အဲသည့်နေ့က ဘုံဘေကနေပြီး ဗာရာဏသီကို မနက်အစောကြီးပေါ့၊ တိတိကျကျပြောရရင် 21. 12. 2009 ခုနေ့ မနက်-10 မိနစ်မှာ ဗာရာဏသီ မဟာနဂရီဆိုတဲ့ ရထားကြီးစီးပြီး ခရီးထွက်ခဲ့ကြ တာ သူငယ်ချင်း လေးယောက်၊ ညက အိပ်ပျက်ပျက်နဲ့မို့ နေ့ခင်းစာ စားသောက်ပြီး တရေးတမော အိပ်စက်ကြတာမှာ အတော်ကြီးကို အိပ်ပျော်သွားမိတယ်၊ တ၀ုန်းဝုန်း တရုံးရုံးနဲ့အသံကြားလို့ အိပ်စက် မှုကနေ လန့်နိုးလာတယ်၊ ကြည့်လိုက်တော့ ဘူတာတစ်ခုမှာ ရဲတွေနဲ့အတူ လက်ထိပ်ခက် ခံထားရတဲ့ လူငါးယောက်…

လက်မှတ်စစ်ရောက်လာလို့ မေးကြည့်တော့ ရထားလက်မှတ်မပါဘဲ ခိုးစီးလာလို့တဲ့၊ နောက် နှစ်ယောက်ကျန်သေးတယ်၊ တူတူပဲ ခက်လှမ်းလှမ်းမှာ လက်ထိပ်တန်းလန်းနဲ့ ပါသွားပြန်တယ်၊ အဲဒီနှစ်ယောက်ကတော့ ဘူတာလွန်ပြီးစီးလာလို့တဲ့၊ ငါးယောက်က လက်မှတ်မဲ့၊ နှစ်ယောက်က ၀ယ်ထားတဲ့ လက်မှတ်ထက်ကျော်ပြီး ခရီးဆက်လိုက်ကြတာ၊ မပေးနိုင်လို့လား၊ ပေးနိုင်လျက်နဲ့ ခိုးချင်တာလား၊ မသမာတဲ့အလုပ်ကို လုပ်ချင်တာလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်၊

အင်း… ဒါကတော့ ခုဘ၀လေးတစ်ခုထဲက ရထားစီးတဲ့နေရာက မသမာတဲ့ ခရီးသွားလက်မှတ် ကိစ္စပေါ့…

ဒါမျိုးတွေကလည်း လောကမှာ ဖြစ်လေ့ဖြစ်ထ၊ ရှိလေ့ရှိထဖြစ်နေတဲ့ ကိစ္စတစ်ခုပါပဲ၊ ကားပဲဖြစ်ဖြစ်၊ ရထားပဲဖြစ်ဖြစ်၊ သင်္ဘော မော်တော်ပဲဖြစ်ဖြစ်ပေါ့၊ လိမ်ညာမှုတွေ မသမာတဲ့အမှုတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ…

သံသရာခရီးကြီးမှာရော…

သံသရာခရီးကြီးကတော့ ဘ၀နဲ့ယှဉ်ရင်ဖြင့် ဘာမှကိုမနှိုင်းယှဉ်သာလောက်အောင် ရှည်လျား လှပါပေတယ်၊ ဘ၀တစ်ခုဟာ သံသရာနဲ့စာလိုက်ရင် အနန္တသူရိယအမတ်ကြီးရဲ့ စကားနဲ့ပြောရရင်ဖြင့် သမုဒ္ဒရာထက် ခဏလေးတက်လာတဲ့ ရေပွက်လေးပမာပါပဲ၊ ရေပွက်လေးဟာ ခဏလေးတက်လာပြီး တာနဲ့ ရေထဲ ပြန်ရောသွားတာပါ၊ တကယ့်ကိုခဏလေးပါ၊ အဲဒီလို ခဏလေးတွေနဲ့ သံသရာမှာ ဘယ်လောက်ဆုံရဦးမယ်ဆိုတာတော့ မသိရဘူးပေါ့၊ ဒါပေမယ့် ခုရထားတဲ့ ခဏလေးက သိပ်တန်ဘိုး ရှိတဲ့ခဏလေးပါပဲ၊ ဒီနေရာက တကယ့်ကို လမ်းဆုံဘူတာကြီးပဲလေ၊ ဘယ်ခရီးကိုသွားချင် သွားချင် ဟောဒီခဏလေးဘူတာကြီးမှာ လက်မှတ်ဝယ်လို့ရတယ်၊ လက်မှတ်ဖြတ်လို့ရတယ်၊ ဒါပေမယ့် ကိုယ်ဝယ်တဲ့ လက်မှတ်ဟာ ကိုယ်သွားလိုရာနေရာ အရပ်ဒေသကို အတိအကျဖြစ်ဘို့တော့လိုတယ်၊ သွားလိုတာက ဟို…ဂိတ်ဆုံး၊ ဖြတ်ထားတဲ့လက်မှတ်က ၀ယ်လာတဲ့လက်မှတ်က ကြားဘူတာ လောက်နဲ့ဆိုရင်လည်း ကိုယ်လိုရာ မရောက်နိုင်သေးဘူး၊ ခိုးစီးသွားရင်လည်း ရုံးရောက် ဂတ်ရောက်၊ ဒဏ်ရိုက်ခံရ၊ အချုပ်ကျခံရ ဖြစ်ဦးမယ်။

ဒီတော့ သွားလိုတဲ့နေရာ သွားလိုတဲ့အရပ်ကိုရောက်နိုင်တဲ့ အဖိုးအခပေးရလိမ့်မယ်၊ ပြောခဲ့ပြီပဲ ဒီခဏလေးဆိုတဲ့ လူ့ဘ၀လေးက လမ်းဆုံဘူးတာကြီးလို့၊ ခရီးစုံကို ဒီနေရာကနေ လက်မှတ်ဝယ်လို့ ရတယ်၊ ဖြတ်လို့ရတယ်လို့လေ၊ ခရီးသွားလက်မှတ်ဖြတ်ဘို့ အဖိုးအခပေးပြီး လက်မှတ်ဝယ်ဘို့ကတော့ ကိုယ့်တာဝန်ပါပဲ၊ ကြိုက်တာရွေးပေါ့။

လူ့ဘ၀ဆိုတဲ့ ဒီဌာနကို ပြန်လာချင်သလား၊ ပြန်လာနိုင်တဲ့ ဒါန, သီလ, ဘာဝနာ-ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေ ပေးဝယ်ရမယ်၊ နတ်ပြည် ဗြဟ္မာ့ပြည်ကိုသွားလိုသလား၊ ဒါဆိုရင်လည်း အဲဒီနတ်ပြည် ဗြဟ္မာ့ပြည်ကို ရောက်နိုင်တဲ့ ဒါန, သီလ, ဘာဝနာတွေပေးပြီး အဲဒီလက်မှတ်ကို ၀ယ်ရ မယ်၊ အပါယ်လေးဘုံဖြစ်တဲ့ မကောင်းသူတို့လားရာ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် ဒေသတွေကို သွားလိုသလား၊ ဒါဆိုရင်လည်း အဲဒီကိုရောက်နိုင်တဲ့ အကုသိုလ် ဒုစရိုက် မကောင်းမှုတွေကို လုပ်ရမယ်၊ ဒါန, သီလ, ဘာဝနာတွေရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ လမ်းဆုံးဘူတာကြီး ကတော့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကြီးပေါ့၊ အဲဒီကို သွားမလား၊ အဲဒီကို သွားချင် ရင်တော့ လမ်းဆုံး ဂိတ်ဆုံး ပန်းတိုင်ဖြစ်တဲ့ အဲဒီဘူတာကြီးကို ရောက်နိုင်တဲ့ ဒါန, သီလ, ဘာဝနာတွေ ကို ကြိုးစားပြီး မဆုတ်မနစ်လုပ်ရမယ်။

လမ်းဆုံးဘူတာကြီးအထိ လက်မှတ်ဖြတ်ပြီးပြီဆိုရင်တော့ အဲဒီကြားမှာရှိတဲ့ ဘူတာတွေဖြစ်တဲ့ ကောင်းသူတွေ သွားတဲ့၊ လားတဲ့၊ ရောက်တဲ့၊ နေထိုင်ကြတဲ့ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တွေကို အလည်အပတ်အဖြစ် ၀င်ရောက်လှည့်လည်လို့ ရသေးတယ်၊ ဘာကြောင့်ဆို ကိုယ့်လက်မှတ်က ခရီးဆုံးထိဖြစ်တဲ့ ဂိတ်ဆုံးဘူတာကြီးကို တန်ဘိုးနဲ့အညီ ပေးဝယ်ထားတာကိုး၊ ဘယ်သူကမှ အစစ် အဆေး အမေးအမြန်းရှိမှာ မဟုတ်ဘူး၊ စစ်ဆေးလာရင်လည်း ရင်ကော့ပြီး ၀ယ်လာခဲ့ ဖြတ်လာခဲ့တဲ့ လက်မှတ်ကို ထုတ်ပြလိုက်ရုံပဲပေါ့၊ ဘာမှအခက်အခဲ ကြောက်ရွံ့ထိပ်လန့်စရာ အားငယ်စရာမရှိ ဘူးလေ၊ အကြောင်းကတော့ ကိုယ့်ဘက်က လိုအပ်တာမှန်သမျှ ပြည့်စုံနေတာကိုး။

