နှစ်စဉ် April Fool နေ့ ရောက်တိုင်းမှာ သူငယ်ချင်း ၊ မိတ်ဆွေ ၊ ဆွေမျိုးတွေအပါဝင် မိသားစုတွင်းက လူတစ်ဦး မဟုတ်တစ်ဦးကို ပစ်မှတ်ထားကာ ၊ ပိပိရိရိ အရူးလုပ်ပြီး စတတ် နောက်တတ်တဲ့ အကျင့်ရှိခဲ့တာကြောင့် 2013ရဲ့ April Fool နေ့ အတွက် ကျွန်မ ရဲ့ ပစ်မှတ်ထားပြီး စနောက်ခံရသူ ဘယ်သူဖြစ်မလဲ ဆိုတာ အတူနေမိသားစုက သတိထားရင်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ် ။

အသက်ရွယ်နဲ ညီမျှတဲ့ နေထိုင်မှု အကျင့် စရိုက်မျိုးရအောင် ပြောင်းလဲယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ စတဲ့ နောက်တဲ့ အကျင့်ကို တတ်နိုင်သမျှ ပြင်ပါတော့မယ်ဆိုတာမျိုးတွေးပြီး ၊ ဒီ 2013 မှာ April Fool ကို ခုတုံးလုပ်ပြီး ဘယ်သူ့ကိုမှ အရူးမလုပ် ၊ မစ မနောက်တော့ဘူးလို့ စဉ်းစားထားခဲ့ပါတယ် ။ ဒါကြောင့် ယခင်နှစ်တွေကလို အထူးတလည် အကြံထုတ်ပြီး စနောက်ဖို့ မပြင်ဆင်ပဲ ၊ သာမန်အတိုင်း လှုပ်ရှားသွားလာနေပါလျှက် အိမ်က မိသားစုဝင်တွေရဲ့ စောင့်ကြည့်နေကြတဲ့ မျက်စိစက်ကွင်းမှာတော့ သံသယတွေနဲ့ပါ ။

%%%%%%%%%%%%%%%%

အရူးမလုပ်တော့ဘူး ၊ မစနောက်တော့ပါဘူး တွေးထားကာမှ မနက်ဖြန် April Fool မှန်း အမှတ်ရနေမိပြန်တယ် ။ နှစ်တိုင်း လုပ်မြဲလုပ်ခဲ့တဲ့ အကျင့်တစ်ခုကို ဖျောက်ဖို့ အာရုံပြောင်းရင်း ၊ ပျင်းစရာကောင်းတဲ့  ဗွီဒီယိုဇာတ်ကား တစ်ခုကို လေးတွဲတွဲစိတ်နဲ့ ထိုင်ကြည့်နေခဲ့မိတယ် ။ ဇာတ်ကားထဲက မင်းသားနဲ့ အိမ်အလည်ခဏလာတည်းတဲ့ မင်းသမီး နှစ်ယောက်တည်း ရှိနေတုန်း အိမ်ကို သူခိုးဝင်ခိုးရင်း ၊ သူခိုးက ပြန်ထွက်လို့ မရ ၊ ဒါကို မင်းသားနဲ့ မင်းသမီးက သရဲခြောက်တာလို့ ထင်ပြီး ၊ တွန့်လိန်ကောက်ကွေးနေလောက်အောင် အရမ်းကြောက်နေတဲ့ အမူရာတွေ လုပ်ပြတာကြည့်နေတုန်း …. ဗြုန်းးးးးးးးးးး ဆို မီးပျက်သွားပါတယ် ။ အရာရာမှာ အမှောင် အတိဖုံး သွားတယ် ။

%$#@^&*!

တစ်ယောက်တည်း ပွစိပွစိ ရေ ရွတ်ရင်း ၊ ကြိုးစားပြီး အိပ်မယ်လို့တွေးကာ အိပ်ယာထဲ ၀င်လှဲနေခဲ့ပြန်တယ် ။ မီးပျက်တဲ့ ညတညရဲ့  ပူလောင်တဲ့ ဒဏ်က ခံရခက်လွန်းလှပါတယ် ။ ပြတင်းပေါက်တိုင်း လိုက်ဖွင့်ထားတာတောင် .. ဘယ်လိုမှ သီးမခံနိုင်လောက်အောင် အရမ်းပူလွန်းလို့ တော်တော်နဲ့ အိပ်မရခဲ့ဘူး ။ လက်နှစ်ဖက်မှာ ယပ်တောင်တစ်ချပ်စီကိုင်ပြီး မော်တာတပ်ထားသလို ထရစပ်ခပ်နေရင်းနဲ့ပဲ ဆိုးဆိုးရွားရွား ပူလောင်နေတာကြောင့် ၊ ရေထချိုးဖို့ ကြံစည်မိပြန်တယ် ။ အပူဒဏ်လျော့ဖို့ အရေး ရွှေဥာဏ်တော်စူးရောက်စွာနဲ့ ရေခဲရေနဲ့ ချိုးဖို့ စိတ်ကူးမိပါတယ် ။ ရေခဲ သေတ္တာထဲ ကြည့်တော့ ရေခဲရေပုလင်းလုပ်ထားတဲ့  1litre ပုလင်း ခုနှစ်ပုလင်းကို အဆင်သင့်တွေ့တယ် ။ တချို့ ပုလင်းတွေက အေးခဲနေပြီး တချို့ ပုလင်းတွေက တ၀က်တပျက် အရည်ပျော်နေပါတယ် ။ ရေခဲရေ 1 litre ပုလင်း ခုနှစ်ပုလင်းက ရေချိုးဖို့ လုံလုံလောက်လောက် မဟုတ်တဲ့ ပမာဏဖြစ်တာကြောင့် ၊ ခဲနေတဲ့ ပုလင်းတွေကို သာမန်ရေနဲ့ ရောစပ်လို့ အရည်ပျော်အောင် လုပ်ရင်း ၊ ရေအေးပမာဏ များလာအောင် လုပ်ပြီး ရေချိုးခဲ့ရတယ် ။ ရေချိုးပြီးလို့ အချိန်ကို ကြည့်တော့ မနက် တစ်နာရီကျော်ပါပြီ ။ April Fool နေ့ပါလား ဆိုတဲ့ အသိက ချိုးနှိမ်ထားခဲ့တဲ့ စချင်နောက်ချင် အရူးလုပ်ချင်စိတ်က ထိန်းမရ သိမ်းမရ  တဖွားဖွား ဖြစ်လာပြန်တယ် ။ ရေလည်း ချိုးထားတော့ မအိပ်ချင်သေးတာကြောင့် ၊ ဒီနှစ်တော့ တကယ့်ကို နောက်ဆုံး အကြိမ် စဦးမှ ၊ နောက်ဦးမှလို့ ဆုံး ဖြတ်ချက်ချရင်း ၊ ဘယ်သူ့ကို ဘယ်လို ဒုက္ခပေးရမလဲ စတွေးရပါတော့တယ် ။

%%%%%%%%%%%%%%%%

တအိမ်လုံး ပူပူ အိုက်အိုက်ဒဏ်ကို အလူးလဲ ခံစားပြီးမှ အိပ်ပျော်နေကြရှာပေမယ့်  ၊ ဒီ2013 အတွက် ပစ်မှတ်ကတော့ သူတို့ ကလွဲပြီး တခြား လူ မဖြစ်နိုင်တော့တာကြောင့် အားနာနာနဲ့ပဲ တအိမ်လုံးကို ပတ်ပြီး အရူးလုပ်ဖို့ အကြံ ထုတ်ရပါတော့တယ် ။ ဆိုးဆိုးရွားရွား ဒုက္ခပေးဖို့ မရည်ရွယ်ထားပေမယ့် ကသိကအောက် ဖြစ်အောင် လုပ်မယ်လို့တော့ ၊ ကြိုတွေးထားပါတယ် ။

ပထမဆုံး အိမ်သားအားလုံးရဲ့ သွားတိုက်သွားပွတ်တံတွေ ၊ မျက်နှာသုတ်ပုဝါတွေကို ဖွက်ပြီး ပလပ်စတစ်အိတ်တွေနဲ့ သီးသန့် တခုချင်းခွဲလို့ စက္ကူပုံးထဲ တခါပြန်ထည့်ပြီး ကုတင်အောက်မှာ ဖွက်ခဲ့ပါတယ် ။မိုးလင်းလို့ အလုပ်ခွင်ဝင်ဖို့ မျက်နှာသစ် သွားတိုက်တဲ့ အခါ ……… …. ….               ……..  :mrgreen: အောင့်သီး အောင့်သက်ဖီလင်ကြီးနဲ့ နေ့တနေ့ကို စတင်ကြရမှာပါ ။

အိမ်မှာ သုံးတဲ့ ဆားပုလင်းနဲ့ သကြား ပုလင်း ထည့်ထားတဲ့ ပုလင်းပုံချင်း တူပေမယ့် အဖုံးအရောင်သာ ကွာတာကြောင့် အိုးသူကြီးလုပ်တဲ့ အဖွားကို စချင်လို့ ဆားနဲ့ သကြား ပုလင်း အဖုံး ချင်း လဲ တပ်ခဲ့ပါတယ် ။ မနက်မိုးလင်းလို့ ကော်ဖီဖျော်တဲ့ အခါပဲဖြစ်ဖြစ် ၊ ဟင်းချက်တဲ့ အခါပဲဖြစ်ဖြစ် ၊ အဖွား လက်စွမ်းပြတဲ့ အခါ အရသာ ထူးခြားတဲ့ အစားသောက်တွေကို အိမ်သားတွေ စားရစေဖို့ ရည်ရွယ်ခဲ့ပါတယ် ။ဒါ့ပြင် အရမ်း ရိုးအေးပြီး အယုံလွယ်တဲ့ ရှေးလူကြီးအဖွားဖြစ်သူအတွက် သနပ်ခါးဗူးထဲမှာ ကလစ်ကပြုတ်တဲ့ ကျောက်လေး ၊ လေးငါးလုံး ထည့်ပေးထားခဲ့ပါတယ် ။ သနပ်ခါးဗူးထဲက မေတ္တာလက်ဆောင် ထည့်ပေးတယ်လို့ ထင်အောင်လို့ပါ   ။  ဟိုး နှစ်တွေတုန်းကလည်း ပုလဲလုံးတွေ ၊ သာမညလက်စွပ်တွေ သနပ်ခါးဗူးထဲ ထည့်ပြီး အဖွားကို နောက်ခဲ့ဖူးပါတယ် ….. ။ နောက်တိုင်းလည်း သူခံခဲ့ရပေမယ့် ဒီတခါရော ကျွန်မ အစီစဉ်တွေ အောင်မြင်ပါ့မလား ဆိုတာတော့ …….. အခုထိတော့ အဖြေမပေါ် နိုင်သေးပါဘူး ။

အမေဖြစ်သူနဲ့ ယောက်မဖြစ်သူကို နောက်ဖို့တော့ …….. သူတို့ စလင်းဘတ်အိတ်တွေထဲက ပစ္စည်းချင်းလဲ ထည့်ခဲ့တာပါပဲ ။ အပြင်သွားခါနီး အိတ်ကို မစစ်ပဲ ဒီတိုင်း ယူသွားလျှင် ကျိန်းသေပေါက် ကမောက် ကမ ဖြစ်ကြရပါတော့မယ် ။ အိမ်က လူအကုန်လုံးကို စနောက်ဖို့ ရည်ရွယ်ထားတာကြောင့် ပွဲတိုင်းကျော် မပါမဖြစ် ၊ မျက်နှာ ချင်းဆိုင်တိုင်း ထထသတ်ရလေ့ ရှိတဲ့ အစ်ကိုကိုတော့ ……. သူအိပ်နေတုန်း ဘောင်းဘီ စနဲ့ အိပ်ယာခင်းကိုတွဲပြီး တွယ်ချိတ် လေးငါးခုနဲ့ တွဲချည်ထားခဲ့ပါတယ် ။ အမြဲတမ်း အိပ်ယာနောက်ကျမှ ထတတ်ပြီးကမန်းကတန်း ဗြုတ်စဗျင်းထောင်း အလုပ်သွားတတ်တဲ့ အကျင့်ရှိတာကြောင့် အလျှင်စလို အိပ်ယာ ထတဲ့အခါ ၊ အိပ်ယာခင်းလည်းပြဲနိုင်သလို သူ့ဘောင်းဘီလည်း ပြဲ နိုင်ပါတယ် ။

နောက်ဆုံးတော့ ဒုက္ခပေးစရာ တူလေးတစ်ယောက်ပဲ ကျန်ပါတော့တယ် ။ အဖေနဲ့ အမေကြားမှာ အိပ်နေတဲ့ တူလေးက စောင်ခြုံပြီး အိပ်တတ်တဲ့ အကျင့်ရှိပါတယ် ဘယ်လောက်ပူပူ ၊ အေးအေး စောင်လေးရင်ဘတ်ပေါ်ကနေ ခြုံပေးမှ အိပ်တတ်တာပါ ။ သူ့ကိုတော့ ခြုံထားတဲ့ စောင်နဲ့ပဲ ခြေထောက်ပိုင်းကို ပတ်ပြီး အောက်နားကို စောင် အထုံး လုပ်ထားခဲ့ပါတယ် ။

