山崎 雄介

ဗီယက်နမ်နဲ့ ကျည်ဆန်ရထား

အာရှမှာ ကျည်ဆံရထားလို့ ပြောလိုက်ရင် ဂျပန်ကို သတိရကြမှာပါ .. ကျည်ဆံရထားကို အာရှမှာ ပထမဆုံးတည်ထွင်ထုတ်လုပ် နိုင်ပြီး ကမ္ဘာအဆင့်မီ နိုင်ငံတွေ ထက်ကို သာအောင် တည်ထွင်ထားနိုင်ပါတယ် .. သူ့ရဲ့ ပထမဆုံးကျည်ဆံရထားကို ၁၉၆၄ ခုနှစ်မှာ စတင်မောင်းနှင်နိုင်ခဲ့ပြီး တနာရီကို ၂၆၄ ကီလိုမီတာနဲ့ ကမ္ဘာစံချိန်တင်ထားခဲ့ပါတယ် .. အဲဒီကနေ အဆင့်ဆင့် တီထွင်လာလိုက်တာ
အခုအချိန်ဆိုကမ္ဘာအမြန်ဆုံးကျည်ဆံရထားကို တီထွင်ပြီးနေပြီး စမ်းသပ် မောင်းနှင်အဆင့်မှာပါ .. အဲဒါကို ၂၀၁၆ ခုနှစ်မှာ တိုကျို – အိုဆာကာ လမ်းပိုင်းမှာ ပထမဆုံးပြေးဆွဲမှာဖြစ်ပါတယ် .. ဂျပန်က စက်မှုနိုင်ငံပဲကွာ .. ဒီလို ထွင်နိုင်တာ ဒီလိုလုပ်နိုင်တာ ဘာဆန်းလဲလို့ ပြောပါလိမ့်မယ် .. ဟုတ်ကဲ့ .. ဂျပန်အတွက် အဆန်းမဟုတ်ပေမယ့် အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက အခု ကျည်ဆံရထား ပြေးဆွဲဖို့အတွက် ဟနွိုင်းနဲ့ ဟိုချီမင်းကို ကျည်ဆံရထားလမ်းစတင်ဖောက်နေတာပါပဲ .. အတော် ခရီးရောက်နေပါပြီ .. ဂျပန်နိုင်ငံရဲ့ ကျည်ဆံရထားကုမ္ပဏီဖြစ်တဲ့ ဟီတာချီ ကုမ္ပဏီရဲ့ ကြီးကြပ်မှုနဲ့ ပါ ပဲ ..

(ဂျပန်နိုင်ငံက အခုလက်ရှိစမ်းသပ်အဆင့်မှာ ရှိနေတဲ့ အမြန်ဆုံးကျည်ဆံရထားပုံပါ. စက်ရုံက မထုတ်ရသေးပါဘူး Linear Express လို့ နာမည်ပေးထားပါတယ်)

ဗီယက်နမ်အစိုးရက ဗီယက်နမ်နိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ဖို့အတွက် ကျည်ဆံရထားလမ်းပိုင်းကို နိုင်ငံရဲ့ကြီးကြပ်မှုနဲ့ အစွမ်းကုန်ဆောင်ရွက်ဖို့ကို အခုလ ၁၄ ရက်နေ့က ဗီယက်နမ်အစိုးရက ဆုံးဖြတ်ချက်ချပြီး တရားဝင်ကြေငြာပါတယ် .. ဂျပန်နိုင်ငံရဲ့ ကျည်ဆံရထားနည်းပညာနဲ့ ရထားကို ၀ယ်ယူပြီး ဗီယက်နမ်နိုင်ငံတောင်မြောက်ကို ဆက်သွယ်ဖို့ပါပဲ .. ၂၀၁၂ ခုနှစ်မှာ စွမ်းအားပြည့် စတင်တည်ဆောက်မယ်လို့ ဆိုပါတယ် .. ဘာလို့လဲဆို ကျည်ဆံရထားလမ်း
တည်ဆောက်တာ ရိုးရိုးရထားလမ်းဖောက်သလို မဟုတ်ပဲ ကုန်ကျစရိတ် အလွန်များလို့ပါပဲ .. ဆောက်လုပ်ရေးကုန်ကျစရိတ်
ခန့်မှန်းငွေ ဒေါ်လာ ၅၈ ဘီလီယံကျော်ကုန်ကျမယ်လို့ ခန့်မှန်းပါတယ် .. ဗီယက်နမ်အစိုးရက ကုန်ကျစရိတ်ရဲ့ ၃ ပုံ ၂ ပုံကို တာဝန်ယူမှာဖြစ်ပြီး ကျန် ငွေကိုတော့ ဂျပန်နိုင်ငံကနေ အရစ်ကျချေးငွေစနစ်နဲ့ ချေးပေးခြင်းလည်း ဖြစ်ပါတယ် ..
ရထားလမ်းဖောက်လုပ်ဖို့ကိုတော့ ဂျပန်နိုင်ငံရဲ့ ကာဝါဆာကီ စက်ရုံနဲ့ မီစူဘီရှိ ကော်ပိုရေးရှင်းတို့က တာဝန်ယူထားပါတယ် ..
အခုအချိန်အထိ ဟနွိုင်းကနေ ဟိုချီမင်းကို ရထားနဲ့သွားသွား ကားနဲ့သွားသွား အနည်းဆုံး နာရီ ၃၀ ကြာမြင့်တာကနေ ကျည်ဆံရထားနဲ့ ပြေးဆွဲမယ်ဆိုရင် ၅ နာရီမကြာဘူးလို့ ပြောခဲ့ပါတယ် .. ရထားအမျိုးအစားကိုတော့ မသတ်မှတ်သေးပါဘူး .. ဘာလို့လဲဆို အခုနောက်ဆုံးပေါ်ရထားကို ၀ယ်ဖို့ နံပါတ်၁ စဉ်းစားထားပေမယ့် အလွန်ဈေးကြီးလွန်းတာကြောင့် ဂျပန်မှာ လက်ရှိပြေးဆွဲနေတဲ့ ကျည်ဆံရထားအမျိုးအစား တခုခုကို လည်း ၀ယ်ကောင်း ၀ယ်နိုင်ပါတယ် .. ဘာပဲ ၀ယ်ဝယ် ဗီယက်နမ်ဟာ အရှေ့တောင် အာရှမှာ ကျည်ဆံရထားနည်းပညာကို ပထမဆုံး ရတဲ့နိုင်ငံနဲ့ ပထမဆုံးပြေးဆွဲနိုင်တဲ့နိုင်ငံဖြစ်လာမှာပါ ..

