..မင်္ဂလာပါ Mandalay Gazette အဖွဲ့သားများခင်ဗျား… မင်္ဂလာပါ လို့သာ နှုတ်ခွန်းဆက်လိုက်ရတယ် ကိုယ့်စိတ်ထဲမှာ Foreigner ကြီးစကားမပီမသနဲ့ Min Galar Par လို့ပြောသလိုဖြစ်နေတယ်.. မြန်မာအချင်းချင်း အဲ့လိုနှုတ်ဆက်တာမှ သိပ်မရှိတော့ပဲ.. ထားပါတော့ တခြားလို formal နှုတ်ဆက်စရာမှ မရှိတာ..

Gazette ကို အမတစ်ယောက်ဖိတ်ခေါ်လို့ရောက်လာပြီး အခု လတ်တလောက ရေးထားတဲ့ Post တစ်ပုဒ်နဲ့ စဖွင့်ချင်ပါတယ်.. ဟို ရောက် လိုက် ဒီ ရောက် လိုက် ရေးထားတာမိုလို့ နည်းနည်းတော့ သည်းခံဖတ်ကြပေါ့လေ.. အမြင်မတူတာ၊ တူတာရှိရင်လို့ ဝင်ဆွေးနွေးကြရင်လည်း အများကြီးကျေးဇူးတင်ပါတယ်..

.

.

.

(၁)
.. ကိစ္စတစ်ခု ဒါမှမဟုတ် ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုပါတော့.. အကြောင်းရင်းရှာကြရင် ဘယ်လိုရှာကြလဲ.. အဆင်အပြေတာကတော့ အနီးစပ်ဆုံး၊ အလွယ်ဆုံး တစ်ခုခုနဲ့ တိုက်ရိုက်ဆက်စပ်လိုက်ကြတာပဲ.. ကိုယ့်စိတ်ထဲက ဘက်လိုက်မှုလေးလဲနည်းနည်းတော့ပါတာပေါ့.. အပြစ်တင်စရာဆို ကိုယ်သောက်မြင်အကပ်ဆုံးလူကြောင့်.. ချီကျုးစရာဆို ကိုယ်အကြည်ညိုဆုံးလူကြောင့် ပေါ့.. အခြေခံအရတော့ အတူတူပါပဲ.. တစ်ခုနဲ့တစ်ခုကို Linear (တဆက်တည်း၊ တိုက်ရိုက်) သဘောနဲ့ ဆက်စပ်လိုက်တာ.. Multifactorial (အကြောင်းတရားစုံ၊ ဘက်စုံ) သဘောစဉ်းစားဖို့ကျတော့ ခေါင်းပူတယ်၊ စိတ်ရှုပ်တယ်ပေါ့.. အားအားယားယားရှိတဲ့လူတွေပဲ စဉ်းစားနိုင်တယ်..


တော်သေးတာက အဲ့လိုအားအားယားယားစဉ်းစားနိုင်တဲ့ လူတွေကြောင့်ပဲ ကိစ္စတွေကို ပြည့်ပြည့်စုံစုံ ပိုသိလာရတာ ဆိုရမယ်.. ဆေးပညာမှာဆိုရင်ပဲ ဟိုးအရင်က ဒီရောဂါဖြစ်တာ ဒီရောဂါပိုး ကြောင့် ဆိုပြီး Linear စဉ်းစားရာကနေ Multifactorial ပုံစံပြောင်းစဉ်းစားလာတယ်.. ရောဂါတစ်ခုဖြစ်ဖို့အတွက်ဆို ရောဂါပိုးရဲ့ ပြင်းအား၊ လူရဲ့ခုခံအား၊ ပတ်ဝန်းကျင်အခြေအနေ ဘာညာပေါ့.. မြန်မာလိုဆိုတော့ ကံ၊စိတ်၊ဥတု၊အဟာရ ဆိုပြီး လုံးချလိုက်လဲ ရတာပဲ.. ထားပါတော့ ပြောချင်တာက Multifactorial ပုံစံ စဉ်းစားတော့ ပိုပြီး ပြည့်ပြည့်စုံစုံ မြင်လာတာကို ပြောချင်တာပါ..


ခက်တာက အဲလို စဉ်းစားပုံမျိုးကို ကိုယ့် Profession နဲ့ ပါတ်သက်လာရင်စဉ်းစားတတ်တယ်.. သူများ Profession အတွက်ဆို မစဉ်းစားတတ်၊ မစဉ်းစားချင်တော့ဘူး.. ကိုယ့်ချစ်တဲ့လူကို ကာကွယ်ဖို့ ဆိုစဉ်းစားတတ်တယ် (ဒါက ဒီလိုကြောင့်ပါ၊ ဟိုဟာကိုလည်းထဲ့ စဉ်းစားရသေးတယ် စသည့်).. ကိုယ်သောက်မြင်ကပ်တဲ့လူကို အပြစ်တင်ဖို့ကျတော့ မစဉ်းစားဖြစ်တော့ဘူး..

(၂)
လက်တွေ ဥပမာ အနေနဲ့ ကျန်းမားရေးစောင့်ရှောက်မှုအပိုင်းကိုသာကြည့်.. ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံတယ်၊ လူနာသေဆုံးတယ် စတာတွေဖြစ်ရင် အလွယ်ဆုံး အပြစ်တင်ခံရတာ ဆရာဝန်တွေ။ ဆရာဝန်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့လေ.. လွယ်လွယ် Linear သဘော (ဆရာဝန်ညံလို့ ကျန်မာရေးစောင့်ရှောက်မှုညံတယ် လို့) စဉ်းစားတာရယ်၊ နဂိုကတည်းက သောက်မြင်ကပ်နေတာ (ဘက်လိုက်မှု) တွေပါတာပေါ့။ ဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ်တိုင်စဉ်းစားတော့ကျ Multifactorial သဘောပါလာပြီ.. အစိုးရပံပိုးမူနည်းတာ၊ လစာ အချိန် မလုံလောက်တာ၊ ဆေးပစ္စည်းမပြည်စုံတာ၊ လူနာရဲ့ရောဂါ အခြေအနေကိုက ဆိုးတာ စသည်စသည်တို့ ပါလာပါတယ်.. ဆရာဝန်တွေ အနေနဲ့ ကိုယ် ပရော်ဖန်ရှင် ဖြစ်တဲ့ အတွက် ပိုနားလည်နိုင်တာဖြစ်သလို ကိုယ့် ပရော်ဖန်ရှင်ကို ကိုယ်ကာကွယ်ချင်တာလဲ ပါပါတယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် တဖက်လူက Linear သဘောနဲ့ ဒါဟာဒါကြောင့်လို့ စဉ်းစားနေသရွေ့တော့ ပြဿနာပြေလည်အုံးမယ့်သဘောမရှိ..


အဲ.. အလို့မျိုး ကိုယ့် ပရော်ဖန်ရှင်ကို ကိုယ်နားလည်နိုင်၊ ကာကွယ်ချင်ပေမယ့် သူများ ပရော်ဖန်ရှင်ကိုကျတော့ နားမလည်ချင်တောဘူး.. ဥပမာ အမြန်လမ်းမှာ ကားတွေ ခဏ ခဏမှောက်တဲ့ ကိစ္စ.. ဘယ်သူ့ကို အရင်ဆုံး အပြစ်တင်ချင်လဲဆိုတော့ လမ်းဆောက်တဲ့ အင်ဂျင်နီယာတွေ.. ဒင်းတို့တွေ အသုံးမကျလို့ ဖြစ်ရတယ်ပေါ့လေ.. သူတို့လည်း နည်းပညာ အခက်အခဲ၊ ကျွမ်းကျင်လုပ်သား အခက်အခဲ များရှိမလား၊ မောင်းတဲ့လူတွေ စည်းကမ်းရှိဖို့ပိုလိုမလား စသည်ဖြင့် မစဉ်းစားဖြစ်ဘူး.. သူတို့ အိပ်ကပ်ထဲ ရောက်သွားလို့ လမ်းက အသုံးမကျဖြစ်တာ အဲ့ဒါကြောင့်ဖြစ်တာ လို့ စဉ်းစားတာပိုများပါတယ်.. (တခြား ပွဲတိုင်းကျော်တွေဖြစ်တဲ့ MPT၊ EPC၊ မော်တော်ပီကယ်၊ စတာတွေကို အပြစ်တင်ရင်လည်း ဒီသဘောပဲရှိတယ်).. ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စဆို Multifactorial သဘော စဉ်းစားတတ်ပြီး သူများကိစ္စ ဆို အဲ့လိုမစဉ်းစား မသုံးသပ်တတ်တာကို ယှဉ်ပြထားတာပါ..

(၃)
နောက် ဘာသာရေးကိစ္စ.. “ဒီဘာသာဝင်” တွေကြောင့် အခုပြဿနာတွေ ပေါ်လာတာ လို့ စဉ်းစားတာက Linear သဘော.. ဒါကို Multifactorial သဘောစဉ်းစားရင် လူမျိုးရေးပြဿနာ၊ ယဉ်ကျေးမှုပြဿနာ၊ နယ်စပ်ပြဿနာ၊ တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုဥပဒေ၊ လာဘ်ပေးလာဘ်ယူ၊ စီးပွားရေးပြဿနာ၊ အမုန်းတရား… စတာ စတာတွေ အကုန်ထဲ့ စဉ်းစားပါမှရမယ်.. Linear သဘော စဉ်းစားလို့ ဒီဘာသာဝင်တွေ ကြောင့် ဒီပြဿနာ ဖြစ်တယ်လို့ စဉ်းစားရင် ဖြေရှင်းမယ့် နည်းလမ်းကလည်း Linear သဘောပဲထွက်လာပါလိမ်မယ်.. ကလေးနှစ်ယောက် ဥပဒေ တို့၊ အမျိုးစောင့် ဥပဒေ တို့ စတာ တွေက ဒီသဘောပါပဲ.. ဒီလူတွေကြောင့် ဒီပြဿနာ ဖြစ်တယ်.. အဲ့တော့ ဒီ ဥပဒေ ထုတ်လိုက်ရင် အဆင်ပြေ သွားပြီ လို့စဉ်းစားတာပါ.. မှားတယ် လို့တော့ ဆိုလို့မရပါဘူး.. ဒါပေမယ့် ပြည့်စုံမှာတော့ မဟုတ်ပါဘူး.. အဲ့တော့ ပြဿနာကို တကယ် မဖြေရှင်းနိုင်တာ၊ ပြဿနာပုံပြောင်းသွားတာ၊ တခြားဘေးထွက်ဆိုးကျိုးတွေပါလာတာ တွေရှိနိုင်ပါတယ်.. ဖြစ်နေတဲ့ ပြဿနာကို ဘက်စုံ ထောင့်စုံ Multifactorial အရအဖြေထုတ်မှပဲ ဘာသာရေး ပြဿနာ၊ လူမှုစီးပွားရေးပြဿနာ၊ နိုင်ငံရေးပြဿနာ ကွဲကွဲပြားပြားမြင်ပြီး ဖြေရှင်းလို့ရမှာပါ.. ဥပဒေထုတ်မှာဆိုလဲ အဲလို့ ဘက်စုံထောင့်စုံ မြင်ပြီးမှ စဉ်းစားထားတဲ့ ဥပဒေ ဆို ကန့်ကွက်မဲ့လူ ရှိလှမယ် မထင်ပါဘူး.. ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဥပဒေ ပညာရှင်တွေ ပေါင်းပြီး သေချာအဖြေရှာကြည့်ရင်တော့ ရမှာပါ.. တဖက်နဲ့တဖက် ထိုင်ဆဲ နေကြရင်တော့ အလုပ်ဖြစ်မယ်မထင်ဘူး..

(၄)
နောက်နိုင်ငံရေးမှာလည်း ဒီအတိုင်း Linear သဘော စဉ်းစားတာ အကျင့်ပါလာပါတယ်.. ဟိုအရင်ကတည်းက တစ်ခုခု မကောင်းတာဖြစ်တိုင်း အပြစ်တင်လို့ ရတာက စစ်အစိုးရမကောင်းလို့ ဆိုတာမျိုး.. ဒါလည်းမမှားပါဘူး.. ခေါင်မိုးမလုံတော့ တစ်အိမ်လုံးရွှဲတာကိုး.. ခေါင်းမိုးပဲပြောရမှာပဲ.. ဒါပေမယ့် အခု အချိန်ကျတော့ နည်းနည်းပိုပြီး ပြည့်ပြည့်စုံစုံ စဉ်းစားကာမှ တော်ကာကျမယ်.. ဒီအစိုးရကို ကြည့်မရတာနဲ့ပဲ တစ်ခုခု အပြစ်တင်စရာရှိတိုင်း ဦးသိန်းစိန်ကြောင့် လက်ရှိအစိုးရကြောင့် လို့ပြော၊ ဒါမှမဟုတ် ဒီအစိုးရကို ကိုယ်ထောက်ခံချင်တာနဲ့ပဲ ကောင်းတာ တစ်ခုခုဖြစ်လာတိုင်း ဦးသိန်းစိန်ကြီးတော်လို့ ဆိုပြီးစဉ်းစားနေရင် ပြည့်စုံမယ်မထင်ဘူး.. လောလောဆယ် ကိုယ့်တိုင်းပြည် အခြေအနေဖြစ်တဲ့ Democratization တို့၊ အဲ့မှာပါဝင်တဲ့ Liberalization အဆင့် Transition အဆင့် တွေလျှောက်ပြောနေရင် တံတွေးစင် ကုန်မစိုးလို့ မပြောတော့ဘူး.. အဓိကဆိုချင်တာက အာဏာရှင်လည်းမဟုတ် ဒီမိုအစိုးရလည်းမမည်သေးတဲ့ ဖားတပိုင်းငါးတပိုင်း အစိုးရရဲ့ လုပ်ပိုင်ခွင့်၊ ရည်မှန်းချက်တွေကို သဘောပေါက်နိုင်ရင်တော့ အဲ့ဒီ အစိုးရရဲ့ လုပ်ရပ်တွေကို Multifactorial သဘောစဉ်းစားပေးလို့ရတတ်ပါတယ်..

 

ဥပမာ ဦးသိန်းစိန်ရဲ့ မြစ်စုံကိစ္စ.. ပြည်သူ့ဆန္ဒ ကို လိုက်နာတဲ့ အတွက် ဒါပြည်သူ့ဆန္ဒကိုအလေးထားတဲ့ ဦးသိန်းစိန် လို့စဉ်းစားရင် Linear သဘောဆောင်ပါတယ် (မပြည့်စုံပါဘူး).. ဒါမှမဟုတ် ဦးသိန်းစိန်ဟာ အရင် ဘောင်းဘီဝတ် ဗိုလ်ချုပ်ဟောင်းသာဖြစ်လို့ လူကောင်းဖြစ်စရာမရှိဘူး၊ အမှတ်ယူချင်တာ သက်သက် လုပ်တာလို့ မကောင်းမြင်နေရင်လည်းမဟုတ်သေးဘူး.. Multifactorial အနေနဲ့ စဉ်းစားကြည့်ချင်ရင်တော့ သူ့အနေနဲ့ ရထားတဲ့ အကန့်အသတ်လုပ်ပိုင်ခွင့်၊ တရုတ်နိုင်ငံရဲ့ ဖိအား၊ ပြည်သူရဲ့ဖိအား၊ နိုင်ငံတကာက ပေးမယ့် အမှတ် စသည်တို့ ကြားက အခြေအနေအကောင်းဆုံး တစ်ခုကိုရွေးလိုက်တာပဲ.. အပြစ်မြင်ဖို့၊ ချစ်ခင်ဖို့ စတာတွေထက် သူ့အနေနဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုရှိတယ်၊ ဒီကိစ္စမှာ ပေါက်ဖော်မျက်နှက်ထက် ပြည်သူ့မျက်နှာ လိုချင်တာပိုတယ် စသည်ဖြင့်မှန်းလို့တော့ရတယ်.. ဒါပေမယ့် လွတ်တော်ထဲက ၂၅% လျှော့ဖို့တို့ အခြေခံဥပဒေပြင်ဖို့ စတာတွေကျတော့ ဝေ့ဝိုက်နေတာတွေ့ရတယ်.. ပြည်သူမျက်နှာထက် ပိုဂရုစိုက်မယ့်လူ ရှိသေးတယ်လို့ပဲ မှတ်ယူရတာပဲ.. ဒါလည်း Transition ကာလအစိုးရရဲ့ သဘောတရားဖြစ်တာတော့ သဘောပေါက်ရမှာပဲ.

 

နောက်ထပ်ဥပမာပေးရရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ဆုံးဖြတ်ချက်တွေမှာ Multi factors ထည့်စဉ်းစားလေ့ရှိတာတွေရတယ်(လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုတန်ဖိုး၊ ရေရှည်အကျိုးအပြစ် စသည့်).. လက်ပန်းတောင်းကိစ္စ၊ ဘင်္ဂလီကိစ္စ စသည်ဖြင့်ပေါ့.. ဒါကိုသဘောမပေါက်သူတွေအတွက်တော့ ငါတို့ဖက်မလိုက်ဘူး၊ သူများဖက်လိုက်တယ် မွတ်ဒေါင်း ဘာညာ ပေါက်ကွဲကြရော.. ကိုယ်လိုချင်တာကို “ရော့..အင့်” လို့ ပေးနိုင်မှ သဘောကျပြီး တခြားဟာတွေလာမပြောနဲ့ ဆိုတဲ့သဘော.. ဒီမိုကရေစီမှာ အများဆန္ဒအရေးကြီးပေမယ့် လက်ခုပ်သံနောက်လိုက်မယ့်၊ ပေါ်ပင် အများကြိုက်နောက်လိုက်မယ့် ခေါင်းဆောင်နဲ့ တိုင်းပြည်ကို ဖြစ်သင့်ဖြစ်ထိုက်ရာလမ်းကြောင်းပေါ်တင်မယ့်လူ ခွဲခြားအကဲဖြတ်နိုင်ဖို့ လိုလိမ့်မယ်..


အဲလိုခွဲခြားအကဲဖြတ်နိုင်သူတွေကျတော့ လက်ရှိအချိန်အထိ ဒေါ်စုကို ထောက်ခံကြဆဲပဲဖြစ်ပါတယ်.. တော်သေးတယ်ပြောရမယ်.. ဒါပေမယ့် ခက်နေတာက အဲ့ဒီထောက်ခံသူတွေထဲမှာ နိုင်ငံရေးနဲ့ ပါတ်သတ်လို့ Multifactorial သဘော စဉ်းစားလေ့မရှိပဲ Linear သဘောပဲအားသန်နေတာတွေရတယ်.. ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေး >> ဒေါ်စုက (သမ္မတဖြစ်ပြီး) တိုင်းပြည်ကို ကောင်းအောင်လုပ် >> တိုင်ပြည်ကကောင်းသွား… ဒီလိုသဘောရှိကြပါတယ်.. ထုံးစံအတိုင်း မှားတော့မမှားပေမယ့် မပြည့်စုံဘူးဖြစ်နေပါတယ်.. တိုင်းပြည်ကောင်းအောင်လုပ်ဖို့က Multi factors လိုပြီး ဒေါ်စုဟာ အရေးကြီး factor တစ်ခုအနေနဲ့ပါတာပါ.. တခြား factors တွေ အနေနဲ့ (စကားလုံး ကြီးကြီးတွေသုံးရရင်) အမျိုးသားရင်ကြားစေရေး (စစ်တပ်နဲ့ peace ဖြစ်ဖို့)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (ဖက်ဒရယ်မူ ဘာညာပေါ့)၊ စီးပွားရေးဖွံဖြိုးမှု (ပြည်တွင်းက ခရိုနီကော ပြည်ပက ဂုတ်သွေးစုပ်တွေရောကို ပညာသားပါပါနေရာချဖို့)၊ ပညာရေး ၊ ပြည်သူတွေ ရင့်ကျက်မှု…….. စတာ တွေ ဆိုပါတော့ (အဟွတ်..ဟွတ်..စကားလုံးတွေကလဲ နင် တာ)..အဲ့တာတွေလည်းအရေးကြီးတာပဲ.. အဲ့တော့ ကိုယ်တွေလို သာမန် ပြည်သူတွေအနေနဲ့ကျ အဲ့ဒါတွေဖြစ်မြောက်အောင်လုပ်လို့ လဲမရတော့ မနှောက်ယှက်မိရင်ကို မဆိုးလှဘူးယူဆရမှာပဲ.. ကိုယ်နှစ်သက်ရာ နိုင်ငံရေးသမားအားပေးတာလည်း အားပေးရမှာပဲ.. မေစု ဆိုလဲ မေစု၊ ဘစိန် ဆိုလဲ ဘစိန်၊ လေးလေးမန်း ဆိုလဲ လေးလေးမန်း ပေါ့.. ဒါပေမယ့် တခြား Multi factors လေးတွေရှိတာလဲ မမေ့နဲ့ပေါလေ..

