်၍ထိုင်မိသောအခါ ပစ်ခတ်သူများက “ဘယ်လိုပစ်လိုက်တာပဲ၊ဘယ်လိုဖြစ်သွားတာပဲ´´စသည်ဖြင့် အလုအယက်ပြောကြသည်မှာ ဆူညံနေသည်၊ ထိုနောက် ဦးစောက အရက်တိုက်သည်၊ “ထမင်းစားကြ၊အပန်းဖြေကြ´´ဟု ဦးစောကပြောသည်။

ယင်းလုပ်ကြံမှုသည် နံနက် ၁ဝ နာရီ ၃ရ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာသခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း(ဗိုလ်ချုပ်အကို)၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ အတွင်းဝန်ဦးအုန်းမောင်(အိုင်စီအက်စ်)နှင့်သက်တော်စောင့် ကိုထွေးတို့ ကျဆုံးသွားခဲ့ရသည်၊ ဦးဘဂျမ်း၊ပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေနှင့် အတွင်းဝန် ဦးရွှေဘော်တို့ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပါသည်။

အင်းစိန်ထောင်တွင် နိုင်ငံတော်လုပ်ကြံမှု့ အထူးခုံရုံးဖြင့်စီစစ်ပြီး ဦးစောနှင့် အပေါင်းအပါများကို သေဒဏ်စီရင်ချက်ချမှတ်ခဲ့သော်လည်း ကျဆုံးသွားရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို အစားပြန်မရနိုင်တော့ပါ။ ( ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲက ကိုသန်း(ကြည့်မြင်တိုင်)၏ ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြွမှုကြီးစာအုပ်မှ ကောက်နုတ်တင်ပြပါသည်။)

ထိုကြောင့် မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့မနက်ပိုင်း အင်တာနက်အသုံးပြုသူများ မနက် ၁ဝ နာရီ ၃ရ မိနစ်မှ (၂)မိနစ်ခန့်  အင်တာနက်သုံးခြင်း ခေတ္တရပ်လို့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပေးပါ ဒို့မြန်မာ။

ဖတ်ရှု့အားပေးသူအပေါင်း ကျေးဇူးပါ။

 

About ခင္ခ

ခင္ ခ has written 458 post in this Website..