ကလေးရှိသော မိခင် နှင့် ၀န်းကျင် အတွက်ရေးဖြစ်တာပါ။

တစ်ခါတလေ ကလေးတွေ နေမကောင်းဖြစ်တတ်တယ် ဒါမှမဟုတ် ကျန်းမာရေးခေတ္တချို့တဲ့တာတွေဖြစ် တတ်တယ်လေ၊ အဲဒီအခါမှာ ဆေးခန်းဆရာဝန်ဆီ အကယ်လို့ချက်ချင်းမသွားနိုင်သေးခင် မိမိအိမ်မှာ လောလောဆယ် ကုသဖို့ လိုတာတွေရှိတတ်သလို သတိပြုပြီး ဆေးရုံ၊ဆေးခန်းသွားရတာတွေရှိတာမို့ အဲဒီ ကျဘာ လုပ်လို့လုပ် ရမှန်းမသိဖြစ်နေတတ်တဲ့သူတွေအတွက် ကျွန်တော်ဖတ်ဖူးတဲ့ စာပေတွေထဲကမျှဝေပါရ စေနော်။

တစ်နှစ်အောက်ကလေးများလေထိုးလျှင် – တစ်နှစ်အောက်ကလေးများလေထိုးတာ ရောဂါမဟုတ်ပါ၊ ကလေး တိုင်းဖြစ်တတ်ပါတယ်၊ ဒါပေမယ့် ဂရိုင်းမက်ချာ၊ ဆီမက်သာကုန်း အစရှိတဲ့လေဆေးတွေဟာ ကလေးအတွက် အခန့်မသင့်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုပြီးဖြစ်နိုင်သလို တစ်ချို့ရင်လူးဆေး လူးပေးကြပါတယ် တစ်နှစ် အောက်အရွယ်မို့ ကလေးရဲ့ အသားအရေဟာနူးညံနေတတ်တာမို့ ရင်လူးဆေးအတိုင်းအဆကြောင့် ဓာတ်မ တဲ့ဘဲ အပူလောင်တတ်တာကိုလည်း သတိပြုပေးပါ၊ နေကောင်းနေတယ် ကိုယ်ပူမရှိဘူးဆိုရင် ရေနွေးနွေးလေး ပြုလုပ်ပြီး ကလေးကိုထိုင်လျက်စိမ်ချိုးပေးလျှင်တော့ အကျိုးရှိပါလိမ့်မယ်၊ တချို့ကလေးတွေဟာ ရေဆော့ရင်း ဗိုက်နာတာတောင် မေ့သွားနိုင်ပါလိမ့်မယ်။

ခိုက်မိလျှင် – အရေပြား စုတ်ပြဲ သွေးထွက်လျှင်တော့ ဘီတာဒိုင်း အစရှိသည့်အနာလိမ်းဆေးတွေထဲ့ကြပါတယ်၊ ဒါပေမယ် တစ်ခါတစ်ရံမှာတော့ အရေပြားမစုတ်ပြဲ၊ သွေးမထွက်ဘဲ အရေပြားအောက်မှာ သွေးခြည်ဥသွားတာ မျိုးကြုံရပါလိမ့်မယ်၊ ထိုအခါ အိမ်မှာရေခဲသေတ္တာအအေးခံထဲမှာ အေးနေသော အသီးအရွက်ထုပ်ရှိရင် အဲဒီ အသီးရွက်ထုပ်တစ်ထုပ်ယူပြီး ကပ်ပေးလျှင် သက်သာပါလိမ့်မယ်၊ အသီးအရွက်ထုပ်မရှိရင် ရေခဲကိုအ၀တ်ပါး လေးနဲ့ထုပ်ပြီး ကပ်ပေးနိုင်ပါတယ်။