%%%%%%%%%%%%%%%%

တအိမ်လုံးကို လှည့်ပတ်လုပ်ကြံပြီးတော့ အချိန်က မနက် လေးနာရီစွန်းစွန်း ……. ။ ခဏလောက်မှေးပြီးမှ ရုံးသွားတော့မယ်လို့ စိတ်ကးကာ ခဏမှေးရာမှ ၊ အိပ်ပျော်သွားခဲ့ပါတော့တယ် ။

စူးစူးဝါးဝါး …… မရပ်မနား နှိုးစက်က အသံကို နားထောင်ရင်း ဒါဒုတိယ အဆင့် ပေးထားတဲ့ နှိုးစက်သံလို့ အတပ်သိကာ ရုံးနောက်ကျတော့မယ်ဆိုတဲ့ အသိကြောင့် သာမန်နှုန်းထက် နှစ်ဆတင်ပြီး ဝေယျာဝစ္စတွေလုပ်လို့ အိမ်က ထွက်မယ်လုပ်တော့မှ …လွယ်နေကြ  ပိုက်ဆံအိတ်မှာ ကြိုးတွေ ဖြုတ်ခံထားရတာ တွေ့ရပါတော့တယ် ။ ၀ဋ်ဆိုတာ နေ့တောင်မကူးပါပဲ ချက်ချင်း ပြန်လည်နေပါပြီ ။   သွားခါနီးလာခါနီး အချိန်မရှိရတဲ့ အထဲ ပျောက်နေတဲ့ ပိုက်ဆံအိတ်လက်ကိုင်းကြိုးတွေ ရှာမရခဲ့ပါဘူး ။ သူများတွေကို အမြဲ April Fool လုပ်ခဲ့တဲ့ အတွက်ဒီနှစ်မှာ ကိုယ်ပြန်ခံရတာပါ ။ အဲ့ဒီအချိန်မှာမှ အရင်က စခဲ့ နောက်ခဲ့တာတွေကို …. ကိုယ်ချင်းစာမိခဲ့ပါတယ် ။

တအိမ်လုံး မှာ အစော ဆုံး ထပြီး အလုပ်သွားရတဲ့ ကျွန်မကို ဘယ်သူကမှ ဖွက်ထားတဲ့ ပိုက်ဆံ အိတ်လက်ကိုင်းတွေ ပြန်ထုတ်ပေးမှာ မဟုတ်မှန်း သိတာကြောင့် လက်ကိုင်း မပါတဲ့ ပိုက်ဆံအိတ်ကိုပဲ ဗြုတ်စ ဗျင်းထောင်း  ပိုက်ပြီး ၊ တွေ့တဲ့taxi ငှားလို့ ဖယ်ရီဂိတ်ကို အမှီပြေးရပါတော့တယ် ။ ဖယ်ရီဂိတ်ရောက်လို့ ကား ခရှင်းမယ်လုပ်တော့မှ ဖြုတ်ထားတဲ့ လက်ကိုင်းတွေ ပိုက်ဆံ အိတ်ထဲ အကုန် ပါလာတာ တွေ့ ရပါတော့တယ် ။  :mrgreen:  တကယ့်ကို စိတ်ခံစားမှု ပေါင်းစုံနဲ့ ပျော်ရွှင်ခဲ့ရပါတယ် ။

ကိုယ်တောင် တခါပဲ ခံခဲ့ရရုံနဲ့ အတော်လေး စိတ်ကသိကအောက်ဖြစ်ရတာ ကိုယ့်ကြောင့် နှစ်တိုင်း အမြဲ ခံနေရတဲ့ မိသားစုသာဆိုလျှင် ဆိုတဲ့ အတွေးမျိုးဖြစ်မိတာကြောင့်  ……. အားနာ စိတ်ဖြစ်ခဲ့ပေမယ့် …..  ညက စနောက်ဖို့ ရည်ရွယ်ခဲ့တာတွေကိုတော့ …. အချိန်ရှားပါးခက်ခဲတဲ့အတွက် ပြန်မပြင်နိုင်ခဲ့ပါဘူး ။  အိမ်ပြန်ရောက်လျှင် စိတ်ကောက်နေကြမလား ၊ရယ်မောနေကြမလားလို့ ….. တွေးရင်း …..

သေချာတာတော့ (တကယ်…. တကယ်ပါ )   နောက်နှစ် ဘယ်သူ့ကိုမှ April Fool ကို ခုတုံးလုပ်ပြီး လျှောက် မကြပ်တော့ပါဘူးလေ ……..    :kwi:

 

Happy April Fool 2 U All ^^

Happy April Fool 2 U All ^^

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!