ဒီတော့ ခရီးလမ်းဆုံ ဘူတာကြီးမှာ ရောက်နေတုန်း၊ စဉ်းစားကြ၊ ဆင်ခြင်ကြ၊ သုံးသပ်ကြ၊ ငါ ဘယ်ကိုသွားချင်တာလဲ၊ ဘယ်အထိရောက်အောင် သွားမှာလဲ၊ ဘယ်လိုသွားချင်တာလဲ၊ မပင်မပမ်း သံသရာခရီးလမ်းကို သွားချင်တာလား၊ ဆင်းရဲဒုက္ခတွေ အဖုံဖုံ၊ အငတ်ငတ် အပြတ်ပြတ်နဲ့ သွားချင် တာလား၊ ခရီးဆုံးကို ရောက်ရင်ပြီးရော၊ ဘယ်လိုပဲ သွားရ သွားရ၊ သွားမလား၊ စသည်ပေါ့ ဆင်ခြင်ပါ၊ စဉ်းစားပါ၊ သုံးသပ်ပါ၊ ပြီးမှ ဆုံးဖြတ်ပါ။

သံသရာခရီးကို ခရီးရိက္ခာ ပြည့်ပြည့်စုံစုံနဲ့ မပူမပင် သွားချင်တယ်ဆိုရင် ဒါနကိုအားထုတ်ပါ၊ အနာရောဂါ ဘေးအန္တရာယ် ကင်းကင်းနဲ့ သွားလိုတယ်ဆိုရင် သီလကိုစောင့်ထိန်းပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မြန်ရောက် မြန်မြန်အေးတယ်လို့ဆိုရင်ဖြင့် ၀ိပဿနာဘာဝနာတရားများကို ကြိုးစားပြီးအားထုတ်ပါ၊ ခရီးတစ်ခုလုံး အားလုံး ပြည့်ပြည့်စုံစုံနဲ့ သွားလိုတယ်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ၊ အစားအနေပြည့် ပြည့်စုံစုံ၊ ရောဂါဘယကင်းကင်းနဲ့ သွားလိုတယ်ဆိုရင်ဖြင့် ဒါန, သီလ, ဘာဝနာတရားများကို အချိုးညီညီ ကြိုးစားအားထုတ်ပါ၊ ဒါဆိုရင် ခုရောက်နေတဲ့ဘူတာကြီးကနေ ပြည့်စုံတဲ့ လက်မှတ် ဖြစ်သွားပါပြီ၊ ဒီလိုမှမဟုတ်ရင်ဖြင့်…

ဘ၀သံသရာ ခရီးက အရှည်ကြီး၊ ဖြတ်ထားတဲ့လက်မှတ်က မပြည့်စုံဘူး၊ ကိုယ့်မှာ ဖြတ်နိုင်တဲ့ အင်အား မပြည့်ဘူး၊ အားမစိုက်ဘူး၊ အားမထုတ်ဘူးဆိုရင်ဖြင့် သံသရာဝဲ သြဃထဲမှာ တစ်ဝဲလယ်လယ်နဲ့ မြုပ်ချည်တစ်ခါ၊ ပေါ်ချည်တစ်လှည့်နဲ့ လည်နေကြရဦးမှာပါပဲ၊ လယ်တီဆရာတော် ဘုရားကြီးရဲ့ ဟောဒီစကားလေးကို မှတ်သားကြစေချင်ပါတယ်….

ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား…

ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား…

ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား…

ပြီးရင် မြန်မာ့သတင်းစာ နာရေးကြော်ငြာကဏ္ဍမှာ ပါလေ့ပါထရှိတဲ့ ဒီကြော်ငြာလေးကို ဆက်ပြီး ဖတ်ကြည့်ပါဦး…

သိမ်ကျောင်း ရဟန်း ဒါယကာကြီး၊ ဦးလွန်းဖေ အသက် (၉၈)နှစ်

အင်ဂျင်နီယာကြီး ဒေါက်တာမျိုးမြင့်၊ အသက် (၇၅)နှစ်

ကျောင်းအစ်မကြီး ဒေါ်ဒေါ်ဥ၊ အသက် (၆၀)နှစ်

အငြိမ်းစား ဗိုလ်မှူးကြီး ကြီးမြင့် အသက် (၆၅)နှစ်

ဒေါက်တာ မေနှင်းပန်၊ အသက် (၃၅)နှစ်

တက္ကသိုလ်ကျောင်းသား မောင်ဟန်မင်းသူ၊ အသက် (၂၃)နှစ်

သားသားလေး မောင်ချစ်ဦး၊ အသက် (၁၀)နှစ်

ချစ်ညီမလေး၊ မေပုလဲ၊ အသက် (၁၀)လ

ဒီလိုသတင်းမျိုးလေးတွေဟာ နေ့စဉ်နီးပါး ပါခဲ့ပါတယ်၊ ပါနေပါတယ်၊ ပါနေဦးမှာပါ…

ဆိုတော့……

About toyo

toyo 1960 has written 41 post in this Website..

good site...