နှာစေး ချောင်းဆိုး – နှားခေါင်းပိတ်တာကို သက်သာအောင် ဘေးအကင်းဆုံးနဲ့ အထိရောက်ဆုံးက နှာခေါင်းထဲ ကိုဆားအရည်ကြည် ခတ်တာပါ၊ ဆားရည်ကြည်က အိမ်မှာကိုယ်ဖာသာလုပ်လို့ရပါတယ်၊ ရေတဖန်ခွက် ( ရှစ် အောင်စ/ ၂၄၀ စီစီ ) ထဲကို လက်ဘက်ရည်ဇွန်းသေး တ၀က်စာ အိမ်သုံးဆားပြီးမွှေပါ၊ ခဏနေရင် မျက်စဉ်း ပုလင်း၊ အားဆေးပုလင်းမှာပါတတ်တဲ့ ဆေးစုတ်တံလေးကိုသေချာဆေးပြီး အဲဒီစုတ်တံလေးနဲ့ စုတ်လို့ ဆား အရည်ကြည်ကို နှာဝတစ်ဖက် တစ်စက်ချ ကလေးကိုရှုသွင်းစေပြီး ခဏစောင့်၊ ပြီးမှ နောက်တဖက်သို့ တစ် စက်ချ ခုနတိုင်းကလေးကို ရှုသွင်းစေလို့ တစ်နေ့လေးချိန်လောက်ခွဲလုပ်ပေးလိုက်ပါ သက်သာပျောက်ပါ လိမ့်မယ်၊ စားစရာအနေနဲ့ အဲဒီအချိန်မှာ စွတ်ပြုပ်ပူပူလေး တိုက်ပါ၊ ကလေးရှုသွင်းတဲ့အခါရေဓာတ်ပါဖို့လိုပါ တယ်၊ အဲကွန်းခန်းမှာကလေးကို ထားတယ်ဆိုရင် ရေနွေးငွေ့လွှတ်စက်လေးရှိရင်ကောင်းပါတယ်၊ ကိုရီးယား ကားတွေမှာ လူနာခန်းတွေမှာ ရေနွေးငွေလွှတ်နေတဲ့ စက်လေးတွေရှိနေတာ တွေ့မိကြပါလိမ့်မယ်။ အကယ်၍ ရေနွေးငွေ့လွှတ်စက်အဆင်သင့်မရှိရင် အဲဒီအချိန်မှာ ရေခွက်ကလေးတစ်ခွက်ရေထဲ့ပြီး အခန်းထောင့်နားထား ပေးပါ၊ သဘာဝလေပြူတင်းဖွင့်ထားရင်တော့မလိုပါ၊ ဆားဆိုတဲ့နေရာမှာ တစ်ချို့အိမ်တွေမှာ အိုင်အိုဒင်းဆား သုံးကြတာရှိပါလိမ့်မယ် ကျွန်တော်အသိဆရာဝန်တစ်ဦးပြောဖူးတာကာ အိုင်အိုဒင်းဆားသည် မျက်စိထဲဝင်ရင် အခက်မသင့်ပါက အနာဖြစ်တတ်တယ်လို့ဆိုပါတယ် တစ်ချို့သူတွေရဲ့ မျက်သားက အိုင်အိုဒင်းဓာတ်မတဲ့လို့ ဆိုပါတယ်၊ ဒါကြောင့်ရိုးရိုးအိမ်သုံးဆာဘဲသုံးပေးပါ နှာခေါင်းထဲထဲ့တယ်ဆိုပေမယ် ကလေးကလှုပ်လို့မျက်စိထဲ အခန့်မသင့်ဝင်တတ်နိုင်လို့ပါ။

လသားကလေးရဲ့ ခေါင်းကကျပ်ခဲကလေးတွေ – သံလွင်ဆီ သို့မဟုတ် မာဂျရင်း လိမ်းပေးပြီး နူးလျှင်ခွာလိုက်၍ ရပါသည်။ တစ်နေ့နှစ်ခါ တစ်ပတ် ၁၀ ရက်လောက်ဆိုပျောက်သွားနိုင်ပါတယ်၊

ချောင်းဆိုးသံကြီးနှင့် ကလေး – တစ်ခါတလေ ကလေးချောင်းဆိုးသံဟာ အသံနက်ကြီးနဲ့ဆိုးတတ်တာကို ကြုံ ကြသူများရှိပါလိမ့်မယ်၊ ကလေးတိုင်းမဟုတ်ပါဘူး တစ်ချို့ကလေးတွေမှာပါ၊ ဇလုတ်ရောင်လို့ဖြစ်တာပါ၊ ဗိုင်းရပ်စ်ပါဘဲ၊ ရောဂါသဘာဝက မပြင်းထန်ပါ၊ ဒါပေမယ့် ကလေးက ဇလုပ်သံကြီးနဲ့ အဆက်မပြတ် ချောင်းဆိုး တတ်ပါတယ်၊ အသက်ရှုသွင်းတိုင်းလည်းရှိုက်သံကြီးမြည်နေပြီး ရင်ဘတ်အောက်လည်း ချိုင့်ဝင်နေတတ်တယ်၊ တစ်ပတ်လောက်ဆိုရင် သူ့အလိုလိုပျောက်တတ်ပေမယ့် ဖြစ်နေတုန်းကလေးက သနားစရာတယ်ဆိုရင်တော့ ရေနွေးငွေ့လေး ရှုပေးခိုင်းလိုက်ရင် သက်သာပါလိမ့်မယ်၊ ဒါပေမယ့် တစ်ချို့ကလေးတွေက ရေနွေးငွေ့ပူကို မခံချင်လို့ရုန်းရင် ဆက်မလုပ်စေပါနဲ့ အကြောင်းက ငိုလျှင်ချောင်းပိုဆိုးစေတတ်လို့ပါ။ ရေနွေးငွေ့မရှုစေချင် ရင်တော့ ကလေးကို ပြင်ပမှာ ခဏလမ်းလျောက်စေပါ၊ လမ်းမသွားတတ်သေးလျှင် ချီ၍တစ်ပတ်ခဏလောက် နေပေးလိုက်ပါ။ တစ်ခါတလေ ပတ်ဝန်းကျင်အပြောင်းအလဲကလည်း သက်သာစေပါတယ်။

ဝမ်းလျှော ၀မ်းပျက်လျှင် – ဆရာဝန်ထံပြသင့်ပါတယ်၊ မပြမှီဓာတ်ဆားရေတိုက်သင့်တာပါ၊ တစ်ခါတလေ ညအချိန်ကြီးဖြစ်နေလို့ ဒါမှမဟုတ် သွားဝယ်မရလောက်အောင် အခြေအနေက ဖြစ်နေတာမျိုးကြုံရတတ်ပါ တယ် အဲဒီအခါ ဓာတ်ဆားရေ အဆင်သင့်မရှိရင် ကိုယ်ဖာသာဖျော်တဲ့နည်းလေးပါ၊ ရေက လက်ဖက်ရည် ခွက် နှင့် လေးခွက်၊ ဆားက လက်ဖက်ရည်ဇွန်းသေးနှင့် တစ်ဝက်၊ သကြားက ထမင်းစားဇွန်းနှင့် နှစ်ဇွန်း အချိုး အတိုင်း ထဲ့ပြီးမွှေပေးလိုက်ရင် အရေးပေါ်အတွက် အဆင်ပြေပါလိမ့်မည်ဖြစ်ပါတယ်။

အဲဒီမှာဓာတ်ဆားရေနဲ့ ပက်သက်ပြီးဗဟုသုတလေးထပ်ဆွေးနွေးပါရစေ၊ ၀မ်းလျောနေတဲ့ကလေးကို ဓာတ်ဆားရေတိုက်တယ် ကလေးကမသောက်ဖို့ငြင်းရင် သူအနေနဲ့ ရေဓာတ်ခန်းခြောက်မှုမဖြစ်သေးလို့ပါ၊ တကယ်ရေဓာတ်ခန်းခြောက်လာပြီဆို ဘာအရသာမှမရှိတဲ့ ငန်ကျိကျိဓာတ်ဆားရေကို အငမ်းမရသောက်ပါ လိမ့်မယ်၊ ဒါပေမယ့် ခဏတမ်းကလေးက ဓာတ်ဆားရေသောက်နေပြီဆို တဖက်ကဓာတ်ဆားရေ၀င်လို့ ၀မ်းသာစရာဖြစ်ပေမယ့် တဖက်က ကလေးမှာရေဓာတ်အတော်နည်းနေတဲ့ ဝေဒနာခံစားနေရပြီဆိုတာသတိပြု ပေးရပါလိမ့်မယ်၊ ၀မ်းသွားများလို့ရေဓာတ်ခန်းခြောက်မှု့မြန်လျှင် ကလေးအတွက်ဓာတ်ဆားတိုက်ပေမယ့် အန္တရာယ်ရှိနိုင်ပါတယ်ဆိုတာ အထူးသတိပြုစေချင်ပါတယ်။ ပြီးတော့ ၀မ်းသွားတဲ့ကလေး သီးစုံဓာတ်ဆား မတိုက်သင့်ပါ သကြားဓာတ်ကဲထားလို့ ၀မ်းပိုသွားတတ်ပါတယ်။ ၀မ်းသွားတဲ့အပြင် အန်တတ်ရင် ကိုလာကို မတိုက်သင့်ပါ၊ ဘာကြောင့်လဲဆိုတော့ ပြန်အန်တဲ့အခါ အစာအိမ်သွေးယိုမှုရှိနေပေမယ့် သောက်ထား တဲ့အချို ရည်တွေပြန်အန်တယ်ထင်ပြီး အယူအဆမှားတတ်ပါတယ်။

နှာခေါင်းသွေးယိုလျှင် – ကလေးကို ရှေ့သို့ကိုင်းထားပါ၊( နောက်လှန်မထားပါနှင့် )၊ နှာခေါင်းကိုလူကြီးလက်ဖြင့် ၁၀မိနစ်ခန့်ညှစ်ထားပေးပါ၊( ကလေးကို ပါးစပ်ဟ၍ အသက်ရှုပါစေ) ရေခဲကပ်တာတွေ၊ ဂွမ်းရေစွတ်တာတွေ ကတော့ ကလေးကိုအကျိုးမဖြစ်စေပါဘူးလို့ ယူဆပါတယ်၊ ရာသီဥတု ပူပြင်းခြင်း၊ နှာအလွန် စေးခြင်း၊ အဖျား တက်ခြင်းနှင့် နှာခေါင်းထဲ လက်နှိုက်ခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။

ချက်ချင်း ဆေးရုံသွားသင့်ခြင်း – ကလေးဖျား၍ သွေးထွက်ထားသောအနီ စက်ကလေးများတွေ့ရရင် သေချာ စမ်းစစ်ပေးပါ၊ အနီစက်တိုင်းသွေးထွက်ထားတာ မဟုတ်ပါ၊ လက်နှင့်နှိပ်ကြည့်လို့ ဖြူသွားလျှင် သိပ်ကိစ္စမရှိပါ၊ မဖြူဘဲ ဆက်ရှိနေလျှင်တော့ သွေးထွက်ထားတာပါ၊ မသေချာလျှင် ရေသန့်ဗူးအဖုံး၊ ဖန်ခွက်အသေးနဲ့ ဖိကြည့် ပြီး ရေသန့်ဗူးအဖုံကို ဖယ်ကြည့်လိုက်လို့ စမ်းသပ်ပါ။ သွေးစက်ကလေးများရော သွေးခြည် ဥတာရော တွေ့လျှင်(အဖျားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးကြီးပါတယ်)၊ ပြီးတော့ ကလေးက နှုန်းခွေနေမယ်၊ အဖျားမရှိဘဲ နှုန်းခွေရင်ပိုသတိပြုပါ၊ ကလေးသဘာဝ အဖျားသက်သာတာနဲ့ ဆော့တတ်တဲ့သဘောရှိပါတယ်၊ သွေးခြည်ဥများပြီး ဒူးနှင့် တထောင့် ဆစ်ပါနေမယ် ဒီလိုအချက်တွေတွေ့လာပြီဆို အချိန်မဆိုင်းဘဲ နီးရာဆေးရုံ ကိုသွား၍ လည်းကောင်း၊ ကျွမ်းကျင်သော ဆရာဝန်ကို လည်ကောင်း ပြသပြီး ဆေးကုသခြင်း ပြုသင့် ပါတယ်၊ ထိုလက္ခဏာများသည် အခန့်မသင့်ရင် ကလေးအသက် ကိုထိခိုက်နိုင်သော သွေးလွန်တုတ်ကွေး ဖြစ်ပါလိမ့် မယ်။ ရောထွေးနိုင်စရာ တစ်ခုတော့ရှိပါတယ် ရေကျောက်ပေါက်လျှင်လည်း ဖျားမည်၊ အနီစက်လေး များထွက် မည် ဖြစ်ပါသည်၊ ဒါပေမယ့် ရေကျောက်အနီစက်လေးများက အရည်ကြည်ဖုအဖြစ် နောက်ပိုင်းပြောင်း သွားပါ တယ်၊ ဒါကြောင့် ကျွမ်းကျင်သော ဆရာဝန်ကို ပြသပြီး ဆေးကုသခြင်း ပြုသင့် ကြောင်းပါ။

အန်သည့်အခါသွေးပါလျှင် – တစ်ခါတလေ ကလေးတွေအကြောင်းတစ်ခုခုအရ အန်တတ်ပါတယ်၊ အားနဲ့ အင်နဲ့ အန်တဲ့အခါမှာ သွေးစလေးတွေပါတတ်ပါတယ်၊ အဲဒီမှာ အာခေါင်နံရံကွဲပြီး သွေးစလေးပါတတ်သလို မိခင်နို့သီးခေါင်းကွဲမှု့အရ သွေးစကို မျိုမိပြီးအန်တာမျိုးလည်း သွေးစပါတတ်ပါတယ်၊ ဒါပေမယ့် အန်သည့်အခါ သွေးစသည် အနီရောင် ရဲရဲမဟုတ်ဘဲ ဘလက်ကော်ဖီရောင် အနှစ်မျိုးဆိုလျှင် အရေးကြီးပါပြီ၊ ဒါဟာ အစာအိမ် ကထွက်လာတာပါ၊ ဆေးရုံဆေးခန်း ချက်ချင်းသွားပြသင့်ပါတယ်။  ။

ပြီးခဲတဲ့ရက်ပိုင်းကာလက မန်းရောက်နေတဲ့ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးနဲ့တွေ့ခဲ့ရာ ကလေးကျန်းမာ ရေးစာအုပ်လေးတွေ လက်ဆောင်ရခဲ့လို့ အခုတလောအဲဒီစာအုပ်တွေဖတ်ဖြစ်နေတာနဲ့ ကျွန်တော်ဖတ်မိတဲ့  ထဲက ပြန်လည်ဝေမျှရေးပေးမိတာပါ၊ ခင်ခက အိမ်ထောင်ရှိပေမယ့် ကလေးမရှိတဲ့အတွက် လက်တွေ့မှာ ကွာခြားမှုတွေရှိလို့ အငြင်းပွားစရာဖြစ်ရမယ်ဆိုရင်တော့ ဗဟုသုတရစရာအဖြစ်သာမှတ်ပါလို့——-။

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..