Inverter ဝယ်ယူမှု လမ်းညွှန်

ခင္ခNovember 16, 20122min1532

Inverter ဝယ်ယူမှု လမ်းညွှန်

Inverter ဆိုတာ ဦးတည်ဘက် တစ်ခုတည်းကို စီးတဲ့ DC လျှပ်စီးကြောင်းကနေ ဆန့်ကျင်ဘက် ဦးတည်ဘက်နှစ်ဖက်ကို တစ်လှည့်စီ အပြန်အလှန်စီးတဲ့ AC လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲပေးတဲ့ ကိရိယာကို ခေါ်တာပါ။ပြောင်းလဲပေးလိုက်တဲ့ AC လျှပ်စီးကြောင်းကို အလိုရှိရာ ဗို့အားနဲ့ ပြန်လှန်ပြောင်းနှုန်း (frequency) ရရှိစေဖို့ transformer, switching, control circuitတွေနဲ့ ဆင့်တက်မွမ်းမံ ယူရလေ့ရှိပါတယ်။

ဟိုတုန်းကတော့ DC power ကနေ AC power ပြောင်းရာမှာ လည်ပတ် လှုပ်ရှားနေတဲ့ ကွင်းခြမ်းတွေနဲ့ ဖန်တီးခဲ့ရပေမယ့် ဒီနေ့အခါ သမယမှာတော့ အဲဒီလို လည်ပတ် လှုပ်ရှားနေရတဲ့ အစိတ်အပိုင်းတွေ လုံးဝ မပါဝင်တော့တဲ့ solid-state inverter တွေချည်း သုံးကုန် ကြပါပြီ။ မီးပျက်သွားချိန်မှာ ဘက်ထရီပါဝါကို ကွန်ပျူတာသုံးဖို့ AC power ပြောင်းထုတ်ပေးတဲ့ switching power supplies အမျိုးအစားကနေ လျှပ်စစ်ဂဟေ ဆော်ရာမှာသုံးတဲ့ ဗို့အားမြင့်မြင့် DC လျှပ်စီးကြောင်းတွေ ပြောင်းလဲထုတ်ပေးတဲ့ ဟာမျိုးအထိ ပုံစံအမျိုးမျိုးနဲ့ တည်ဆောက် အသုံးပြုကြတယ်။

ထုတ်ပေးတဲ့ AC လျှပ်စစ်လှိုင်းပုံစံ အပေါ်မူတည်ပြီး inverter တွေကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားထားတယ်။ Modified sine wave inverter နဲ့ pure sine wave inverter ဆိုပြီးတော့ပေါ့။ Modified sine wave မှာ AC ဗို့အားတွေရဲ့ အချိန်နဲ့ လိုက်ဖက်ပြီး ပြောင်းလဲမှုဟာ မချောမွေ့ဘူး။ ဆောင့်တက် ဆောင့်ကျပုံစံမျိုး၊ စတုရန်းပုံ square wave တွေ ဖြစ်နေတယ်။ ဒီလိုရုတ်ခြည်းဆောင့်တက်၊ ဆောင့်ကျပုံစံမျိုး AC လျှပ်စီးကြောင်းဟာ လျှပ်စစ်ပစ္စည်းအတော်များများနဲ့ အသုံးပြုလို့ရတယ် ဆိုပေမယ့် highend audio video units, plasma display, gaming system, laser printer, scientitic testing equipments အစရှိတဲ့ အထူး အနုစိတ်တိကျမှုလိုတဲ့ ကိရိယာတွေနဲ့ မကိုက်ပြန်ဘူး။ အရည်အသွေး ထိခိုက်မှုတွေ ဖြစ်လာတယ်။