ဗီယက်နမ်နိုင်ငံရဲ့အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် သူဟာ ကျွန်တော်တို့ နိုင်ငံလိုပဲ ကိုလိုနီနိုင်ငံဖြစ်ခဲ့ပါတယ် .. ပြင်သစ်ရဲ့ကိုလိုနီပါ .. လွတ်လပ်ရေးရပြန်တော့လည်း တောင် ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ် ကွဲပြီး တဖန် ဗီယက်နမ်စစ်ပွဲရယ်လို့ ကမ္ဘာမှာ နာမည် ကြီးခဲ့သေးတာပဲ .. အဲဒီတုန်းက ဗီယက်နမ်ဟာ တနိုင်ငံလုံးလိုလို ပြာပုံပါ .. စားစရာမရှိ တနိုင်ငံလုံးအတိ ဒုက္ခရောက်နေရတယ် .. ကျွန်တော် လည်း လူငယ်တစ်ယောက်မို့ သမိုင်းကို သမိုင်းလိုပဲ လေ့လာမိလို့ ဗီယက်နမ်နိုင်ငံက မွဲတေ နေခဲ့တယ်ဆိုတာ သိရတယ် .. သူ ပြာပုံထဲက နေ ရုန်းထလာတာ ၁၉၈၀ ပြည့်လွန်နှစ်တွေကပါ ..
ပြီးတော့ ဆိုရှယ်လစ်နိုင်ငံတခုပါ .. အကျင့်ပျက်ချစားတာကတော့ ရှိတာပေါ့ .. အခုထိလည်း ရှိတာပဲ . ကျွန်တော် တလောက ဟနွိုင်းကို အလုပ်ကိစ္စတခုနဲ့ လိုက်သွားပါတယ် .. သူငယ်ချင်းဗီယက်နမ်လည်း ပါတာပေါ့ .. သူ လေဆိပ်ဝင်တော့ သူမှာပါတဲ့ ပစ္စည်းကို ရစ်နေလို့ ပေးရကမ်းရတာလေး တွေ ရှိသား .. သြော် တူလိုက်တာ လို့ အဟီး ..
အလုပ်အားရက် မြို့ထဲ ဆိုင်ကယ်ထွက်စီးတယ် .. ကျွန်တော် က ဆိုင်ကယ်မကျွမ်းဘူး .. ကျွမ်းလည်း မစီးရဲဘူးလေ .. ဗီယက်နမ်မှာ ဆိုင်ကယ်တွေ ရှုပ်တာမှ မန္တလေး သနားတယ်ပြောလို့ရတယ် .. အဲဒါနဲ့ သူငယ်ချင်းနောက်က လိုက်စီးတယ် .. စကားတပြောပြောနဲ့ မီးနီ ဖြတ်ပါလေကော .. အားလားလား ရှေ့ကနေ ဘဲဥ အဲလေ ယာဉ်ထိန်းပြေးထွက်လာတယ် .. မီးပွိုင့်ထောင့်ကနေ (လက်ထဲမှာလည်း ချလံ စာအုပ်လေး ကိုင်လို့ ) မျက်နှာကလည်း ပြုံးနေလိုက်တာ နားရွက်တက်ချိတ်မလား မှတ်ရတယ် .. အဲဒါနဲ့ သူတို့ ဗီယက်နမ်ဘာသာနဲ့ပြောကြတယ်ဆိုပါတော့ .. ကျွန်တော်ကတော့ ဘာပြောနေမှန်းမှ မသိတာ .. သူကမီးနီဖြတ်ရင် ရုံးမှာ သွားဆောင်ရင် ဗီယက်နမ်ဒေါင် ၅ သိန်းကျမယ်ပြောတယ် .. အဲဒါ သူ့နဲ့ညှိရင် တသိန်းခွဲပေါ့ .. အဲဒါနဲ့ သူငယ်ချင်းက ညှိပြီး လက်ထဲ ဒေါင် ၅ သောင်းထည့်ပေးလိုက်ပြီး ကြေအေးသွားရော .. (ပုံစံတူတယ်နော် ဟီး )
ဒေါင်၅ သောင်းဆိုတာ US ၅ ဒေါ်လာနဲ့ညီပါတယ် ..
အဲလိုနိုင်ငံတခုပေမယ့်လို့ ထိုင်းနိုင်ငံက စီးပွားရေးပညာရှင်တွေကတောင်အရှေ့တောင်အာရှမှာ စောင့်ကြည့်ရမယ့်နိုင်ငံ ဗီယက်နမ် နိုင်ငံတခုပဲရှိတယ်လို့ ခန့်မှန်းပါတယ် .. ဘာလို့လဲဆို နောင် ၁၅ နှစ်အတွင်းမှာ ဗီယက်နမ်နိုင်ငံရဲ့တိုးတက်မှုနဲ့နည်းပညာဟာ ထိုင်းကို ကျော်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ကြလို့ပါပဲ .. ကျွန်တော် ဒီမှာ ကျည်ဆံရထားစီးတိုင်း ကိုယ့်နိုင်ငံမှာ ဒီလိုရထားသာရှိလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ အမြဲတွေးမိတာ ၀န်ခံပါတယ် .. လေယာဉ်ကို အားကိုစရာမလိုဘူးလေ .. ကျည်ဆံရထား မိုင်ကုန်မောင်းမယ်ဆိုရင် ရန်ကုန်မန္တလေးက ၂ နာရီကျော်လောက်နဲ့ရောက်ပါတယ် .. ကျွန်တော် ငယ်ငယ်တုန်းက ထိုင်းနိုင်ငံက အရှေ့တောင်အာရှမှာ ပထမဆုံး လေယာဉ်တင်သင်္ဘောဝယ်တာကို စိတ်ထဲသိပ်မထားပေမယ့် ဗီယက်နမ်နိုင်ငံက ဒီလို လုပ်နိုင်လာတာကို တော့ …………………….


ဂျပန်နိုင်ငံရဲ့ ကျည်ဆံရထား အသစ်အဟောင်း မော်ဒယ်မျိုးစုံကို သူငယ်ချင်းတို့ ကြည့်ဖို့ ရသလောက် တင်ပေးလိုက်ပါတယ် .. ဗဟုသုတ အနေနဲ့တင်ပေးတာပါ

(သတင်းကို အဆာဟိ ၊ ယော်မီယူရီ သတင်းဆောင်းပါးမှ ကိုးကားပါသည်)

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer