ငထုံတဲ့ …..ငထုံ ဆိုတာ တခြားတော့မဟုတ်ပါဘူး …. မနေ့ကမှ သစ်စက်စက် ကင်ပွန်းတပ်လိုက်တဲ့ ကျွန်မရဲ့ နာမည်သစ်လေးပါပဲ ။ တစ်မိသားစုလုံးကလည်း ၊ နာမည် အသစ်ပေါ် အကြွင်းမဲ့ ထောက်ခံလိုက်ကြပါတယ် ။ ထိုက်တန်တဲ့ နာမည်လို့လည်း ဆိုကြသတဲ့ :cry:  မိအေးကဖြင့် နှစ်ခါပဲ နာပါတယ် … ကျွန်မကတော့ အကြိမ်ကြိမ်ကိုနာတာတောင် အမှတ်မရှိလို့  နောက်နောင် အမှတ်သည်းခြေရှိသွားအောင် နာမည်ပါပြောင်းလိုက်ရတဲ့ အဖြစ်ပါ ။ အကြိမ်ကြိမ်နာတယ်ဆိုတာ အသည်းနာတယ် ၊ (ရင်ခံတယ်၊ နင်တယ်) ရင်နာတယ် ၊ စိတ်နာတယ်ဆိုတာကို ရည်ညွှန်းပါတယ် ။ :hee:

ကံစမ်းမဲ ၊ ဒစ်စကောင့်တွေအတော်များများ မက်လုံးပေးတဲ့နောက်ကို ယောင်လိုက်ရင်း ၊ အမြဲတမ်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ အဖြစ်တွေကြောင့် ၊ အကြိမ်ကြိမ် နင်ခဲ့ရဖူးပါတယ် ။ ကံစမ်းမဲတွေ ၊ ဒစ်စကောင့်တွေက မက်လုံးပေးထားမှန်း သိလျှက်နဲ့ ၊ သမိုင်းပေးတာဝန်လို မ၀ယ်ရ မနေနိုင်တာ ၊ ကျွန်မရဲ့ မိုက်မိုက်ကန်းကန်း ရူးသွပ်မှုအကျင့်ဆိုးပါပဲ ။ ရင်ခံပြီး ခဏလောက်သာ အမှတ်ရနေတတ်ပြီး ဆင်ခြင်တတ်ပေမယ့် ၊ နောက်ပိုင်း မေ့မေ့ပျောက်ပျောက်ရှိတဲ့အခါ အလားတူရင်ခံစရာ ကိစ္စမျိုးထပ်လုပ်ပြီး ကံစမ်းမဲတွေ ၊ ဒစ်စကောင့်တွေနောက်လိုက်မိပြန်တာပါပဲ ။

မနေ့ ကလည်း တနင်္ဂနွေဖြစ်တာကြောင့် နေမြင့်တဲ့အထိ အိပ်မယ် စိတ်ကူးထားပေမယ့် ပုံမှန်ရုံးတက်ချိန်အတိုင်း စောနိုးနေတာကြောင့် ပြန်အိပ်ဖို့ ကြိုးစားရပါတယ် ။ လှိမ့်ပိန့် အိပ်ပေမယ့် ကောင်းကောင်း အိပ်မပျော်တာကြောင့် ၊ အင်တာနက်ဖွင့်ပြီး ဒါဇင်ပလက်စ်က သူငယ်ချင်းတွေနဲ့ နောက်ပြောင်ရင်းချက်တင်ခဏ လုပ်ဖြစ်ခဲ့တယ် ။ သူတို့လည်း တနင်္ဂနွေနားရက်မို့ လမ်းကြောင်းဆင်းတဲ့ လူက ဆင်း ၊ စနေက သောက်လို့ မူးတဲ့လူကလည်း မူး ၊ အိမ်အလုပ်လုပ်စရာရှိတဲ့ လူက လုပ် ၊ မိန်းမကြောက်လို့ အွန်လိုင်း မတက်ရဲတဲ့ လူကလည်း ရှိဆိုတာနဲ့ ခဏ၀င်သုံးပြီး ပျောက်သွားကြတယ် ။ ဒါနဲ့ပဲ တစ်ယောက်တည်း ပျင်းပျင်းနဲ့ အကြောင်းမရှိ အကြောင်းရှာပြီး အပြင်ထွက်ဖို့ ကြံစည်မိပါတယ် ။ သွားတိုက် ၊ မျက်နှာသစ်ပြီး ကြောင်ချီးရုပ်နဲ့ ပဲ ပေါ့ပေါ့ပါးပါး အကျီ င်္တစ်ထည်ကောက်စွပ်လို့ လမ်းသလားခြင်းအမှုကို ပြုမိပါတော့တယ် ။