တကယ် ဓာတ်အားလိုင်းကလာတဲ့ AC လျှပ်စစ်ရဲ့ အတက်အကျပုံစံက အချိုးညီညီတက်၊အချိုးညီညီ ဆင်းတယ်။ ဖြည်းဖြည်းတက်၊ ဖြည်းဖြည်းဆင်းပေါ့။ ဒီလိုပုံစံမျိုးကို true-sine wave လို့ ခေါ်တယ်။ လျှပ်စစ်လှိုင်းတွေရဲ့ အတက်အကျကို ဂရပ်ဖစ်ပုံစံနဲ့ ဖော်ပြပေးနိုင်တဲ့ oscilloscope နဲ့ ကြည့်ရင် ဒီသဘောသဘာဝကို မြင်တွေ့ သဘောပေါက်ပါလိမ့်မယ်။ ဒီလို true sine waveinverter အမျိုးအစားတွေ သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဈေးကြီးတယ်။ လျှပ်စစ်အတက်အကျ ချောမွေ့ ညက်ညောသွားအောင် Switching & Control Circuit တွေ ထည့်သွင်း တည်ဆောက်ရလေတော့ ဈေးမြောက်သွားတယ်။

ဒါကြောင့်လည်း ဒီကနေ့ ဈေးကွက်ပေါ်မှာ အများဆုံး တွေ့ရမှာကတော့ ထုတ်လုပ်စရိတ် သက်သာတဲ့ modified sine wave inverter တွေပါပဲ။ inverter တွေပေါ်က capacity ဖော်ပြချက်တွေကို ကြည့်လိုက်ရင် watts လို့ မဖော်ပြဘဲ VA ဆိုတဲ့ ယူနစ်ကို တွေ့ရလိမ့်မယ်။ လျှပ်စစ်ယူနစ် သဘောတရားအရ V(Volt) နဲ့ A (Ampere) မြှောက်ရင် Watts ထွက်လာတာမို့ 1000 VA လို့ ဖော်ပြထားတာကို 1000 Watts အား နိုင်တယ်လို့ ထင်မှတ်ပြီး 1000 watts လျှပ်ဆွဲအားရှိတဲ့ ကိရိယာတွေ သွားချိတ်သုံးရင်တော့ inverter လောင်ပြီသာမှတ်။ လျှပ်စစ်ကိရိယာတိုင်းမှာ input 100 ဖြစ်လို့ output 100 ထွက်တယ်ဆိုတဲ့ ထုံးစံမရှိဘူး။ ခုခံမှု resistance ရှိနေတာကြောင့် အပူဖြစ်ပြီး ဆုံးရှုံးမှုတွေ ရှိနေတယ်။ အများအားဖြင့်တော့ input 100 မှာ output 75 ပဲ ပြန်ရလေ့ရှိတယ်။ ဒီဖြစ်စဉ်ကို power factor ဆိုတဲ့ ကိန်းဂဏန်းနဲ့ ဖော်ပြမယ်ဆိုရင် 0.75 ရှိတယ်။ ဒါကြောင့် capacity 1000 AV inverter တစ်ခုက တကယ်ထုတ်ပေးနိုင်တဲ့ AC Watts ပမာဏဟာ 750 watts ပဲထွက်မယ်။

အမှန်ပြောရမယ် ဆိုရင် pure-sine wave (true-sine wave) inverter တွေက ထုတ်ပေးတဲ့ AC wave တွေဟာ တကယ် ဓာတ်အားလိုင်းတွေမှာ ရှိတဲ့ AC Wave တွေလို မချောမွေ့သေးဘူး။ နီးပါးလောက် ချောမွေ့တယ်ဆိုပေမယ့် total harmomic distortion3%လောက် ရှိနေသေးတယ်။ ဓာတ်မဟာလိုင်းတွေမှာရှိတဲ့ AC Wave နဲ့ လုံးဝ ထပ်တူညီအောင် ထုတ်နိုင်တဲ့ grid-tie inverter အမျိုးအစားဆိုတာ ရှိသေးတယ်။ AC Wave အတက်အကျကို လုံးဝအချိုးညီ ချောမွေ့သွားအောင် switching & Control circuitတွေနဲ့ ရှုပ်ထွေးစွာ ထုံမွှမ်း တည်ဆောက်ထားရတာကြောင့် အားလုံးထဲမှာတော့ ဈေးအကြီးဆုံးပဲ။ ဈေးနှုန်းမှန်းဆနိုင်ဖို့ အကြမ်းဖျင်း ဖော်မြူလာကတော့ (0.5 to 1.0 USD/Watt) ပါ။ ဆိုလိုတာက 1 Watt Capacity အတွက် ဒေါ်လာဝက်ကနေ တစ်ဒေါ်လာထိ ကျသင့်နိုင်တယ်။ ဥပမာ 1000 watts ထုတ်ပေးနိုင်တဲ့ grid-tie inverter တစ်ခုရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၅၀ဝ နဲ့၁၀၀ဝ ကြား ကျသင့်လိမ့်မယ်။ modified sine wave (square wave) inverter တွေထက် ဈေးနှုန်းအားဖြင့် ၅ ဆကနေ ၁ဝ ဆအထိ ပိုကြီးတဲ့သဘောပဲ။

