ကိုကြောင်ကြီး ပြောတဲ့ “အဝေဖန် မခံနိုင်ရင် နိုင်ငံရေး မလုပ်နဲ့။” ဆိုတဲ့စကားကို အင်မတန်သဘောကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့  အခုချိန်မှာ တကဲ့နိုင်ငံရေးသမား ဖြစ်သွားကြောင်း ဝေဖန်ကြပါတယ်။
သူကတော့ နဂိုထဲ က ဝေဖန်ရေးတွေ အပေါ်မှာ အရည်ထူနေပုံပါဘဲ။ အဲဒီ ဝေဖန်ရေးတွေကိုလဲ လစ်လျုရှုပြီး ထားမယ်လဲ မထင်ပါဘူး။ အဲဒီပေါ်မှာ ဒေါသထွက်တာ၊ မာန်တက်တာတွေလဲ ရှိမှာ မဟုတ်ပါဘူး။
အဲဒီ ဝေဖန်ရေးတွေပေါ်မှာလဲ Feedback ပြန်ယူတတ်သူဖြစ်မယ်လို့ ယုံကြည်ပါရဲ့။

ကျွန်မတို့ ဘေးက လူတွေကသာ အရည်မထူနိုင်တာပ။
ဒါကြောင့်လဲ နိုင်ငံရေးသမား မလုပ်တာပေါ့။
အမှန်တော့ လုပ်ချင်တာမှ အရမ်းပါဘဲ။
တစ်ခြားသူတွေကတော့ ဘယ်လိုအကြောင်းနဲ့ နိုင်ငံရေးလုပ်ကြတယ်မသိဘူး။
ကျွန်မ နိုင်ငံရေးလုပ်ချင်တာကတော့ ငယ်ကထဲက ရှိခဲ့တဲ့ ထရော်မာတစ်ခု ကြောင့်ပါ။

ကျွန်မအရမ်းချစ်တဲ့ မြို့ငယ်လေး တစ်ခု ရှိတယ်။
အဖိုး အဖွား ရပ်ရွာပေါ့။
ဦးနုတို့ လက်ထက်က အတော်လေးစည်ပင်တယ်လို့ ပြောတာဘဲ။
ကျွန်မ မှီတဲ့ ဦးနေဝင်း လက်ထက်ကျတော့ အဆိုးကြီး မဟုတ်တောင် စည်ပင်မှုလေး နဲနဲ ရှိသေးတယ်။
ကျွန်မ ၁၀တန်းပြီးတော့ အဲဒီသွားပြီး ကလေးတွေကို လုပ်အားပေးစာသင်ခဲ့သေး။
အဲဒီတုန်းက အဖေရှာဖွေနိုင်ရင်ဘဲ တော်ရုံထမင်းဝကြပါတယ်။
ဒီတော့ ကလေးတိုင်း ကျောင်းကို  သနပ်ခါးအဖွေးသားနဲ့ အေးအေးလူလူ တက်နိုင်တာပေါ့။
အသက်ကြီးသူတွေ အတွက်လဲ ဆေးရုံ/ဆေးခန်း အားထားစရာရှိသေးတယ်။
နယ်ဖက်ကလူတွေဟာ တကယ်ရိုးသားကြတာပါ။
အဲဒီအချိန် ကျွန်မ ကျင်လည်တဲ့ မြို့အသိုင်းအဝိုင်းမှာလဲ ရာထူးကြီးကြီး ရှိလဲ အရမ်းမသုံးဖြုန်းနိုင်ကြပါဘူး။
နယ်ဖက်က ရိုးရိုးသားသား စီးပွါးရေးသမား တွေကတောင် သူတို့ထက် ပိုတတ်နိုင်ပါတယ်။
၈၈အပြီး ဒီဖက်ခေတ် စစ်အစိုးရလက်ထက် မှာတော့ အနိုင်ကျင့် အာဏာသုံးပြီး တစ်ကိုယ်ကောင်း ကိုယ်ကျိုးရှာ တာတွေများလာတော့ သာမာန်လူတွေ စီးပွါးရေးချွတ်ချုံ ကျလာတယ်။
ကျွန်မချစ်တဲ့ မြို့လေး လဲ တဖြေးဖြေးယိုယွင်းလာတယ်။
ကလေးတွေ စာသင်ချင်ရက် နဲ့ စာမသင်နိုင်တော့ဘူး။
တစ်ချို့ စာသင်ခန်းပြူတင်းပေါက် အပြင်ကနေ ထင်းစည်းရွက် ပြီး စာလိုက်ရွတ် နေကြတဲ့ အကြောင်းဟာ ကျွန်မထွင်ပြီး ပုံပြောနေတာ လို့ ထင်လား။
ဟိုးအရင်က အဝေးက ဧည့်သည်တွေလာရင် စေတနာအပြည့် နဲ့ ကောင်းနိုးရာရာ စေတနာ နဲ့ အတင်းကျွေးတတ်တဲ့ သူတွေမှာ သူတို့ အတွက်တောင် စားစရာ ရှားလာတာ။
လူငယ်တွေ ဟိုမရောက် ဒီမရောက် ပျက်စီးကုန် တာ။
သက်ကြီး တွေ နေဝင်ချိန် ဘဝ မလှတာ။
အဲဒါတွေက ကျွန်မရဲ့ မြို့ငယ်လေးမှာတင်မဟုတ်ဘူး။ မြန်မာပြည် အနှံ့ဘဲ။ ရာခိုင်နှုန်း အတော်များများ ချွတ်ခြုံ ကျလာတာ။
အဲဒီ အချိန် ဒီဖက်မှာတော့ ခေတ်ပျက်သူဌေးတွေ၊ အာဏာ ပါဝါ တန်ခိုး နဲ့ နေ့ချင်း သုံးဖြုန်းမကုန် ဖြစ်လာသူတွေ ရှိလာတယ်။
လူတန်းစား ကွာဟမှု အရမ်းကြီးလာတယ်။
ပြောရရင် လက်တစ်ဆုတ်စာ လူတန်းစားက တစ်ပြည်လုံး ရဲ့ ဘဏ္ဍာတွေကို သိမ်းကြုံးယူနေတာ။

ကျွန်မ သူတို့ ကို အပြစ်မတင်ပါဘူး။
လူဆိုတာ အများစုကတော့ အခွင့် ရချိန် ကြွယ်ဝမှုမှာ ယစ်မူး မှာအမှန်ဘဲ။
ဒီတော့ ကျွန်မတို့ဟာ လက်ရှိ အာဏာရှင်တွေ ကို (လူ) အနေနဲ့ တိုက်ဖို့ကြိုးစားလာကြတာ။
လူနာမည်တတ်ပြီး ဖြုတ် ထုတ် သတ် ဖို့ အာဃာတ တွေ နဲ့ လုပ်လာကြတာ။

တကယ်တော့ ဒါဟာလဲ မှားပါတယ်။
သေနတ်ကိုင်ပြီး အာဏာရှင်လုပ်နိုင်ခွင့် ရှိသ၍ တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် လုပ် နေ မှာဘဲ။
လူ ကို တိုက်လို့ကတော့ ဒီလူ ပြီး နောက်လူ ဆက် ဆက်ပြီး ကြီးစိုး မှာဘဲ။
ကျွန်မတို့ အခုချိန် ကြိုးစားရမှာ က လူတွေ ကို အမုန်းပွါးပြီး တိုက် နေတာထက် အာဏာရှင် စနစ်ဆိုးကြီး ပျက်ပြီး စံနစ်ကောင်း တစ်ခု ဖြစ်လာဖို့ ကြိုးစား မှ နည်းမှန်မယ် ထင်ပါတယ်။
စံနစ်ကောင်း တစ်ခု ရလာချိန် လူ့သဘောအတိုင်း ဖောက်ပြန်နိုင်တဲ့ လူတွေ ကို အဲဒီ စံနစ်က ထိန်းသွားမှာ အသေအချာပါ။
ဒါပေမဲ့ စံနစ်ကောင်း မရခင်မှာတော့ အဲဒီစံနစ်ကောင်း ကို တည်ဆောက်ပေးမဲ့ လူကောင်း တွေ လိုပါတယ်။
လက်ရှိ အာဏာ ပါဝါ မှာ ယစ်မူးပြီး နေရာမက် နေသူတွေ ဟာ လူကောင်းတွေ မဟုတ်သလို
အရေးအခင်းမှာ တို့အရေး ထအော်ပြီး နေရာရဖို့ နေရာ ရှိ သူတွေ ကို အပြုတ်တိုက် ဆိုတဲ့ နိုင်ငံရေးလုပ်သူတိုင်း လဲ လူကောင်း မဟုတ်တာ သေချာပါတယ်။
သူတို့ဟာသူတို့ နေရာ အတွက် ဘဲ ကြိုးစားနေသူတွေ ဖြစ်လို့ သူတို့ နဲ့ ကတော့ ဘယ်တော့မှ စစ်မှန်တဲ့ စံနစ်ကောင်း မရပါဘူး။

လက်ရှိ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် စဉ်းစားပေးတတ်သူမှဘဲ ပြည်သူ့အကျိုးပြု စံနစ်ကောင်း ကို တည်ဆောက်ပေးမှာပါ။
အဲဒီလို လူတွေက အများစု ပြည်တွင်းမှာဘဲ ရှိနေကြတာပါ။

ကျွန်မလဲ ကိုယ်ချစ်တဲ့ မြို့လေး အတွက် ဆင်းရဲရင်ဆင်းရဲပါစေ။ ကျောင်းဆရာမ လုပ်ပြီး အဲဒီမှာ နေသင့်တာပေါ့။
ကျွန်မ အဲဒီလို နေဖို့ သတ္တိမရှိပါဘူး။
ကျွန်မ ကိုယ့်အနာဂါတ် အတွက် အပြင်ကိုတောင်ထွက် ခဲ့တာဘဲ။

ဒါပေမဲ့ တစ်ချို့ကတော့ အပြင်မှာ တင့်တောင့်တင့်တယ် နေနိုင်ပါရက်နဲ့ အဆင်းရဲခံ၊ အနာဂါတ်အပျောက်ခံပြီး နိုင်ငံ ကိုချစ်ကြောင်းပြပါတယ်။
ဟန်လုပ်ပြတာမဟုတ်တာ၊ နေရာအတွက်မဟုတ်တာ အသေအချာ သက်သေပြခဲ့ပြီဘဲ။
ဒီလို နိုင်ငံချစ်တဲ့သူဟာ သူ့နိုင်ငံ တိုးတက်ဖို့ နဲ့ သူ့ပြည်သူတွေ ချမ်းသာဖို့ အတွက် ဘဲစဉ်းစားမယ်။
လက်ရှိ အာဏာရှိ သူ တွေကို အမုန်း နဲ့ အပြုတ်တိုက်ဖို့က သူ့ရည်ရွယ်ချက် မဟုတ်ဘူး။
သူချစ်တဲ့ ပြည်သူတွေ ကောင်းစားဖို့ ရရာနည်း အကောင်းဆုံး နည်း ကို သူသုံးရမှာဘဲ။
ဒီတော့ ပေါင်းသင့်တဲ့သူတွေနဲ့ပေါင်းပြီး အလုပ်လုပ် မှာ အသေအချာပါ။

ဒါကို အပြစ်မြင်သူတွေ ဆိုတာ
လက်ရှိစစ်တပ်ကို မုန်းနေသူတွေ၊ အာဏာရှင် ဆိုတဲ့ (လူ) ကို အညိုးထားတိုက် မဲ့သူတွေ၊ ဒီလူတွေ သေဖို့ ဆိုရင် တစ်ခြားဘာမှ မကြည့်တဲ့ သူတွေ၊
တနည်း အဲဒီ အာဏာရှင်တွေ နေရာ ကို ဆက်ခံ ချင်နေတဲ့ သူတွေ၊ ပြည်သူတွေ အတွက် လုပ်ရမယ် ဆိုတာ ကို နဲနဲလေးမှ ခေါင်းထဲ မထားသူတွေ။

ကျွန်မ ကတော့ ကျွန်မချစ်တဲ့ မြို့လေး အတွက်ကိုတောင် အလုပ်လုပ် မပေးခဲ့နိုင်တဲ့ မိန်းမမို့
ကျွန်မချစ်တဲ့ မြို့လေး ကိုသာမက တပြည်လုံး အတွက် စေတနာ အပြည့်နဲ့ အလုပ်လုပ်ပေးနေသူ တိုင်း ကို အမြဲဦးညွတ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အောင်ဆန်းစုကြည် မို့ ထောက်ခံတာမဟုတ်ဘူး။
ကျွန်မချစ်တဲ့ မြို့လေး ကို စည်ပင်လာအောင် ကြိုးစားနေသူမို့ ချစ်ခင် လေးစား အားပေး တာ။
သူ လုပ်နေသမျှ အမှန်အမှား ပြောဖို့ကလဲ ကိုယ်က သူ့လောက် စာဖတ်သူ၊ အတွေ့အကြုံရှိသူ၊၊ နိုင်ငံအတွက် အချိန်ပြည့် စဉ်းစားနေသူ မဟုတ်လေတော့ ဘယ်လို လုပ် ဝေဖန် ထောက်ပြ ပါ့မလဲ။
ဒီလိုဘဲ ကျွန်မလို တစ်ခြား အပြင်က အော်နေ၊ ဝေဖန်နေသူ တွေကရော  နိုင်ငံအတွက် ပြည်သူလူထု အတွက် ဘယ်လောက်အချိန်ပေးစဉ်းစား နေခဲ့ဘူးလဲ။

နိုင်ငံမှာ ကိုယ့်အကျိုး ကိုယ်နေရာ ရဖို့ စဉ်းစားတာနဲ့ နိုင်ငံက ပြည်သူတွေ အကျိုး အတွက် စဉ်းစားတာ လုံးဝ ကွာ ခြားတာ တော့ လူတိုင်း သိပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည် အမှား လုပ်မိတာ၊ အမှားစဉ်းစားမိတာ ဆိုရင်တောင် အဲဒီလို ကိုယ့်အကျိုး အတွက် နိုင်ငံရေးလုပ်သူတွေ ပြောနေတာထက် ပိုပြီး အကျိုးများ မှာ အသေအချာပါ။

ကိုကြောင်ကြီး လဲ ဒေါ်အောင်ဆန်းစုကြည် အမှားရှိရင် ဝေဖန်ထောက်ပြခွင့်ရှိပါတယ်။
သူကြီး  ဒီရွာ တည်ထောင်ထားတာ အများအတွက် အပြုသဘောဆောင်တာတွေ ကို ရေးပြ၊ ထောက်ပြဖို့ဘဲ မဟုတ်လား။
ကျွန်မ အသေအချာ ပြောရဲ ပါတယ်။ သူဟာ ပြည်သူ့ အသံကို နားထောင်နေမှာပါ။
ပြီးတော့ လိုက်လုပ်ဖို့သင့်ရင် လုပ်မှာလို့ လဲ ကျွန်မ အကြွင်းမဲ့ ယုံတယ်။
ဒေါ်အောင်ဆန်းစုကြည် လို လူမျိုးဟာ သူ့တစ်ယောက်ထဲ ကြိုက်သလို လုပ် မဲ့ သူမျိုး လုံးဝ (လုံးဝ) မဟုတ်ဘူးဆိုတာ လဲ ကျွန်မ အကြွင်းမဲ့ ယုံတယ်။
အဖွဲ့အစည်း ရဲ့ သဘောနဲ့၊ အကြံပြုချက်တွေနဲ့ ညှိလုပ် မဲ့သူမျိုးပါ။
သူ့အဖွဲ့အစည်း ကသူတွေဟာလဲ ကိုယ့်အတွက် ဆိုတာကို ရှေ့တန်းထားပြီး လုပ်တာမဟုတ်ဘဲ သူ့လိုဘဲ တိုင်းပြည်က ပြည်သူတွေ အတွက် ဦးစားပေး စဉ်းစားသူတွေဖြစ်မှာပါ။
ဒီတော့ ဆိုပါစို့။
လက်ရှိ အာဏာရ သူ တစ်ချို့ ဟာ ပြည်ပက နိုင်ငံရေးသမား တစ်ချို့ ထက်ပိုပြီး နိုင်ငံ နဲ့ ပြည်သူတွေ ကိုချစ်တာသက်သေရှိခဲ့ရင်
ဒေါ်အောင်ဆန်းစုကြည်က အဲဒီ လက်ရှိ အာဏာရသူ တွေ နဲ့ ပူးပေါင်းတာကို ကျွန်မတော့ ဘယ်လိုမှ အပြစ်မြင်လို့ရမှာ မဟုတ်ပါဘူး။

သဘောကတော့ ပြည်သူတွေ အတွက် စေတနာ အမှန်နဲ့ စဉ်းစားပေး လုပ်ကိုင်ပေးသူ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မှမဟုတ် ဘယ်သူကို မဆို ကျွန်မတော့ လေးစားချင်ခင်မှာပါဘဲ။
ကျွန်မ “လူ” ကို ရွေးပြီး မထောက်ခံပါ။
“မူကောင်း၊ စံနစ်ကောင်း” ကို တည်ဆောက်ပေး နိုင်စွမ်းရှိတဲ့ “လူကောင်း” ကိုဘဲ ရွေးပြီး ထောက်ခံ အားပေး တာဖြစ်ကြောင်းလေး ……
ကိုကြောင်ကြီး ကို အသိပေးလိုက်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ :-)))

မှတ်ချက်
ဤစာကို ရေးသောရည်ရွယ်ချက်
နိုင်ငံရေးသမားဟု အမည်ခံ ထားသူတိုင်း ငါဘာရည်ရွယ်ချက်ကြောင့် နိုင်ငံရေး လုပ်နေတာလဲ ?
တိုင်းပြည်ထဲ က ကလေးငယ်တွေ၊ အရွယ်လွန် အဖိုးအဖွား တွေ အတွက် ရော တကယ်စဉ်းစား မိရဲ့လား ?
ပြည်သူ့ အကျိုးထက် ဒင်းတို့လက်ရှိ အာဏာရှင်တွေ ကို ငါတို့နိုင်ရမယ် ဆိုတဲ့ အညိုး အာဃာတ လက်စားချေ ဖို့ အတွက် လား ?
ဆိုတဲ့ မေးခွန်းတွေ ကို ကိုယ့်ကိုယ်ကိုရိုးသားစွာ ပြန်ဖြေပြီး ကိုယ့်ကိုယ်ကို ဝေဖန်သုံးသပ်ရန်။

ဘုန်းကြီး (ကိုကြောင်) ကို စာချခြင်းလဲ မဟုတ်ပါကြောင်း။ :-P

About မြစပဲရိုး

Khin Latt has written 240 post in this Website..