ဒီနှစ်သင်္ကြန်ပိတ်ရက်မှာ တရုတ်ပြည်နယ်စပ်မြို့ ရွှေလီသို့ အလည်တစ်ခေါက်သွားဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက် တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၀၄ ခုနှစ်မှာတစ်ကြိမ်နဲ့ ယခု ၂၀၁၃ မှာတစ်ကြိမ်ဖြစ်ပါတယ်။ ခရီးသွားအတွေ့အကြုံများနေပြီဖြစ်တဲ့အတွက် သိချင်တဲ့သူတွေရှိရင် ဗဟုသုတရစေရန်ရည်ရွယ်ပြီး ခရီးစဉ်တစ်ခုအနေနဲ့ ရှင်းပြပေးချင်တဲ့ဆန္ဒဖြစ်လာတာနဲ့ ခရီးသွားဆောင်းပါးတစ်ခုအနေနဲ့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ကျွန်မတစ်ဦးတည်း ကိုယ်တွေ့အမြင်အတိုင်း ရေးမှာဖြစ်တဲ့အတွက် အမှားအယွင်းလဲ ပါနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အပျော်သဘောမျိုး ကျွန်မပို့စ်နဲ့အတူ ရွှေလီကို အလည်လိုက်ခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ပထမဆုံး ပြောပြချင်တာကတော့ ဘယ်လိုသွားမလဲဆိုတာပါ။ မူဆယ်ကို သွားမယ်ဆိုရင် ရန်ကုန်-မန္တလေး-မူဆယ် ကားလက်မှတ်ဝယ်ပြီး သွားလို့ရပါတယ်။ လက်ရှိပေါက်ဈေးကတော့ အသွား ၂၅၀၀၀ ကျပ်၊ အပြန် ၂၅၀၀၀ ကျပ်ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ဘုရားဖူးအဖွဲ့တွေနဲ့ အဆင့်မြင့်ခရီးစဉ်၊ ရိုးရိုးခရီးစဉ် နှစ်မျိုးဖြင့် စိတ်ကြိုက်ရွေးပြီးသွားလို့ရပါတယ်။ လမ်းမှာရှိတဲ့ ဘုရားတွေအကုန်ဝင်ပေးမှာဖြစ်ပြီး ထမင်းကျွေး၊ တည်းခိုစရာတွေပါ စီစဉ်ပေးပါတယ်။ နောက်တစ်နည်းကတော့ လားရှိုးအထိ လေယာဉ်နဲ့သွားပြီး လားရှိုး-မူဆယ် ကားစီးပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆက်သွားရမယ်။ ကျွန်မတို့ ရွေးချယ်လိုက်တဲ့ နည်းလမ်းကတော့ ကိုယ့်ကားနဲ့ကိုယ် သွားတဲ့နည်းလမ်းဖြစ်ပါတယ်။ ခရီးသွားခဲ့တာ များနေပြီဖြစ်တဲ့အတွက် ကိုယ့်စိတ်တိုင်းကျ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ လွတ်လွတ်လပ်လပ် သွားချင်တဲ့အတွက်ကြောင့်ပါ။

ရန်ကုန်-မန္တလေး အမြန်လမ်း ၃၆၆ မိုင်၊ မန္တလေး-မူဆယ် ၂၈၀ မိုင်၊ ရန်ကုန်ကနေ ထောက်ကြန့်အထိပါပေါင်းလိုက်ရင် စုစုပေါင်း ၆၆၀ မိုင်လောက် ရှိပါတယ်။ တောင်တက်လမ်း မိုင် ၁၀၀ နီးပါးရှိပါတယ်။ လမ်းတွေအားလုံး ချောမွေ့ကောင်းမွန်နေပြီဖြစ်တဲ့အတွက် ဘယ်ကားနဲ့မဆို သွားလို့အဆင်ပြေနေပါပြီ။ ကျွန်မတို့ ရွေးချယ်ခဲ့တဲ့ ကားကတော့ (အိမ်မှာရှိတာထဲကပဲ ရွေးလို့ရတာပေါ့လေ) Honda Civic ကားအသေးလေးဖြစ်ပါတယ်။ hybrid အင်ဂျင်ဖြစ်တဲ့အတွက် ဆီစားသက်သာပြီး အဲယားကွန်းနိုင်နင်းအတွက် ကားသေးပေမယ့် သက်တောင့်သက်သာရှိခဲ့ပါတယ်။ အသွား အပြန်အတွက် ဆီဖိုးအားလုံး တစ်သိန်းနှစ်သောင်းဖိုးသာ ကုန်ကျခဲ့ပါတယ်။

အဖေရယ် အမေရယ် ကျွန်မရယ် သူငယ်ချင်းတစ်ယောက်ရယ် ဒရိုင်ဘာတစ်ယောက်ရယ် ၅ ယောက်အတူသွားခဲ့ပါတယ်။ ကားက အရမ်းနိမ့်လွန်းလို့ ပေါ့ပေါ့ပါးပါး အ၀တ်အစားအနဲငယ်ကလွဲရင် ဘာမှ သယ်မသွားခဲ့ပါဘူး။ သက်တောင့်သက်သာ သွားဖို့ရည်ရွယ်ခဲ့လို့ ရောက်တဲ့နေရာတိုင်းမှာ အနားယူပြီးမှ ဖြည်းဖြည်းချင်းခရီးဆက်ခဲ့ပါတယ်။

ဧပြီ ၁၁ ရက်နေ့ည ၁၀ နာရီခန့်လောက် ရန်ကုန်ကနေ စထွက်ခဲ့ပါတယ်။ ည ၁၂ နာရီခွဲလောက်မှာ ၁၁၅ မိုင် နားနေစခန်းကို ရောက်တယ်။ ခရီးသွားတဲ့လူတွေ များလိုက်တာ အရမ်းပါပဲ။ မနှစ်က သင်္ကြန်တုန်းကထက်ကို ပိုများပါတယ်။ အမြဲတမ်းဝင်နေကျ feel စားသောက်ဆိုင်ထဲကို ၀င်ချင်ပေမယ့် လူတွေတိုးကြိတ်နေတာနဲ့ ဘယ်လိုမှ ၀င်လို့မရလို့ ရွှေခရားကြီးဆိုင်မှာပဲ ခဏ၀င်ထိုင်ပြီး ကော်ဖီသောက်တယ်။

၁၁၅ မိုင်က ပြန်ထွက်လာပြီးနောက်ပိုင်းမှာတော့ ကျွန်မအိပ်ပျော်သွားပါပြီ။ အမြန်လမ်းရောက်တိုင်း ဘယ်လိုမှမဟန်နိုင်ပဲ အမြဲတမ်း အိပ်ပျော်လေ့ရှိတာ အကျင့်တစ်ခုလိုဖြစ်နေပြီ။ ဒါပေမယ့် အရမ်းကောင်းကောင်းမအိပ်ရဘူး။ လက်မှတ်စစ်တဲ့ဂိတ်တွေရောက်တိုင်း ကားတန်းကြီးကို တန်းစီစောင့်ရတာ ပျင်းစရာအရမ်းကောင်းပါတယ်။ အဲဒီလိုနဲ့ ဆက်မောင်းလိုက်တာ မိုးလင်းတဲ့အချိန်မှာ မန္တလေးဘက်ကို ၀င်နေပါပြီ။ ထုံးဘိုလမ်းခွဲဘက်ကနေ မေမြို့ကို တန်းမောင်းလိုက်တာ မနက် ၈ နာရီခွဲမှာ မေမြို့ကို ရောက်တယ်။ မနက်စာမစားရသေးတဲ့အတွက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ မနက်စာစားကြပါတယ်။ စားပြီးတော့ နားဖို့အတွက် ဟိုတယ်လိုက်ရှာကြတယ်။

ဟိုတယ်ဆိုပေမယ့် စပါယ်ရှယ်အကောင်းစားကြီးမဟုတ်ပါဘူး။ ကျွန်မတို့နဲ့ မိတ်ဆွေတွေလို ရင်းနှီးနေတဲ့ မေမြို့ရောက်တိုင်းတည်းခိုနေကျ ဟိုတယ်တစ်ခုပါ။ သာရှန်ဟဲလို့ နံမည်ရတဲ့ တရုတ်ဆန်တဲ့ ဟိုတယ်တစ်ခုမှာ အခန်းယူုပြီး နေ့လည် ၁၂ နာရီထိုးခါနီးအထိ အိပ်လိုက်ကြပါတယ်။ ပြီးတော့မှ ရေချိုးပြီး အနီးအနားက စားသောက်ဆိုင်တစ်ခုမှာ ထမင်းသွားစားကြတယ်။ သင်္ဂဟ လို့နံမည်ရတဲ့ ရှမ်းဆိုင်တစ်ဆိုင်ပါ။ အရသာ ဈေးနှုန်းနဲ့ နေရာထိုင်ခင်းမဆိုးပါဘူး။ ထမင်းစားပြီးတော့ ရုက္ခဗေဒဥယျာဉ်ကို သွားလည်ကြတယ်။ အေးအေးဆေးဆေး ကြိုက်သလောက် လမ်းလျှောက် ကြိုက်သလောက် ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ပန်းပုံတွေအများဆုံးရိုက်ခဲ့ပြီး ပို့စ်အနေနဲ့ တင်ထားပြီးဖြစ်ပါတယ်။

ရှုခင်းပုံတစ်ချို့ ထပ်တင်ပေးလိုက်ပါတယ်။

ပုံ (၁)

ပုံ (၁)

ပုံ (၂)

ပုံ (၂)

ပုံ (၃)

ပုံ (၃)

ပုံ (၄)

ပုံ (၄)

ပုံ (၅)

ပုံ (၅)

ပုံ (၆)

ပုံ (၆)

ပုံ (၇)

ပုံ (၇)

ရုက္ခဗေဒဥယျာဉ်ဝင်ကြေးလက်မှတ်က လူကြီးတစ်ယောက် ၅၀၀ ကျပ်ပါ (သိပ်မသေချာ)၊ ကင်မရာတစ်လုံးအတွက် ၁၀၀၀ ကျပ်ပေးရပါတယ်။ တစ်ဝင်းလုံးလမ်းလျှောက်ရမှာ ပင်ပန်းတယ်ထင်ရင်တော့ ပုံ (၇) ထဲက လျှပ်စစ်ကားလေးနဲ့ သွားလို့ရပါတယ်။ ကားလေးတစ်စီးကို ၈၀၀၀ ကျပ်ပေးရမယ်ဆိုလို့ ကျွန်မတို့ကတော့ မစီးခဲ့ဘူး။ ကိုးခြောက်ကိုးသုံးနဲ့ပဲ ပတ်ခဲ့ကြတယ်။

ရုက္ခဗေဒဥယျာဉ်ကို ၁၉၈၉ ခုနှစ်က ပထမဆုံးအကြိမ်ရောက်ဖူးခဲ့ပြီး ယခုတစ်ခေါက်ဆိုရင် အနဲဆုံး ၁၀ ကြိမ်လောက်တော့ ရှိပါပြီ။ ခါတိုင်းလာဖြစ်တဲ့အခါတိုင်း တစ်နှစ်နဲ့တစ်နှစ် ထူးထူးခြားခြားမရှိခဲ့ပေမယ့် ဒီတစ်ခါမှာတော့ ပန်းတွေအများကြီး သေသေချာချာ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ကောင်းတဲ့အပြောင်းအလဲတစ်ခုအနေနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။

ကော်နက်ရှင် အရမ်းဆိုးနေလို့ အပိုင်း (၁) ကို ဒီမှာပဲ ခဏ နားခွင့်ပြုပါ ..

အပိုင်း (၂) ကို ဆက်လက်အားပေးကြပါအုန်း ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....