ဒီပို့ စ်ကို ရေးရင် ပြသနာကြီးနိုင်တယ်…လူမုန်းများနိုင်တယ်…အထင်လွဲနိုင်တယ်..
ဆဲကြလိမ့်မယ်ဆိုတာတော့ သိတယ်…။
ဒါကြောင့်လဲ ပြောချင်တာတွေကို မြိုသိပ်ပြီး နေနေရတယ်..။ အထိအရှမခံနိုင်စရာ အကြောင်းဖြစ်နေတယ်..။ ကိုယ်ကလဲ ဘာမှ မပြောချင်ပေမယ့် ညတိုင်ဘုရားဝတ်ပြုတဲ့အခါ
ဘဲဖြစ်ဖြစ်၊ တရားထိုင်တဲ့အခါဘဲဖြစ်ဖြစ်..နောက်ဆုံး ဘုရားစင်ရှေ့ က ဖြတ်လျှောက်တဲ့အခါတောင်..
ဘုရားရှင်…ကို အားနာလာတယ်..။
ဗုဒ္ဓဘာသာဝင် တဦးဖြစ်ပြီး ဒီဘာသာအတွက်မရေးရဲတာကို …ငါတော်တော်သတ္တိ ကြောင်တဲ့ ကောင်လို့ လဲ ကိုယ့်ကိုကိုယ်မြင်လာလို့ ချရေးလိုက်တာ..။
ရှင်းရှင်းပြောရရင် ဘုရားရှင်ကို ရှက်ကြောက်အားနာလာလို့ ရေးတာ..။
ကိုယ့်တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာက လူမျိုးရေး ဘာသာရေး စီးပွားရေး ပေါင်းပြီးရှုပ်နေတာဘဲ။
……
ခွဲပြီးကြည့်တတ်ဘို့ လိုတယ်.. ပိုင်းခြားဘို့ လိုတယ်..။
နောက်..ဘုရားရှင်ရဲ့ သာသနာက ဒါမျိုးလား…
ဘုရားရှင် အဆုံးအမနဲ့ ညီရဲ့ လား..ဘုရားရှင်က ဗုဒ္ဓဘာသာဝင်တွေကို ဒီလိုစရိုက်တွေ ဖြစ်စေချင်တာလား…။
ဒီလိုတွေလုပ်ဘို့ ဆုံးမခဲ့လို့ လား..
တွေးစရာ… မေးစရာ အများကြီးဘဲ..။
သူ့ ခေတ်သူ့ အခါက ဗုဒ္ဓဘုရားဟာ နီပေါ၊သီဟိုဠ် နဲ့ အိန္ဒိယ မှာ တုနိုင်းမရှိ..တရားမှာရော၊
အကျင့်မှာ ပြိုင်ဘက်ကင်းဘဲ..။
ဘုရားတု တရားတုတွေထဲက လိုင်းခွဲထွက်တယ်..။ ကျင့်ကြံပုံ ၊ နေမှု၊ စားမှု အားလုံးဘဲ၊၊
ဖကီဆာဒူးတွေ ဆံပင်ကို အလိပ်လိပ် အခဲခဲ ထားချိန်မှာ.. ဆံကိုပယ်ပြီး ဦးပြည်းကတုံးနဲ့ ။
ဆာဒူးတွေ ကိုယ်တုံးလုံးနေချိန်မှာ သင်္ကန်းရုံတယ်..။
သူများနောက် မလိုက်ဘူး…ပုံစံတူမလုပ်ဘူး…။
ဟိန္ဒူ ဗြဟ္မဏတွေ မီးလွတ် ရေလွတ်စားချိန်မှာ… ဆွမ်းကို အယုတ်အလတ်အမြတ်မရွေး
ဘုန်းပေးတယ်..။
ဗုဒ္ဓရှင်ရဲ့  သာကီဝင် အမျိုးအနွယ်က လူနည်းစု ဖြစ်ပေမယ့်… လူမျိုးစု ကြီးထွားအောင် မလုပ်ဘူး…