အမေ့ဟန်းဆက်လည်း လဲဖို့ လိုနေတာကြောင့် ဟန်းဆက်အသစ် ဘာထပ်ထွက်လဲ သိချင်တာနဲ့ ၀ယ်နေကြ သိမ်ဖြူလမ်းက ဟန်းဆက်ဆိုင်ထဲ ခဏမွှေခဲ့ပါတယ် ။ မွှေသာမွှေခဲ့တာ မ၀ယ်ခဲ့ပါဘူး ။ (၀ယ်လိုက်လျှင်နောက်တစ်ခါ အပြင်ထွက်ဖို့ အကြောင်းပြချက် မရှိတော့မှာ စိုးလို့ပါ :mrgreen:   ) ။ ဖုန်းရောင်းတဲ့ ဆိုင်ကနေ ခြေဦးတည့်ရာ လျှောက်လိုက်တာ ၊ ဘိုကလေးဈေးနားက ဂမုန်းပွင့်ကို ရောက်သွားပါတော့တယ် ။ ပရိုမိုးရှင်း ဧရိယာမှာ အ၀တ်တွေရောင်းနေတာ ၊ အလုယှက်ဝယ်နေကြပုံများ အလကားပေးသလားတောင်ထင်ရပါတယ် ။ ဒီလိုဆိုတော့လည်း နိုင်ငံသူ နိုင်ငံသားတွေ မဆင်းရဲကြဘူးပဲ ။ တောင်ကြည့်မြောက်ကြည့်နဲ့ တယောက်တည်း လေလွင့်ရာက ဖလားထဲမှာ မဲလိတ်လေးတွေထည့်ထားတာတွေ့လို့ စပ်စုမိတော့ ၊ ကံစမ်းမဲ ပေးတာပါတဲ့လေ ။ သုံးသောင်းဖိုးဝယ်လျှင် ကံစမ်းမဲ တစ်ခါ နှိုက်ခွင့်ရမှာဖြစ်ပြီး ဗလာမပါဘူးတဲ့လေ ။ ဒီကြားထဲ အ၀တ်ထည်နဲ့ အသုံးဆောင် ပစ္စည်းတွေကို ဂမုန်းပွင့်ရဲ့ ၁၇ နှစ်ပြည့် နှစ်ပတ်လည်မို့ ၁၇% ဒစ်စကောင့်အနေနဲ့ လျော့ပေးပါသတဲ့ ။ ကျွန်မ၀ါသနာပါတဲ့ ဒစ်စကောင့်နဲ့ ကံစမ်းမဲစကားလုံးတွေကြား စီးမျောသွားမိတယ် ။ ကိုယ့်ရှေ့မှာတင် ကံစမ်းမဲ နှိုက်သွားတဲ့ လူတွေက ပစ္စည်းကြီးကြီးတွေရကြတာမြင်တော့ ၊ ရင်ခံခဲ့ရတာ မေ့ပြီး သုံးသောင်းဖိုးမပြည့်ပြည့်အောင် လိုက်ဝယ်မိပါတော့ရတယ် ။ တကယ်မလိုတဲ့ ပစ္စည်းတွေကို မျက်စိကို အစာကျွေးရင်းလိုက်ဝယ်မိတာ သုံးသောင်းတောင် ကျော်သွားပြန်တယ် ။ :kwi:

