လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာဗျ၊ အဲဒီစကား သိပ်မှန်တယ်။ ဘာလုပ်လုပ် တခုခုဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ (သိစိတ် Conscious ဖြစ်စေ မသိစိတ် Unconscious ဖြစ်စေ) လုပ်ကြတာ။ ဖြစ်တန်စွမ်း Probability ဒါမှမဟုတ် ယုတ္တိဆန်တဲ့ ယုံကြည်မှု သိပ်အရေးကြီးတယ်။ ထီထိုးတာပဲကြည့်..၊ ပေါက်ဂဏန်း များလျင်များ  ဆုကြေးလျင်ကြီး ဒါမှဈေးကွက်ဝင်တယ်၊ တခါတလေလဲ သိပ်ပြင်းပြတဲ့ အာသီသ အစားသွင်း လုပ်ကြတာလဲ ရှိတယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် မြစ်ကူး လှေ၊ဖောင်တွေဖျက်ပြီး အသေခံတိုက်ခိုင်းတာ ဥပမာဗျာ..။ အဲလိုမဟုတ်ဆိုရင် လုပ်မည့်သူမရှိတော့.. လုပ်လည်း စိတ်ထက်သန်မှုမဲ့လို့ စစ်မရောက်ခင် မြှားကုန်သွားပြီ။ မဖြစ်နိုင်တာကြီး ဇွတ်ယုံနေရင် ရမလားဆို၊ ဘယ်ရမလဲနော် သို့သော် လူမှန်ရင် ဘုရားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ထုံး နှလုံးမူပြီး မဖြစ်နိုင်တာ မရှိ nothing impossible စိတ်ခွန်အား မြှင့်တင်ရေး ရှုဒေါင့်ကနေ ပြောတာပါ။

ဘယ်ကစမလဲ… ယုံကြည်မှုကနေစပါ။ (လွတ်လပ်စွာ ကွဲလွဲနိုင်သည်) လွတ်လပ်တဲ့ လူတယောက်အတွက် ယုံကြည်ချက်ရှိမှ အရာတခုခုကို လုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်။ မိဘအတင်းခိုင်းလို့ ဆရာဝန်လိုင်းလိုက်ရတောင် ဆေးသိပ္ပံပညာအပေါ် လက်ခံနိုင်ရမယ်လေ၊ အဲလိုကြေးဆို စိတ်ဖောက်ပြန်မနေတဲ့ လူတိုင်းသည် တခုခုအပေါ် ဖြစ်တယ်၊ ဖြစ်လိမ့်မယ်ဆိုတဲ့ ယုံကြည်မျှော်လင့်ချက် ရှိထားတယ်။ ယုတ်စွအဆုံး ခြေလက်အင်္ဂါတွေ နေ့စဉ်ဓူဝ သုံးတာတောင် တခုခုပြီးမြောက်တယ် ထင်လို့လုပ်တာ မဟုတ်ဘူးလား။ ခြေနဲ့လျောက်လို့ ခရီးပေါက်တယ်..

အဲလိုမဖြစ်ထင်ရင် ကင်းမီးကောက်ထောင်သွား၊ တုံးလုံးလှဲသွားဖို့လည်း ကြံစည်ကြမှာပေါ့။ သိပ်အခြေခံကျကျ ပြောတာပါ။ အားအားယားယား ကိုယ့်အသားကိုယ် ဘယ်သူမှ ကုတ်ဖဲ့မနေဘူး၊ ယားမှကုတ်တယ်၊ ကုတ်ရင် အယားပြေတယ် ထင်တာကိုး..။ ဒါဆို ရုပ်ပိုင်းပျက်ဆီးမှု တကယ်ဖြစ်မနေဘူးလား စောဒကတက်ချင်တက်မယ်၊ ဖြစ်နေပါတယ်၊ ဖြစ်နေလို့လည်း ရုပ်နာမ်ဖြစ်ပျက် ဘုရားအဟော ရှိထားတာပေါ့နော်။ သို့သော် အဲဒီအယား သတ်မှတ်ချက်သည် လူတဦးခြင်းစီနဲ့ ဆိုင်တယ်။ ရုပ်ကလပ်စည်း ဖောက်ပြန်ပေမဲ့ စိတ်ပိုင်းလက်ခံ တုံ့ပြန်ပုံ မတူဘူး။ အဆင့်မြင့်သွားရင်တော့ ရုပ်၊နာမ် အပြန်အလှန် သက်ရောက်ခြင်း သဘောရှိလို့ ပုထုဇဉ်မှာဖြစ်တဲ့ ရုပ်ပိုင်းသွေးသား ဖောက်ပြန်မှု ငြိမ်းသွားပါပြီ။ (ဥပမာ – မဂ်ညဏ်မပြောနဲ့ သမထလွန်ပြီး ကာမကိလေသာဆန္ဒ လပိုင်း၊နှစ်ပိုင်း ချုပ်သလိုဖြစ်တာ များစွာရှိတယ်) ကြုံလို့ပြောတာပါ၊ ဟိုးတလောက ပစ္စုပ္ပန်ရုပ်ဝါဒီတဦးပြောတဲ့ ရဟနာ္တရော ကာမအားတိုးဆေးကျွေးရင် ခံနိုင်ရည် ရှိပါ့မလားဆိုတာ အမှတ်ရလို့။