AC လျှပ်စစ်ကနေ DC လျှပ်စစ်ပြောင်းပေးတဲ့ ကိရိယာကိုကျတော ့rectifier (သို့မဟုတ်) Converter လို့ ခေါ်ခဲ့လေတော့ DC ကနေ AC ပြန်ပြောင်းတာက သူရဲ့ပြောင်းပြန် (inverted) ဖြစ်တာကြောင့် inverter ရယ်လို့ ဝိသေသပြု ခေါ်ညွှန်းခဲ့ခြင်းပါပဲ။ ဒါကြောင့် inverter လို့ ဆိုလိုက်ရင် ဘက်ထရီ၊ နေအားလျှပ်စစ်ပြား (Solar Panel) နဲ့ ဟိုက်ဒြိုဂျင် လောင်စာဆဲလ်ဓါတ်အိုး (Fuel Cell) တွေက ထုတ်ပေးတဲ့ DC လျှပ်စစ်အားကို AC လျှပ်စစ်အဖြစ် ပြောင်းပေးတဲ့ကိရိယာလို့ သဘောပေါက်ထားရမယ်။ DC Power Source Utilization မှာ inverter တွေကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုတယ်။ ဘက်ထရီနဲ့ inverter နှစ်ကို ပေါင်းစပ်ထားပြီး ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားစဉ်မှာ ဘက်ထရီ DC power ကနေ AC powerကို ပြောင်းပေးတဲ့ Uninterruptible power supplies (UPS) ကတော့ လူသိ အများဆုံး အသုံးချ နယ်ပယ် တစ်ခုပေါ့။ အမှန်တကယ်တော့ UPS သုံးတာဆိုတာ ကွန်ပျူတာ တစ်ခုအတွက်သာ မဟုတ်ပါဘူး။ နောက်နယ်ပယ် တစ်ခုကတော့ နေရာ တော်တော်များများ အသုံးပြုနေပေမယ့် လူသိပ် မသိတဲ့ နယ်ပယ်ပဲ။ အချိန်တိုတို အတွင်း အကြိမ်ပေါင်း သောင်းချီပြန်လှန် ပြောင်းလဲမှုဖြစ်နေတဲ့ လျှပ်စစ်သံလိုက်ညို့အားနဲ့ အပူဖြစ်ပေါ်လာတဲ့ induction heating ထုတ်ရာမှာ သုံးတယ်။

အခု တရုတ်ကဝင်လာတဲ့ ရေနွေးတစ်အိုးကို အချိန်၃ မိနစ်အတွင်း ဆူအောင် လုပ်နိုင်တဲ့ ရေနွေးအိုးနဲ့ မျက်နှာပြင်ပေါ်မှာ အိုးတင်လိုက်တာနဲ့ လျှပ်စစ်သံလိုက် ညှို့အားနဲ့ အပူစွမ်းအင်ဖြစ်ပေါ် ချက်ပြုတ်ပေးတဲ့ မီးဖိုတွေမှာ ဒီနည်းကို သုံးတာကောင်းတယ်။ နောက်နယ်ပယ် တစ်ခုကတော့ HVDC PowerTransmission လို့ခေါ်တယ်။ ဓာတ်မဟာလိုင်းတွေမှာ AC Power ကို ဗို့အားဖြင့် High voltage DC Power အဖြစ် တစ်နေရာက တစ်နေရာကို ပို့လွှတ်ရာမှာ သုံးတယ်။ နောက်ထပ် အသုံးချ နယ်ပယ် တစ်ခုကတော့ AC Motor အနှေးအမြန်ကို အလိုရှိသလို ထိန်းချုပ်တဲ့ Variable -frequency drivers တွေမှာ သုံးတယ်။ AC motor နဲ့ အနှေးအမြန်ကို လိုသလို ချုပ်ထိန်းဖို့ မော်တာဆီ ပို့လွတ်တဲ့ frequency နဲ့ voltage ကို inverter ကနေ ထိန်းချုပ် ပို့လွှတ် ပေးတယ်။ Variable frequency drive တွေမှာ AC main power inverter အသုံးပြုမယ့် DC Sourceအတွက် rectitier (AC to DC Converter) တွေကိုလည်း တွဲဖက် ထည့်သွင်း ပေးထားလေ့ ရှိတယ်။

နောက်ထပ်အသုံးချ နယ်ပယ် တစ်ခုကတော့ Electric Vehicle Drivesတွေမှာ သုံးထားတယ်။ ဒီကနေ့ မီးရထားတွေမှာ ဆွဲနေတဲ့ ဒီဇယ် စက်ခေါင်းတွေဟာ ဒီဇယ်လောင်စာကို အင်ဂျင်ကြီးနဲ့ လည်ပတ်၊ အဲဒီ လည်ပတ်အားနဲ့ AC လျှပ်စစ်ထုတ်စက် Generator ကိုမောင်း၊ ထွက်လာတဲ့ ACPower ကို DC Power ပြောင်း၊ အဲဒီ DC Power ကို inverter နဲ့ လိုအပ်တဲ့ဗို့အားနဲ့ frequency တင်ပြီး traction motor တွေကို ထိန်းချုပ် လည်ပတ်စေတာ။ ဒါကြောင့် ဒီကနေ့ မီးရထားတွေကို ဆွဲနေတဲ့ ဒီဇယ်စက်ခေါင်းတွေကို နာမည်
အပြည့်အစုံအားဖြင့် လျှပ်စစ်ဒီဇယ်စက်ခေါင်း (dieselelectric rail vehicle) လို့ခေါ်တယ်။ ဒီနည်းစဉ်ကို ဒီကနေ့ ကမာ္ဘ့ကားဈေးကွက်မှာ နာမည်ကြီးနေတဲ့ Toyota Prius လို လောင်စာ-လျှပ်စစ် နှစ်မျိုးဖက်စပ် hybrid electric car တွေမှာလည်းအသုံးပြုတယ်။

သူ့မှာကတော့ ပိုခေတ်မီ ဆန်းပြားတဲ့ စနစ်တွေရှိတယ်။ regenerative breaking ခေါ်တဲ့ ဘရိတ်အုပ်ရာက ထွက်လာတဲ့ စွမ်းအင်ကိုတောင် လျှပ်စစ်အားအဖြစ် ပြောင်းလဲပြီး ပြန်သိုလှောင်ထားတဲ့ စနစ်ပါရှိလာတယ်။ inverter တွေကို နောက်ထပ်အသုံးချတဲ့ နယ်ပယ်တစ်ခုကတော့ လေအေးစက်(Air Conditioning) တွေမှာပဲ။ လေအေးစက်ကို လူတိုင်းသိကြပေမယ့် လေအေးစက်ထဲမှာ ပါတဲ့ မော်တာနဲ့ compressor တွေရဲ့ အနှေးအမြန်ကို ထိန်းချုပ်ရာမှာ inverter သုံးတယ်ဆိုတာတော့ လူတွေ သိပ်မသိကြဘူး။ ဒီကနေ့ ဈေးကွက်ပေါ်မှာ ကြီးစိုးနေတာ၊ အတွေ့ရများ နေတာ၊ ဈေးအသက် အသာဆုံး ဖြစ်တာတွေက စတုရန်းပုံ square wave AC Power ထုတ်ပေးတဲ့ modified sine wave inverterတွေပဲဖြစ်ပါတယ်။

အကြမ်းဖျင်း ဈေးနှုန်းခန့်မှန်းချက် ဖော်မြူလာကတော့ (0.10 USD / Walt) ဖြစ်ပါတယ်။ Capacity 1 Walt ကို တစ်ဒေါ်လာရဲ့ ဆယ်ပုံ တစ်ပုံလောက် ကျသင့်နိုင်ပါတယ်။ ဥပမာအားဖြင့် 500 Walt inverter တစ်လုံး ဈေးနှုန်းဟာ ဒေါ်လာ ၅ဝ ဝန်းကျင် ဖြစ်ပါတယ်။ ဒါက နိုင်ငံတကာရဲ့ တရားဝင်ပေါက်ဈေး ဖော်မြူလာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရောင်းချတဲ့ ဆိုင်တွေရဲ့ ပါးစပ်ထဲကဖြစ်တဲ့ ဈေးနှုန်းနဲ့ပဲ ဝယ်ယူ ရရှိနိုင်ပါလိမ့်မယ်။ အထူး တိကျမှုလိုတဲ့ သိပ္ပံစမ်းသပ်တိုင်းတာတဲ့ ကိရိယာတွေ၊ ဂိမ်းစက်တွေ၊ ကွန်ပျူတာတွေ၊ အဆင့်မြင့် ဗီဒီယို ရုပ်သံထုတ်ပေးတဲ့ ကိရိယာတွေ အတွက်ကတော့ true-sine wave inverter အမျိုးအစားတွေ ဝယ်ယူသုံးဖို့ လိုပါလိမ့်မယ်။ ဈေးကတော့ ၂ ဆ ပိုကြီးပါလိမ့်မယ်။ ဒေါ်လာ ၃,၀၀ဝ ဝန်းကျင် တန်တဲ့ Plasma TV ကြီးကို ဝယ်ပြီး ပေသီးခေါက်တွက်ကပ်ပြီး ဒေါ်လာ ၅၀ဝ တန်တဲ့ true-sine wave inverter မဝယ်ဘဲ ဒေါ်လာ ၂၅ဝ ပဲပေးရတဲ့ modified sine wave inverter နဲ့တွဲသုံးရင် ပလာစမာတီဗီက ပုံဖော်ပေးတဲ့ ပုံရိပ်တွေမှာ distortion lines တွေထပြီး ပုံပျက်နေတဲ့ စိတ်မချမ်း မသာစရာ ကိစ္စနဲ့ ကျိန်းသေ ကြုံရဖို့ များပါတယ်။

ဖတ်ဖူးခဲ့တဲ့စာပေထဲက ပြန်လည်ပြီးဗဟုသုတအဖြစ် ရေးလိုက်တာပါဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ဦးခင်ခ။

2 comments

  • Good™

    November 16, 2012 at 5:20 pm

    ကိုသရီးကေ ( ဘက္ထရီအိုး ) အားပေး သွားတယ် နော် ။
    ဆုံးအောင်တော့ ဖတ်ခွင့် ပြု ပါ။ ကော်နက်ရှင် အံတု ရေး ရ တာ မို့ ကျန်နေသေး တာ ကို နားလည်စွာ မျှော်နေပါမယ်။

    • ဦးခင်ခ

      November 16, 2012 at 6:43 pm

      ကျွန်တော်ပိုစ့်တင်နေတုန်းမှာဘဲ ကော်နက်က လစ်ပြေးသွားလို့ ပိုစ့်ကအပြည့်မပေါ်ဖြစ်သွားတာ ပြန်ပြီး update လုပ်နေတုန်း Good™ ကဖတ်ဖြစ်သွားတာမို့ အလွန်အမင်းအားနာမိပါတယ် Good™ ရေ။
      ကနဦးဝင်ရောက်အားပေးကွန်မန့်အတွက်လည်းကျေးဇူးပါ။ အပြည့်အစုံပြန်တင်ပေးထားပြီးပါပြီခင်ဗျ။
      တောင်းပန်စွာဖြင့် –
      ခင်ခ။

Leave a Reply