သီချင်းသံသည် မတိုးမကျယ်ဖြင့် ဖုန်းအတွင်းမှ ထွက်နေသည်။ ဆိုင်ပိတ်သိမ်းချိန်ရောက်ပြီဖြစ်သည့်အတွက် ကိုရင်ရှူံးသည်လည်း တိတ်ဆိတ်မှုကို ဖြိုခွင်းရန်အတွက်သော်လည်းကောင်း၊ တစ်နေ့တာ ပင်ပန်းမှုကို ဖြေဖျောက်ရန်အတွက်သော်လည်းကောင်း ဖွင့်ထားရာမှ Adele ၏ သီချင်းတစ်ပုဒ်အရောက်တွင်မတော့ ခပ်တိုးတိုးလိုက်ငြီးသွားနေရင်းမှ ဖြတ်ကနဲသတိရလိုက်မိသည်။ သီချင်းစာသားလေးမှာ..

“Never mind, I’ll find someone like you I wish nothing but the best for you, too
Don’t forget me, I begged, I remember you said
Sometimes it lasts in love, but sometimes it hurts instead
Sometimes it lasts in love, but sometimes it hurts instead… ”

” ………… ”

သီချင်းသံသာ ဆက်လက်ထွက်ပေါ်လာသည်။ ကိုရင်ရှူံးနှုတ်ဖျားမှတော့ ဆက်လက်သီဆိုနိုင်ခြင်းမရှိတော့ပေ…

သူမနှင့်တူသောသူတစ်ယောက် ရှာပါမည်ဟု နှုတ်ဖျားမှ ထွက်နိုင်ပါရက်၏လော…? ထိုကဲ့သို့ရှာခဲ့လျင်ကော သူမလောက် ချစ်နိုင်ပါတော့မည်လော..? မေ့မသွားလိုက်ပါနဲ့ဟု တောင်းပန်နေရုံမျှနှင့်ရော ကိုရင်ရှူံး တင်းတိမ်ရောင့်ရဲနေနိုင်ပါမည်လော..?

မတွေးနိုင်တော့ပဲ သီချင်းတစ်ပုဒ်ပြောင်းဖွင့်လိုက်ပြီး စိတ်ခွန်အားတက်စေရန် ဆိုရတော့သည်။ ” You raise me up ” သီချင်းသည် ကိုရင်ရှူံးစိတ်ပျက်အားငယ်တိုင်း ခွန်အားများ အသစ်တစ်ဖန်မွေးဖွားစေခဲ့လေသည်။ ယခုအကြိမ်တွင်လည်း အတန်ငယ်သက်သာသွားစေနိုင်ခဲ့ပါသည်။ သကြားမပါ Black Coffee တစ်ခွက်ကို ခပ်ပြင်းပြင်းလေးဖျော်ပြီး မော့သောက်လိုက်သည်။ ရင်တွင်းသို့ ခါးသက်စွာ စီးဝင်သွားသည်။ နှလုံးသားမှာ ခါးနေပြီးဖြစ်သောကြောင့် ပိုမိုခါးခြင်းမခံစားရတော့ပဲ အခါးတစ်ခု၏ ချိုမြိန်ခြင်းကို အတန်ငယ်ခံစားလိုက်ရသည်။

ခါးသက်ခြင်းဆိုသည်မှာ အမှန်တော့ သကြားတစ်စက်ကို ပိုချိုမြိန်စေနိုင်ရန်အတွက်သာဖြစ်သည်။ ထို့အတွက်ကြောင့်ထင်

ဂရုစိုက်ခြင်းအနည်းငယ်ဖြူးထားသော မြန်မာစကားလုံးတစ်ချို့ကို မျက်လုံးမှ မြင်နေရချိန်တွင် လွန်စွာမှပင်အရသာရှိလှသည်။ မျှော်လင့်ခြင်းကင်းမဲ့နေသူကို အိမ်မက်အချို့ လှပစွာ မြင်မက်စေနိုင်လေသည်။ အသက်ရှူကျပ်နေခဲ့သည့် သက်ရှိသတ္တ၀ါတစ်ကောင်ကို သက်ပြင်းမောတစ်ချက်ထွက်စေနိုင်ခဲ့ပြီး ခေါင်းတစ်ခါခါ လည်တစ်ခါခါဖြင့် ဇွတ်အတင်း လက်ရှိအဖြစ်မှန်ကို လက်ခံစေနိုင်ခဲ့သည်။

လူတစ်ယောက်၏ ဖြစ်တည်ခြင်းတစ်ခုကို ပကတိရိုးသားစွာ မမြင်နိုင်ကြပဲ မရိုးသားဟူသော အကြောင်းပြချက်ဖြင့် လူယုတ်မာလုံးလုံး ဖြစ်စေကြလေသည်။ ကောင်းမွန်စွာ ရှင်သန်ခြင်းတစ်ခုကို ဖြစ်ညှစ်မွေးယူနေသောသူကို မရမက လူဆိုးလူညစ်ဖြစ်စေရန် တွန်းပို့တတ်ကြပြန်သေးသည်။ ကိုထီး၏ သီချင်းတစ်ပုဒ်လိုပင် “ကောင်းကွက်တွေ ထောင်ချီပေမယ့် ဆိုးကွက်တစ်ခု ၀င်လာတာနဲ့ အကုန်ပျက်ရပြီ” ဆိုသည်မှာ သီချင်းစာသားသက်သက်သာမဟုတ်ပေ၊ ဘ၀ခံစားချက်သရုပ်ဖော်သာဖြစ်သည်။

ပိတ်ရက်မရှိသည့် အလုပ်ကို နေ့ရက်တိုင်း အချိန်များစွာပေးပြီး လုပ်နေဖြစ်သည်။ နားရက်ပေးသော်မျှ မနားချင်တော့ပေ၊ အလုပ်ကို ကြိုးစားနေသည်ဟု ထင်ကောင်းထင်ကြပေလိမ့်မည်၊ အမှန်မှာတော့ ပကတိ အဖြစ်မှန်ဘ၀မှ ထွက်ပြေးလွတ်မြောက်စေခြင်းအလို့ငှာ ကိုယ့်ကိုယ်ကို ဒါဏ်ခတ်ထားခြင်းဖြစ်သည်။ အနားယူခြင်းဆိုလျင် စိတ်ရော၊ ကိုယ်ပါ အနားရမှ အနားယူခြင်းလဲ မြောက်ပေမည်။ ရင်ဘတ်တစ်ခြမ်းပါ အဆစ်ပါပြီး အနားမယူနိုင်ပဲ တစ်ဆစ်ဆစ်ကိုက်ခဲနေသဖြင့် အနားယူခြင်းမပြုတော့ပေ။

တစ်ချိန်ကမူ….

မိုးလင်းသည်နှင့် ကျက်သရေမင်္ဂလာရှိလှသော မျက်နှာလေးကို မြင်တွေ့ရပါ၏

လွန်စွာမှပင် သာယာညွတ်ပျောင်းဖွယ်ရာ တစ်ယုတစ်ယ စကားလေးများကို မြင်ရပါ၏။

ချိုသာသော ခွန်းနှုတ်ဆက်ခြင်းဖြင့် ကောင်းမွန်စွာ နိုးထခဲ့ရပါ၏။

ယခုတော့ ကိုရင်ရှူံးတစ်ယောက် အိပ်မပျော်နိုင်မည့် ညတစ်ညနှင့် ဖက်ပြိုင်ရန်ဖြစ်ရန်အလို့ငှာ ဆိုင်ကိုမီးပိတ်၊ စက်များကိုသေချာစွာ စစ်ဆေးပြီးနောက် သော့ကိုခတ်လိုက်ကာ တစ်နေ့တာအတွက် ခဏတာ အနားယူရာ အသိုက်လေးဆီသို့လှမ်းရင်းနှင့်… ခေါင်းမှာ မြေကသိုဏ်းရှူလျက်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..