ဒါတွေမြင်တိုင်း … တောက်တုံးမကျတဲ့ ငထုံကိုပဲ အပြစ်တင်မိတော့တယ် ။
17% ဒစ်စကောင့်မက်လို့ ၊ ညစာရော မနက်စာပါ ငတ်သေး .. မုန်းချရာဟယ် ။ :cry:

ဒါနဲ့ပဲ စာမေးပွဲမှာ အဆင့်တစ်ရတဲ့ ကလေးတစ်ယောက်လို ပြုံးဖြီးဖြီး မှိုရတော့မယ့် မျက်နှာကြီးနဲ့  ၊ ရပို့ကဒ်ကြီးကိုင် ….  အဲအဲ ….  ပစ္စည်းဝယ်ထားတဲ့ ဘေလ်လေးတွေကို ကိုင်ပြီး  ကံစမ်းမဲ နှိုက်ဖို့ ရောက်ခဲ့ပါတယ် ။ ဂျာနယ်တွေ ပရိုမိုးရှင်းပွဲတွေမှာ ၊ ဆလက်ဘရက်တီတွေ ကံစမ်းမဲနှိုက်တဲ့ ပုံစံနဲ့  လက်လေးနှစ်ချောင်းကို ရွရွလေးပူးပြီး ငွေဖလားထဲက မဲတစ်လိတ်ကို နှိုက်လိုက်ပါတယ် ။ လက်ထဲပါလာတဲ့ မဲလိတ်လေးကိုလည်း  F4မင်းသားလေးကပေးလိုက်တဲ့ ရည်းစားစာလိုပဲ ၊ ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးပြီး ဖွင့်ကြည့်မိလိုက်တဲ့အခါ ၊ ဖွင့်ရခက်တဲ့ ငါးသေတ္တာဗူးကြီး တစ်ဗူးများတောင် ပေါက်ပါသတဲ့တော် ။  :cry: ဒါနဲ့ပဲ အစမ်းနှိုက်တာ ၊ ဒါမယူတော့ဘူး နောက်တစ်ခါ ထပ်နှိုက်မယ်ဆိုပြီး ၊ အသံထက်မြန်တဲ့လက်နဲ့ ဖလားထဲက မဲလိတ်တွေ ဓါးပြတိုက်ဖို့ ကြိုးစားတဲ့အခါ ၊  ခါးပိုက်နှိုက်လက်ထက်မြန်တဲ့ ဖလားကိုင်ထားသူကောင်မလေးက ခက်သွက်သွက်ပဲ အကွက်ရွေ့လို့ ဖလားပျောက်သွားပါပြီ ။ ဒါနဲ့ပဲ ဘူပိတ်ပိတ်နဲ့ ၊ ရတာလေးယူပြီး ထမင်းခုနှစ်ရက်မစားရသလိုခြေလှမ်းတွေနဲ့ အိမ်ပြန်ခဲ့ပါတယ် ။

အရင်ကဆို ဆပ်စလူး နတ်ပူးသလို ၊ အော်ဟစ် ခုန်ပေါက်ပြီး အိမ်ထဲ ၀င်နေကြ ၊ ဒီနေ့မှ ဖဲအချီကြီးရှုံးတဲ့ နတ်ကတော်မျက်နှာနဲ့ မသာမယာဝင်လာတာကြောင့် အမေက ဘာဖြစ်ခဲ့သလဲ ပြာပြာသလဲ လိုက်မေးပါတော့တယ် ။ အဖြစ်မှန်ကိုလည်းပြောပြရော ၊ ငတုံးလို့ တခွန်းပြောရင်း နဂါးမျက်စောင်းကြီးပစ်လို့ အိမ်ထဲဝင်သွားပါရောလေ ။ အဲ့ဒီနေ့က အိမ်မှာ ညနေစာ မစားရပါဘူး အမေ့ရာဇသံကြောင့်ပါ  ။ ဦးနှောက်မရှိပဲ  သုံးသောင်းကျော်ဖြုန်းရင်း ရလာတဲ့ ငါးသေတ္တာပဲစားလို့ တချက်လွှတ် အမိန့် ထုတ်ထားတာကြောင့် ၊ အိမ်သားတွေ ထမင်းစားနေချိန် ၊ ပိုက်ဆံအိတ်လေးယူပြီး ငတက်ပြားခြေနင်းသလို ခပ်ဖွဖွနင်းရင်း တံခါးအပေါက်ဝရောက်မှ  ဒံပေါက်သွားစားပြီဗျို့ လို့ အော်ဟစ် ဆင်းပြေးလိုက်တာ ၊ ဒံပေါက်ဆိုင်တော့မရောက်ဘူး ၊ ညဆယ်နာရီထိုးမှ အိမ်ပြန်ရောက်တယ်  ……. ။ ဖြုန်းခနဲ ငုတ်တုတ်ကြီး ထိုင်နေတဲ့ အမေ့ကိုလည်း တွေ့ရော ၊ ကြိုမတွေးထားပါလျှက် ပြောလိုက်တဲ့ အကြောင်းပြချက်က … ဘာစားရမှန်း မသိလို့ ဆိုင်ပတ်ရှာနေလို့ပါ တဲ့လေ ။ အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်ထင်ပါရဲ့  ဘာစကားမှပြန်မပြောပေမယ့် ….. ပြသဒါးနေ့မို့ ညစာငတ်ရုံတင်မကဘူး ၊ ဒီနေ့မနက်စာ breakfast လည်း ငတ်ရော ။  ။   :kwi:

 

ဒါဂျီးကို ညစာအဖြစ်စားရမယ်တဲ့ … ဟွန့် … ဗူးဖောက်ဖို့ကလည်း မလွယ် ၊ ကြိုက်လည်းမ ကြိုက်နဲ့ … မာမီ ရက်ချက်ဒယ် ….. တော်ဘီ အိမ်ပေါ်ကဆင်းပြီး ယောက္ခမအိမ်တွား ချားမယ် ။ ဒါနဲ့ … ယောက္ခမလောင်းလျာတွေ များနေလို့ အဒူ့ကို ရွေးရမယဲ … ခွိခွိ ။ :oops:

(    အဟီး … ဘာရယ်မဟုတ်ပါဘူး .. ဝေဒနာကို ကြေငြာလိုက်ရမှ ရင်ထဲ ပေါ့သွားသလိုပဲ …  အားလည်းနာပါတယ် .. ခင်လည်းခင်ပါတယ် … သူများတွေ အတည်တံ့ရေးနေတဲ့ ရွာထဲ … ပဲကြီးလှော်စားရင်း … လေဘေးထည်လာရောင်းသလိုလုပ်ခဲ့မိတဲ့အတွက် .. မှားတာချိယင် ၀ံဒါမိပါ အရပ်ကတို့ ရယ် … ခွိခွိ ။ )

ယနေ့မှစ နောက်ကမ္ဘာတိုင်အောင် ပေါဦးမည့် …

ငထုံ …   :lol:

 

p.s// ရယ်တာ ခွင့်လွှတ်ပါတယ် ၊ လှောင်တာ ခွင့်မလွှတ်ပါ ။ ခွိခွိ ။  အမှတ်မချိတဲ့ ငထုံ အကြောင်း အရင်ကလည်း နည်းနည်း တို့ခဲ့ဖူးပါတယ် …. ဘယ်လောက်တောင် အမှတ်မချိယဲ တိချင်ရင်ဒေါ့ …  အောက်ကလင့်လေးမှာဖတ်ကြည့်ပေါ့နော်  ။   :wink:

http://myanmargazette.net/41184/creative-writing/my-dear-diary

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!