ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မေတ္တာညွန့် ဘူတာရုံ အနီးက စက်မှု (၁) လမ်းထိပ်တွင် အမြဲ ဂိတ်ထိုးလေ့ရှိသော ဆိုက်ကားသမား တစ်ယောက်ရှိသည်။ တစ်ကိုယ်ရေ တစ်ကာယသမားဖြစ်ပြီး သူ့နာမည်ကို ရပ်ကွက်က လွယ်အိတ်ဟု ခေါ်ကြသည်။

ပြီးခဲ့သည့် (18.9.2012) နေ့က နံနက် ဆယ်နာရီခွဲခန့်တွင် တာမွေရဲစခန်းမှ ရဲဝန်ထမ်း သုံးဦး ၄င်းထံ ရောက်ရှိလာကာ “မင်းလားကွ လွယ်အိတ်ဆိုတာ” ဟု မေးမြန်းပြီးနောက် နံပါတ်တုတ်ဖြင့် ရိုက်နှက်ကာ ဖမ်းဆီးသွားကြသည်။ ထိုနေ့ ညနေပိုင်းတွင် လွယ်အိတ်သည် မျက်နှာညိုမဲ ဖူးယောင်ဒါဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ ညိုမဲ ဒါဏ်ရာများဖြင့် ရပ်ကွက်သို့ ပြန်ရောက်လာသည်။ ၄င်း၏ အဆိုအရ ရဲစခန်းမှ သင်္ကန်းကျွန်း၊ စံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှ ရပ်ကွက်သို့ လမ်းလျှောက်ပြန်ခဲ့ကြောင်း သိရသည်။ ၄င်း၏ သူငယ်ချင်းများ ပြောပြချက်အရ မျက်နှာမှ ဒါဏ်ရာများမှာ လွန်စွာ ဆိုးရွားသဖြင့် အစာပင် မစားနိုင်ကြောင်း၊ ပါးစပ်အတွင်းမှ သွေးများ အန်ထွက်ကြောင်း သိရသည်။ နောက်နေ့ (19.9.2012) နံနက်တွင် စက်မှု (၁) လမ်းထိပ်၊ လမ်းဘေး၌ သေဆုံးနေသော လွယ်အိတ်၏ အလောင်းကို ရပ်ကွက်နေ ပြည်သူများ တွေ့ရသည်။ မကြာမီ ရဲဝန်ထမ်းများ ရောက်ရှိလာပြီး လိုက်ထရပ်ကားပေါ်သို့ အလောင်းကို ပစ်တင်ကာ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါကိစ္စအတွက် မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူများမှ လွန်စွာ မကျေမနပ် ဖြစ်နေကြပြီး တရားဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် လိုလားနေကြပါသည်။

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။