တစ်နှစ်သာသာပဲနေဖူးတဲ့ မြို့ကတောင်
Identity Cardလေးပြလိုက်နိုင်ရင်…
အားရ၀မ်းသာ ကြိုဆိုသေးတယ်…
ခုတော့ ၂၅နှစ်စာ ရှင်သန်ခဲ့ဖူးတဲ့မြေပေါ်ခြေအချ…
ဖြည့်လိုက်ရတဲ့စာရွက်တွေ….
အမေလို့ခေါ်ဖို့အရေး…. မွေးစာရင်းပြန်တောင်းနေသလိုပါပဲလား…

အပြောင်းအလဲတဲ့….
တတ်လဲတတ်နိုင်လွန်းတယ်….
ကျားကြောက်နေရတဲ့ဘ၀ နေသားကျနေမှတော့….
ဘယ်အချိန်ပေါ်လာမယ်မှန်းမသိတဲ့ ရှင်ကြီးဆိုတာကို
ကြောက်စရာမလိုဘူးတော့မပြောပါနဲ့တော့…..

ဖော်ရွေတယ်တဲ့…
နားလည်မှုဆိုတဲ့…. တစ်ဆုံးတိုင်အဓိပ္ပါယ်ရောက်တဲ့စကားလုံးကို
ထည်လဲသုံးတတ်တဲ့…ယူနီဖောင်းဝတ်တွေကိုပြောတာလား…

နွေးထွေးတယ်တဲ့…
အလုံပိတ်အဲကွန်းကားပေါ်က….မွေးပွအင်္ကျီနဲ့လူကပြောတာလား….
(ဒါမှမဟုတ်)….
နေရောင်ပြင်းပြင်းအောက်က..မှိန်ဖျော့ဖျော့မျှော်လင့်ချက်မျက်ဝန်းပိုင်ရှင်
ဆုတောင်းသံတရစပ်နဲ့ အမယ်အိုကပြောတာလား….

ငွေ့ငွေ့လေးကျန်တဲ့ တနင့်တပိုးမျှော်လင့်ချက်တွေ…
ခဏပြန်အသက်သွင်းကြည့်တယ်….
(ခုချိန်ထိ) ဘာလို့များ ကာရန်မညီနိုင်သေးတာလဲ…..

ခြေစုံကန်တယ်လို့သာ အားမနာတမ်းပြောလိုက်ပါ….
ရန်ကုန်ရေ……
နင့်အရိပ်က.. ငါ့အတွက်တော့ တော်တော်ပူနေသေးတယ်…

About Win Paing Soe

Win Paing has written 7 post in this Website..

   Send article as PDF