အားများသူ လူမျိုးစုကိုလဲ မပုတ်ခတ်ဘူး..။
အယူအဆပိုင်းဆိုင်ရာ၊ ကိုးကွယ်မှုဆိုင်ရာ၊ကျင့်ကြံမှု တရားဆိုင်ရာကိုသာ အဓိက ထားတယ်.။
ဒါကြောင့်လဲ ဒေ၀ဒတ်ရဟန်းက အသားလွတ်၊ အသက်လွတ် စားဘို့ အယူအဆကို တင်ပြ
လျှောက်ထားတဲ့ အခါတုန်းက ငြင်းပယ်ချခဲ့တယ်..။
ဘာကြောင့်လဲ ဆိုတော့ သတ်သတ်လွတ်စားတာက ဟိန္ဒူ အကျင့် ဖြစ်နေတယ်..။
ရှင်းတယ်.. ဗုဒ္ဒဘုရားက သူများနောက်လိုက် မလုပ်ဘူး…။
အယူအဆ အကျင့် လိုင်းပူးမခံဘူး..။
……
……
ကျနော်တို့ နိုင်ငံသားတော်တော်များများက အဘိုးအဘွား အဖေအမေလက်ထက်တွေထဲက
နှစ်တော်တော်ကြာ အိပ်ပျော်နေခဲ့ကြတယ်…။
နေဖင်ထိုးတဲ့ အထိအိပ်။ အိပ်ယာကနိုးတော့ ကုလားဆိုင်က လက်ဖက်ရည်လေးနဲ့ ..မလိုင်လေး
နဲ့ …တရုပ်ဆိုင်က နံပြားလေး တို့ စားပြီ….သတင်းစာလေးဖတ်လို့ …
နေရောင်ခြည်နုနုလေး အောက်မှာပေါ့လေ..။
ကုလားခလေးတွေ တတ်နိုင်သလောက် အိမ်က စီးပွားရေး ၀ိုင်းလုပ်ချိန်မှာ…..
ကျနော်တို့ က ဂွေလှိမ့်  ကစားလို့ ကောင်းတုန်း..။
တရုပ် ခလေးတွေ နေကြာစေ့ ထုတ်နေချိန်မှာ ကျနော်တို့ က ကာတွန်းစာအုပ်လေးတွေနဲ့ ..။
နေ့ ခင်း ဆို လမ်းထိပ်က ကုလားစမူဆာ…ညဖက်ဆို လမ်းထိပ်က ဆီချက်ခေါက်ဆွဲ။
ပြောမကုန်ပေါင် တောသုံးတောင်ပါဘဲ…။
သူတို့ တွေ မိသားစု တက်ညီ လက်ညီ လုပ်နေချိန်မှာ…
အားချိန်လေးမှာတောင် ကစားခွင့် မရှိတဲ့ ကုလားလေးတွေ…တရုပ် သူငယ်ချင်းလေးတွေကို
ကိုယ်က သနားတဲ့ အမြင်လေးနဲ့ ကြည့်လို့ ပေါ့..။
တရုပ်မိသားစုက ကုန်စုံဆိုင်အတွက် အိပ်တွေ ချိုး၊ ကောက်ကပ်ရောင်းတော့ အိမ်က လူကြီးတွေက.. သနားသဖြင့် အိမ်က သတင်းစာ ဟောင်းတွေပေးလို့ …။
ကံ ဥာဏ် ၀ရိယ ဆိုတာ အောက်ခြေအလုပ်တွေ လုပ်တဲ့ ကုလားတွေ တရုပ်တွေ အတွက်
ထားခဲ့တဲ့ စကားလို့ သတ်မှတ်လေသလို…..။
မလုပ်ရဲတာကို ရောင့်ရဲတင်းတိမ်မှုနဲ့ လူကြားကောင်းအောင် ဖုံး ကာခဲ့တယ်…
ကံ အကျိုးပေးကို ညောင်ရေအိုးထိုးရင်း နတ်ကောင်းစောင်မ တာကို မျှော်နေခဲ့ကြတယ်..