(၅)
ခြံပြောရရင်တော့ ကိုယ့် ခေါင်းပေါ်(ကိုယ့်လူ ခေါင်းပေါ်) အပြစ်ရောက်စရာရှိရင် တခြားအကြောင်းပြချက်တွေ ပေါ်လာပြီး သူများပ်ါတင်စရာရှိရင်တော့ ခေါင်းပေါ်တည့်တည့် အပ်ကျမတ်ကျ တင်တတ်တဲ့ ကိုယ့်ကိုကိုယ် ပြောချင်တာ အဓိကပါ (ကြိုကာထားလိုက်ပြီ ).. ဒါပေမယ့် အခုချိန်လိုမျိုး ကိုယ်နားတဝိုက်မှာ Information တွေ၊ Opinion တွေ၊ Like or Dislike စဉ်းစားစရာတွေ များလှတဲ့ အချိန်မှာ Linear စဉ်းစားတာထက် Multifactorial သဘော စဉ်းစားတာ ပိုအကျိုးရှိမလားဆိုပြီး မျှဝေတယ်ဆိုပါဆို့..

– ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအား နည်းတာကို ဆွေးနွေးတာမှာ ဆရာဝန်တွေကို အပြစ်တင်တာထက် တခြားဘာအချက်တွေရှိသေးလဲ
– တခြားအစိုးရဌာန ဝန်ထမ်း တွေအပါ် အပြစ်မတင်ခင်လည်း သူတို့ဆီဘာအခက်အခဲရှိသေးလဲ..
– အမျိုးစောင့် ကြမယ်ဆိုလည်း ဘယ်ပုံဘယ်နည်း ဘာသာရေးအပိုင်း နဲ့ နိုင်ငံရေးပိုင်း၊ ဥပဒေပိုင်း ကို ကွဲကွဲပြားပြားကြည့်မလား..
– နိုင်ငံရေးမှာလဲ ဒေါ်စု အင်္ဂလိပ်စာ မွှတ်နေအောင်ပြောတတ်ထာ.. ဘစိန်ကြီး ရိုးထာ၊ မွန်းငှားရောင်းစားမှာ စတာတို့ အလွန် ကိုယ်နိုင်ငံ ဒီမို ကိုယ်ဝန်သည် ဘယ်လိုချောချောမောမော မွေးလာမလဲ စဉ်းစားကြည့်မလား..


အဲလိုပေါ့.. စဉ်းစားကြည့်လို့ရတာတွေ..


ဒါပေမယ့် မရဝူးဗျာာ.. ကျုပ်တို့က


– ဆရာဝန်တွေကို ကိုဖဲ့ချင်နေတာ
– ဘယ်သူ၊ဘယ်ဝန်ထမ်း အသုံးမကျတာတွေ့တွေ့ ဆဲလိုက်ရမှ ကျေနပ်မှာ
– မျိုးစောင့်ဥပဒေလဲ ဆွေးနွေးဖို့မလိုဘူး.. မထောက်ခံတဲ့လူ မွတ်ဘာညာ။ ထောက်ခံတဲ့လူတွေ အစွန်းရောက် တဇောက်ကန်း ဘာသာရေးတကယ်နားမလည်တဲ့ ပိန်းတိန်းတိန်းတွေ ဘာညာ ပြောလိုက်ရမှ ပါးစပ်အရသာရှိတာ
– နိုင်ငံရေးလဲ ဘာမှ ရှုပ်ရှုပ်ယှက်ယှက်တွေမပြောနဲ့.. တို့က မေစု မှ မေစု (or) ဘစိန် မှ ဘစိန်.. တိုင်းပြည်ကြီး ပီဇာ ဖြစ်ကာမှဖြစ် တို့ခေါင်းဆောင်နဲ့တို့ တသားတည်းပဲ ဘာမှလာ မဝေဖန်နဲ့ ..


လို့ ဆိုလည်း…. မတတ်နိုင်ဘူးပလေ.. ဘုရားအဆူဆူ ဆုံးမတာတောင် မရလို့ ကိုယ်ကိုတိုင် အခုငုတ်တုတ်ကြီး အရေမရအဖတ်မရစာတွေ လျှောက်ရေးနေသေးတာပဲ..

 

Zaw Thant..

 

About Zaw Thant

Zaw Thant has written 9 post in this Website..