ဒီပိုစ့်ဟာ ဒီ မန်းဂေဇက် ဆိုက်အတွက်ပဲ သီးသန့် ရေးမိတဲ့ ပိုစ့်ပါ။ ဇူလိုင်၊ သြဂက်စ် လောက်မှာ စပြီး အခြေပြု (တယ်လို့ ထင်ရတဲ့) မန်းဂေဇက် ချစ်သူများ စာပေဆု ဆိုတဲ့ အကြောင်းကို ကိုအောင်မိုးသူ ဆီကနေ အခုမှ သိရတယ်။ သိသိချင်း ဂေဇက် ထဲမှာ ဒီဆုနဲ့ ပတ်သက်တဲ့ ပိုစ့်တွေကို လိုက်ရှာ ကြည့်မိတယ်။ ဒီလို ဆုရွေးချယ်ရေး ပုံစံမျိုးကို အခု ကျွန်တော်တို့ ဆီမှာ ခေတ်စား နေတဲ့ Ning Social Website အချို့မှာ ပြုလုပ် နေကြတာကို မြင်ဖူး နေကျပါ။ ဒါပေမယ့် ကျွန်တော် သိပ်ပြီး အားမရဘူး။ အဲဒီ ဆိုက် တွေထဲမှာ ရှိတဲ့ စာပေ အဆင့်အတန်းနဲ့ အကဲဖြတ်သူ တွေရဲ့ ဝမ်းစာ (ဒီလူတန်းစား နှစ်မျိုးကို ရှုံ့ချ လိုခြင်း မဟုတ်ပါ။ လက်ရှိ အခြေအနေ အပေါ် တည့်တည့် ရှုမိရုံ ဖြစ်ပါတယ်၊ အဲဒီ စကားအပေါ် နားလည် ပေးစေလို ပါတယ်) တွေကို တစေ့ တစောင်း မြင်မိလို့ အားမရ မိသေး တာပါ။

အခု မန်းဂေဇက်က တစ်လ တစ်ကြိမ် ဒီလို ဆုမျိုးကို ရွေးချယ် ပေးမယ် ဆိုတာ သိရတော့ ဝမ်းသာ မိတယ်။ ဒီဆိုက် ထဲက လူအချို့နဲ့ လေးပေါက် (ကိုပေါက်-မန္တလေး) ရန်ကုန်ကို လာတုန်းက တစ်ကြိမ်သာ တွေ့ဖူး ပါတယ်။ ဆိုက်ထဲ မှာလည်း ကျွန်တော်က စာဖတ်ရုံ ဖတ်ပြီး မှတ်ချက် သိပ်ပေးလေ့ မရှိတော့ အွန်လိုင်းမှာလည်း ခင်တဲ့လူ ဒီဆိုက်ထဲမယ် နည်းပါတယ်။ ဒီဆိုက်ထဲက လူတွေနဲ့ ကျွန်တော် ကောင်းကောင်း မသိကျွမ်း ဖူးပေမယ့် ဒီဆိုက် အကြောင်း ကိုတော့ ကျွန်တော် သိပါတယ်။ စာပေ အဆင့် အတန်း မြင့်တယ်လို့ ပြောလို့ရတဲ့၊ စာရေး ကောင်းသူတွေ စာဖတ် “နာ” သူတွေ အများကြီး စုဝေး နေတဲ့ ဆိုက် ဆိုတာကို ကျွန်တော် ခပ်စောစော ကတည်းက သတိပြုမိ ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီလို ဆိုက်မျိုးက ဒီလို ဆုရွေးချယ် မှုမျိုး လုပ်တဲ့ အပေါ်မှာ အတော် ဝမ်းသာ ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ရသစာပေ ဖွံ့ဖြိုးမှုမှာ ဒီဆိုက်ရဲ့ လုပ်ဆောင်ချက် တွေက သမိုင်း မှတ်တိုင် တစ်ခု အဖြစ် ကျန်ခဲ့မယ်လို့ ယုံကြည် ပါတယ်။ စဉ်ဆက် မပြတ် နှစ်ရှည်လများ လုပ်ဆောင် သွားနိုင်ဖို့ မျှော်လင့် ပါတယ်။

ခုနက စကားစ ပြန်ကောက် ချင်ပါတယ်။ ဒီဆု ရွေးချယ်မှု အကြောင်း သိသိချင်း သက်ဆိုင်ရာ ပိုစ့်တွေကို လိုက်ရှာ ဖတ်ကြည့် မိပါတယ်။ အဲဒီ ပိုစ့်မှာ စာရေးသူက မိမိတို့ အကဲဖြတ် ရွေးချယ်သူ များက အကြိုက်ဆုံး ပိုစ့်ကို ရွေးချယ်မှာ ဖြစ်တဲ့ အတွက် “အကောင်းဆုံး ဆု” လို့ သုံးနှုန်း တာထက် “အကြိုက်ဆုံး ဆု” လို့ သုံးနှုန်း တာက ပိုသင့်လျော် တယ်လို့ ထောက်ပြတာ တွေ့ပါတယ်။ အဲဒါကို ကျွန်တော်လည်း သဘောကျ ပါတယ်။ နောက် တစ်ပုဒ်က အန်တီ မပဒုမ္မာ (အန်တီ ခေါ်ရမလား၊ အမ ခေါ်ရမလား မသိ သဖြင့် .. :P) တင်ထားတဲ့ မန်းဂေဇက် စာပေဆု ရွေးချယ်ရေး အတွက် ရွေးချယ်မယ့် သူတွေ စာရင်း နဲ့တကွ ဒီဆုနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကို အပြည့်အစုံ ရှင်းပြ ထားတာ တွေ့ရပါတယ်။

မအား မလပ်တာ ကြောင့်ရော၊ ဒီဆုကို ရွေးချယ်သူ တစ်ဦး အနေနဲ့ ပါဝင်ဖို့အထိ စာပေ ဝမ်းသာ နုနယ် သေးတာ ကြောင့်ရော၊ ရွေးချယ် ခံရမယ့် ပုဂ္ဂိုလ် စာရင်းထဲ လေးပေါက် တို့နဲ့ အတူ ထည့်သွင်း ထားခြင်း ခံရတာ ကြောင့်ရော ဒီဆုပေးပွဲ အတွက် တစုံတရာ ကူညီမှု မပေးနိုင် ပေမယ့်လို့ “တစ်နှစ် တစ်ကြိမ် ဇန်နဝါရီလ ဒုတိယပတ် တနင်္ဂနွေ နေ့လည်” မှာ ကျင်းပမယ့် ဆုပေးအပ်ပွဲ ရှိရာ ကိုတော့ လာချင် ပါတယ်။ ဒါပေမယ့် မန္တလေးမှာ ကျင်းပမှာလား၊ ရန်ကုန်မှာ ကျင်းပ မှာလား ဆိုတာ မသဲကွဲ တာကြောင့် အဲဒါလေးကို ရှင်းရှင်း လင်းလင်း သိချင် ပါတယ်။ တာဝန် ရှိသူများ ဖြေကြား ပေးစေလို ပါတယ် ခင်ဗျ။ (တစ်ခါတည်း အကြံပေး ချင်တာက အဲဒီ တစ်နှစ် တစ်ခါ ဆုပေးပွဲကို Melody World လိုမျိုး ရန်ကုန် တစ်နှစ်၊ မန္တလေး တစ်နှစ်၊ တောင်ကြီး တစ်နှစ် လုပ်ရင် မကောင်း ဘူးလားလို့ .. :D .. နောက်တာပါ)။

နောက်ထပ် တွေ့တဲ့ ပိုစ့် တစ်ပုဒ် ကတော့ ဒီလ အတွက် ဆန်ကာတင် ရွေးချယ် ထားတဲ့ ပိုစ့်တွေ ပါဝင်တဲ့ ပိုစ့်ပါ။ ဆန်ကာတင် စာရင်းထဲ ကြည့်လိုက်တော့ သရော်စာ တွေ အများကြီး ပါနေတာ တွေ့ရ ပါတယ်။ ကိုယ်လည်း သရော်စာ အရေးသမား တစ်ပိုင်း ဖြစ်နေတော့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဆန်ကာတင် စာရင်းမှာ တွေ့သမျှ ခေတ်မီ ပြောင်မြောက်တဲ့ သရော်စာ ပိုစ့်တွေ အားလုံးကို အိမ်ပြန်ရောက်ရင် ဖတ်နိုင်ဖို့ ဝမ်းသာ အားရ သိမ်းထား လိုက်မိ ပါတယ်။ ဒီအတွက်လည်း ကျေးဇူး တင်ရပါတယ်။ ကျန်တဲ့ ပိုစ့်တွေလည်း ယူသွား ပါကြောင်း (တော်ကြာ သရော်စာ တွေချည်း သယ်ထုတ် သွားတယ် ထင်မစိုးလို့ .. :D) ထပ်လောင်း ပြောပါတယ် ခင်ဗျာ။

တကယ် ကတော့ ဒီပိုစ့်ဟာ ဘာမှ မဟုတ်ပါဘူး။ အဲဒီ ဆုရွေးချယ်မှု အကြောင်းကို သိသိချင်း ဝမ်းသာ မိလို့ အူမြူးပြီး ရေးတင် မိတဲ့ ပိုစ့်ပါ။ လစဉ် စဉ်ဆက် မပြတ် နှစ်ပေါင်းများစွာ တိုင်သည်အထိ ရွေးချယ် ပေးအပ် နိုင်ပါစေကြောင်းနဲ့ စာကောင်း ပေမွန် ရေးသား သီကုံး နိုင်သူများ ဒီဆိုက် ကနေ တဆင့် မိုးဦးကျ ဖားများ ကဲ့သို့ ပြူပြူ တစ်တစ် ပေါပေါ များများ ထွက်ပေါ် လာနိုင် ပါစေကြောင်း ဆုတောင်း ပေးလိုက် ရပါတယ် ခင်ဗျား။

လေးစားစွာ
သူရဿဝါ
၁၃ – စက်တင်ဘာ – ၂၀၁၂

 

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah

   Send article as PDF