သူများလူမျိုးတွေ ဇီးထုပ်၊ နေကြာစေ့ထုပ်၊ မဆလာထုပ်ရောင်းချိန်မှာ… ကုန်စုံဆိုင် ပင်မဒိုင်
လက်လီလက်ကား ကုန်ဆိုင်တွေ လုပ်ဘို့ ပက်လက်ကုလားထိုင်လေးမှာ ပါးစပ်အရသာ ခံပြောနေခဲ့တယ်..။
အိပ်ပျော်နေခဲ့ကြတာ…အိပ်နေခဲ့ကြတာ…
အိပ်နေခဲ့ကြတာ နှစ် ၂၀ ..၃၀..၄၀….၅၀ ကြာမှ တစ်ရေးနိုးပြီး….
ဗုဒ္ဒဘုရားရှင်တောင် မထွင်ခဲ့တဲ့ တံဆိပ်တွေ နံပါတ်တွေ ကောက်လုပ်ရင်း…
မနာလိုစိတ်ကို သာသနာ တံဆိပ်ရောကပ်လို့ …မလုပ်သင့်တာ လုပ်ကြတယ်..။
ဗုဒ္ဒဘုရားရှင်က ခေတ်ပြိုင် ကာလ တိုက်ခိုက်သူ ပေါများချိန်မှာတောင်…
ဘာအမှတ်တံဆိပ်မှ မထွင်ဘူး… နောက်လိုက်မလုပ်ဘူး…
ခုကြည့်ပါဦး…ဗူဒ္ဒဘုရားရှင် သာသနာထက် နှစ်၇၀၀ ကျော်နောက်ကျမှ ဖြစ်ထွန်းလာတဲ့
သူများဘာသာကို တုပြီး နံပါတ်တွေ ထွင်ကြတယ်…။ နောက်ဆက်တွဲက..သွေးချောင်းတွေစီးတယ်။အိုးအိမ်တွေ ပျက်စီးတယ်…မီးလောင်တိုက် သွင်းတယ်..။
မိသားစုတွေ ဘ၀ပျက်တယ်.. သေကြတယ်…။
ကမ္ဘာ့ တွေးခေါ်ပညာရှင်တွေက အစ လေးစားခဲ့ကြတဲ့  ဗုဒ္ဒအယူအဆ..။
ချီးကျူးခဲ့ကြတဲ့ သာသနာ…
ငါတို့ ခေတ်ရောက်မှ “ …..အစွန်းရောက် ဗုဒ္ဒဘာသာ” တဲ့..။
ကောင်းကြသေးရဲ့ လား…။
သူလဲ အကျိုးမရှိ ကိုယ်လဲ အကျိုးမရှိပြောတာ မလုပ်ဘို့ ဘုရားဟောခဲ့တယ်..
သူများအကျိုးပျက်စီးပြီး.. ကိုယ်အကျိုးရှိဘို့ လုပ်တာကို ဘုရားတားမြစ်ခဲ့တယ်..။
သေချာစဉ်းစားပြီး …ဘုရားရှင်ကို အားနာကြပါဦး..။
ကိုယ့်နာမည် လူသိဘို့ ..ကိုယ့်ပါဝါတက်ဘို့ ..လုပ်မယ် ဆိုရင်…
ဒေ၀ဒတ် သတ်သတ်လွတ်စားဘို့ အသစ်ထွင်သလို ဘုရားထက် သားတစ်လကြီး မလုပ်ကြပါနဲ့ ..။
စာရေးဆရာ ၊ ဒါရိုက်တာကြီး ဘဘဦးသုခ သာ သက်ရှိထင်ရှားရှိမယ်ဆိုရင်တော့…
ကိုယ့်ကို…… ဆွမ်းကွမ်း ပစ္စည်းလေးပါး ဒါယိကာတွေ သွေးမြေကျ…ဘာသာမတူသူတွေ ဘ၀ပျက် သေကြေ…
ကိုယ့်ဒါယိကာတွေလက် သွေးစွန်းပြီး ..စီးပွားတက်လာလို့  ချမ်းသာလာလို့ 
ကပ်တဲ့ ဆွမ်းကို…..
သေချာတာ တစ်ခုကတော့……..
ဒီလိုဆွမ်းမျိုးကို ဘုရားရှင် ဘုန်းပေးမှာ မဟုတ်ဘူး..။
ကျော်စွာခေါင်
About ကျော်စွာခေါင်
kyaw swar kaung has written 80 post in this Website..
ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။