ချိုသော မက်မန်းသီးများ  နှင့် ကလောမြို့..…

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (11)…     

ကျမတို့ ကလောမြို့တွင်းလမ်းလျှောက်ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ ကလောဘူတာ၊  ကလောHotel ၊ ပန်းခြံ စသည်ဖြင့် တစ်မြို့လုံးကို ခြေတိုအောင် လျှောက်ခဲ့ကြပါတယ်…

ကလောHotel  ကို ဘူတာရုံဘေးနားရှိ မီးရထားသံလမ်းဘေး ဖြတ်လမ်းကလေးကသွားကြပါတယ်…

အဲ့ဒီမှာ ကျမတို့ တစ်ဖွဲ့လုံး ပျော်၇ွှင်စွာတွေ့မြင်ခဲ့ရတာကတော့ ခြံတိုင်း၊အိမ်တိုင်းမှာ ရှိနေတဲ့ မက်မန်းသီး  ရောင်စုံ တွေဘဲဖြစ်ပါတယ်…

ခြံထဲက အပင်တွေမှာ၊ခြံပြင်ကို ထွက်နေတဲ့ အကိုင်းတွေမှာ ၊လက်လှမ်းမှီရာ ၊လှမ်းမမှီရာမှာ အစိမ်း၊ အ၀ါ ၊ လိမ္မော် ၊ အနီ ၊ အညို တစ်ကယ်ကို အသီးရောင်စုံ ပါဘဲ…

1…မက်မန်းသီး ကိုင်းသေးသေး…

2… မက်မန်းသီး ကိုင်းကြီးကြီး…

3…အစိမ်း၊အ၀ါ …

4…အစိမ်း၊အနီ…

5…လှမှလှ မက်မန်းသီး …

မက်မန်းသီးတွေ မြင်မှတော့ ခြံပြင်ရောက်တဲ့ အသီး၊ မှီတဲ့ အသီးတော့ ခူးမိတာပေါ့နော်…

ဟဲ့ လူတွေရှိတယ်…ပြောခူးကြမလား…ရပါတယ် တစ်လုံးနှစ်လုံးဘဲဟာကို…

စသည်ဖြင့် ကျမတို့ ဘာသာ အမေးအဖြေလုပ်လို့ ခူးဖို့ပြင်နေတုန်းမှာဘဲ…

ကလေးမတို့..ဒီမှာလာခူးကြပါ…

ပြောသံကြားတော့ တစ်ယောက်မှ မငြင်းကြဘဲ ဟုတ်..ဟုတ် ဆို ခြံထဲရောက်ကုန်ကြပါတယ်…

ဝိုး……ခြံထဲက မက်မန်းပင်တွေမှာ အသီးတွေ ပြွတ်ခဲနေတာဘဲကိုး….လှလိုက်တာ….

ဖြတ်သွားဖြတ်လာ ဧည့်သည်များကို ပေးခူးကြောင်း၊ အနီသီးမှာ အချိုသီးဖြစ်ကြေင်း ခြံရှင်မှ ပြောပြပါသည်။

စားကြည့်ရာတွင်လည်း အမှန်ပင် ချိုပါသည်။ ကျမတို့ ခူးလည်းခူး ဓါတ်ပုံလည်းရိုက်ခဲ့ကြပါသည်။

ကျေးဇူးတင်ပါတယ် မက်မန်းခြံရှင်ရယ်…

6…ပြွတ်ခဲနေတဲ့ မက်မန်းသီး အစိမ်းများ…

7…အနီရောင် မက်မန်းချိုသီးမျာ…

8… မက်မန်းသီး တစ်ပန်းကန် …

9…မြင်မှ မီးရထား …

မက်မန်းသီးများခူးပြီး ဆက်လျှောက်လာကြစဉ် မလှမပ ရထားတစ်စီးဖြတ်သွားလို့ မှတ်တမ်းတင်ရင်း ပြုံးမိခဲ့ရသေး…

ကားပေါ်မှာ ဖွင့်တဲ့ စာပေဟောပြောပွဲမှာ ပြောတာလေးပါ…ဘယ်မှာ၊ဘယ်သူတွေလဲတော့ မသိပါနော်…

အညာမှာတဲ့ အညာသူ၊အညာသား စကားမပီပါတဲ့…လွင်ကို လွန်၊ ကွမ်း ကို ကွင်း စသည်ဖြင့်ပြောကြပါတယ်တဲ့…

မြန်မာ့ မီးရထား လာပြီပြောပါဆိုရင်တော့   မြင်မှမီးရထားလာပြီ  ပေါ့တဲ့ ဟိဟိ…

မြင်မှလာတယ်မှတ်ရတဲ့ ရထားအချိန် တိကျပုံများလေ…

10…မက်မန်းသီး ခူးကြသူများ…

မက်မန်းသီးတွေခူးပြီးကြရင် ပန်းကလေးတွေ ဘယ်လောက်လှလဲ ကြည့်ဘို့

ရထားလမ်းဘေးလေးကနေ ကလော Hotel ၊ ပန်းခြံတို့ကို ဆက်လျှောက်ကြရအောင်နော်…

ခင်တဲ့

မအိ

 

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..