ရေးရင်းနဲ့ စာရှည်သွားပြီ၊ နှစ်ကူးလက်ဆောင် ပေးချင်တာ ဓမ္မစကားပါ။ ဓမ္မမှ ပရမတ်နဲ့ဆိုင်တဲ့ ပညတ်စကား အနှစ်သာရ၊ သေချာနားထောင်…။ ကျုပ်တို့ နုဿတိဘာဝနာ တခုခုကို ပုတီးစိပ်လို့ဖြစ်စေ လက်လွတ်ဖြစ်စေ ပွားလေ့ရှိတယ်၊ အများဆုံးက ဗုဒ္ဓနုဿတိပေါ့ဗျာ…။ ဝိပဿနာ ရှုတယ်ဆိုလည်း ကနဦးအစ သမထအာရုံ ယူလိုက်တာပဲ။ နောက်မှ ကိုယ်သန်ရာ တရားဆင်ခြင်မှု အားထုတ်တယ်။ ဓမ္မရှုဒေါင့် သက်သက် ပြောရင်တော့ အာသဝေါမကုန် ရဟနာ္တ မဖြစ်သ၍ တခုခု အကိုင်စွဲ ပြုထားရတယ်။ ဒီတော့ နှစ်သစ် သမထ၊ဝိပဿနာ အစွဲ တခု လုပ်ကြရအောင်။

အကျင့်မရှိရင် နည်းနည်း ခက်ချင်ခက်မယ်။ ဝိပဿနာ အားသန်သူ၊ အခြေခံရှိသူများအတွက် ဓမ္မဂုဏ်တော် ခြောက်ပါးထဲက အကာလိကော ဓမ္မာနုဿတိပါ။ အချိန်အခါမလပ် အကျိုးပေးသော အဓိပါယ် ထွက်ပါတယ်။ “အကာလိကော ဓမ္မော” ကို အရဟံဂုဏ်တော်လို ပုတီးစိပ်၊ စိတ်မှာရေရွတ်ရင်း ကာလသုံးပါးလွတ်မြောက်မှု ဝိမုတ္တိစိတ် နှလုံးသွင်းတတ်ရင် သမထ၊ ဝိပဿနာ နှစ်ပါးစလုံး မြောက်နိုင်တယ်။ အခါမရွေး အကျိုးပေးတယ် ဆိုမှတော့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါး အယူ မယူတဲ့ သဘောပဲ။ အရေးကြီးတာ ဆင်ခြင်နေတဲ့ ပစ္စုပ္ပန်စိတ်ကို အတည်မယူဖို့၊ ဘာလို့လဲဆိုတော့ ပစ္စုပ္ပန် အရှိယူရင် အတိတ် အနာဂတ်ကိုလည်း ဖယ်မရဘူး။ ကာလသုံးပါး အယူထဲ ပြန်ပိတ်မိသွားတယ်။ အဲဒီမှာ အကာလိကော ဓမ္မဂုဏ်တော်ကို အားဆေးအဖြစ်သုံးမယ်။ ဖြစ်မှဖြစ်ပါ့မလား၊ ဘယ်လောက်ကျင့်ရမှာလဲ မတွေးနဲ့.. အခုလုပ် အခုဖြစ်တယ်။ ဖြစ်တယ်ပျက်တယ်အစား အခုမရှိသလို အရင်လည်း မရှိ၊ အနာဂတ်မှာလည်း မရှိဘူး။ အခုရှိတာ အရင် အရှိယူလို့ နောင်လည်းရှိနေတာ။ ဒါဆို သုညတသဘော ယုတ္တိဆန်မှန်း လက်ခံလာမယ်။

သီအိုရီပိုင်း ကြေညက်တာ မမှားပေမဲ့ အလုပ်ပိုင်း ရောက်တဲ့အခါ အတွေး စွန့်လိုက်ပါ။ လက်ရှိကို တွေးတော ဆင်ခြင်မှု အတတ်နိုင်ဆုံး ကင်းရမယ်။ ဂုဏ်တော်ပွားလို့ သမာဓိဖြစ်ရင် အကာလိကော အနက် ခဏမဆိုင်း လက်ငင်း မဂ်ဖိုလ် အကျိုးထူးပေးတယ် အသိပြောင်းယူပြီး အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ သုံးပါးစလုံး ဖြတ်ချလိုက်…..။ ငါ အခုတရား မှတ်နေလို့ တရားရတော့မှာလား (ပစ္စုပ္ပန်)၊ မှတ်တာနာရီဝက်ရှိလို့ (အတိတ်) နောက်နာရီဝက် (အနာဂတ်) ကြာရင်တော်ပြီ မသိနဲ့။ တရားရဖို့လဲ မဟုတ် တရား မရမှာလည်း မပူ၊ အနတ္တ မမျှော်ဘဲ အတ္တစွန့်လိုက်တဲ့သဘော ကြိုးစားယူတာ။ ဓမ္မသဘော မပါဘဲ ကာလသုံးပါး စွန့်တာကို အတည်ယူ ဆုပ်ကိုင်ရင်တော့ မထူးဘူး။ ပြုလုပ်ခြင်းနဲ့ စွန့်ခြင်း ကွဲပြားရမယ်၊ ညဏ်မပါဘဲ စွန့်နေလို့ကတော့ စွန့်ခြင်း ပြုလုပ်နေတာပဲ။ တကယ် လုပ်ရမှာ ပြုလုပ်ခြင်း စွန့်ရမှာ။ အလယ်တန်း သချာင်္က ယူနီယံ U နဲ့ အင်တာဆက် n ကိုမြင်ကြည့်ပါ။ အင်တာဆက်ထဲ ယူနီယံ မပါဘူး၊ ယူနီယံထဲမှာပဲ အင်တာဆက် ပါတယ်။

အတည်ယူ စွဲမှတ်ခြင်း သမာဓိမှ သုညတသဘောသို့ ပြောင်းခြင်းဖြစ်ပါတယ်။ သမာဓိသက်သက်နဲ့ မတူတဲ့ အသိပြောင်းလာတိုင်း ဆုပ်ကိုင်မထားဘဲ အကာလိကော ဂုဏ်တော် ယုံကြည်မှုသဒ္ဓါစိတ်နဲ့ ရှိသမျှအား ပုံအော သုံးတဲ့နည်းလို့ ပြောပါရစေ။ ပြုလုပ်မှုနဲ့ စွန့်လွှတ်မှု ကွဲပြားလာသလောက် ညဏ်အလင်း ပွင့်ပါမယ်။ သုညတ ပရမတ်သဘောကို လက်ခံနိုင်လာမယ်၊ စွန့်လွှတ်ခြင်းကပေးတဲ့ အကန့်သတ်မဲ့ စွမ်းအား နားလည်လာမယ်။ ဓမ္မအသိမှနေ ရတနာသုံးပါး ဂုဏ်တော် ကြည်ညို အာရုံပြု တတ်လာမယ်။ ပညတ်သုံးသုံး ပရမတ်ရှုရှု၊ လောကီ လောကုတ် အသုံးတဲ့ကြောင်း သိလာမယ်။ ချမ်းသာအစစ် မရသေးတောင် ဘာကို ချမ်းသာအစစ်ခေါ်တယ်၊ ဘာကြောင့် ချမ်းသာအစစ် ရထိုက်တယ် မြင်လာမယ်….။ ချမ်းသာဖို့ လွတ်မြောက်ရမယ်၊ လွတ်မြောက်ဖို့ စွန့်လွှတ်ခြင်း လက်ခံလာမယ်။ ဘုရား၊ တရား၊ သံဃာသည် ကိုးကွယ်ရာ၊ မိမိကိုယ်သာ အားထားရာဆိုတာ ယုံကြည်လာပါမယ်။ အဲဒါ မိမိကိုယ်တွင်း သရဏဂုံအစစ် ဆောက်တည် ဘုရားတည် သာသနာပြုခြင်းပါပဲ…..။ နှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းကြပါစေ..။

စရာတော် ဦးကြောင်ကြီး J

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး