မယောင်ရာ…ဆီလူး….တဲ့…

မယောင်တဲ့နေရာ ဆီလူးတော့ နံပတ်တစ်…ရောဂါမသက်သာဘူး…နံပတ်နှစ် ဆီကုန်တယ်…နံပတ်သုံး..စိုက်ထုတ်လိုက်ရတဲ့ လုပ်အားဆုံးရှုံးတယ်…နံပတ်လေး…ဘယ်သူမှအကျိုးမရှိဘူး…လိမ်းဆေးထုတ်တဲ့သူပဲ ချမ်းသာသွားမယ်…

မြန်မာပြည်သူပြည်သားတွေ ဆင်းရဲတာ ဟာ ထွက်ငွေများလို့ပါလို့ ကောက်ချက်ဆွဲလိုက်တယ်…ထွက်ငွေဘာကြောင့်များသလဲ…ဖြုန်းတာများလို့…ဘာတွေ ဖြုန်းနေသလဲ…1…2…3…တွေကြောင့်ဆိုပြီး…အဖမ်းပြတယ်…ခဏပါပဲ… လုပ်တဲ့သူတွေလဲ လုပ်မြဲလုပ်လျှက်ပါပဲ…မွဲတဲ့သူတွေလဲ မွဲမြဲ မွဲလျှက်ပါပဲ…ကဲ…ကျွန်တော့ အမြင် ပြောပြမယ်…
မြန်မာပြည်ကြီး ဆင်းရဲတာ…ထွက်ငွေများလို့မဟုတ်ပါဘူး…၀င်ငွေမရှိလို့ပါ…၀င်ငွေရတဲ့ အလုပ်မရှိလို့ပါ…လူတိုင်း ကျောင်းပြီးသွားတော့ ဘာဖြစ်သလဲ…ယောင်ခြောက်ဆယ်ဖြစ်သွားတယ်…109…110..ဖြစ်သွားတယ်…ကျောင်းမပြီးတဲ့သူတွေလဲ ပိုတောင်ဆိုးပါသေးတယ်…အလုပ်မရှိတော့ ဘာဖြစ်လဲ…စိတ်လေတယ်…မဟုတ်တာတွေပဲ စဉ်းစားမိတယ်…လုပ်ဖြစ်တယ်…လူတိုင်းကို သင့်တင့်လျှောက်ပတ်တဲ့ အလုပ်ရှာပေးနိုင်ရင် ဘယ်သူမှ မဟုတ်တာတွေဘက်ဆီ စိတ်မရောက်တော့ပါဘူး…ကိုယ့်အလုပ် ကိုယ့်လောဘနဲ့ အလုပ်တွေများပြီး ကိုယ့်ဘာသာကိုတောင် မအားတော့ မဟုတ်တာလုပ်ဖို့ဆိုတာဝေးပေါ့…

ဒီ့အတွက် မယောင်ရာ ဆီလူး ပေါက်တတ်ကရတွေ ကောက်ချက်ဆွဲမချပါနဲ့…ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး…မြန်မာပြည်က ပြည်သူပြည်သားတွေ ဆင်းရဲတာ အလုပ်အကိုင်မရှိလို့…၀င်ငွေမရှိလို့ဆိုတာကို ရဲရဲပဲ ကောက်ချက်ဆွဲချလိုက်ပါ…

နောက်တစ်ခု….

မြန်မာပြည်မှာ ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်နေတယ်…သေတာလဲ သောက်သောက်လဲပဲ…အဲ့ဒါကို ဆိုင်ကယ် ဦးထုပ်မဆောင်းလို့ပါ  ဆိုပြီး ကောက်ချက်ဆွဲချလိုက်တယ်…ဖမ်းတယ်…ဦးထုပ်တွေကို…

ကဲ..စဉ်းစားကြည့်…ဦးထုပ်ဆိုတာက ယာဉ်တိုက်မှု ဖြစ်မှသာ အကာအကွယ်ပေးနိုင်တဲ့ ပစ္စည်းမဟုတ်ပါလား…တကယ်တမ်းယာဉ်တိုက်မှု ဘာကြောင့်ဖြစ်သလဲ…ဘယ်လို မဖြစ်အောင်လုပ်မလဲ ဆိုတာကို   ကောက်ချက်ဆွဲ သင့်တာ မဟုတ်ဘူးလား…

ဦးထုပ်က ယာဉ်တိုက်မှုမဖြစ်အောင် ကာကွယ်ပေးတဲ့အရာ မဟုတ်ပါဘူး…ယာဉ်စည်းကမ်း…လမ်းစည်းကမ်းနားလည်မှု ဆိုတာကသာ ယာဉ်တိုက်မှု မဖြစ်အောင် လုပ်ပေးနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်…ယာဉ်စည်းကမ်း…လမ်းစည်းကမ်း ကို ပြည်သူတွေ ထဲထဲဝင်ဝင် သိရှိလိုက်နာနိုင်အောင် ပညာပေး…အသိအမြင်ပေး..သင်ခန်းစာပေး…ဒီလိုနည်းနဲ့ ယာဉ်တိုက်မှု လျှော့ကျသွားအောင် ဆောင်ရွက်ရမယ်…ဆိုပြီး ကောက်ချက်မဆွဲသင့်ပေဘူးလား…အခုတော့ဗျာ…မယောင်ရာ ဆီလူး…ဦးထုပ်လိုက်ဖမ်းနေတယ်…ဦးထုပ်လဲ အရေးမကြီးဘူးလား…ဟုတ်ကဲ့…ကြီးပါတယ်…ဦးထုပ်ဆိုတာက တိုက်ပြီးမှ အရေးကြီးတာပါ…အခုဟာက မတိုက်အောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်…

ထုတ်ပေးလိုက်တာ…လိုင်စင်တွေ ဖောချင်းသောချင်း…နိုင်ငံတကာမှာတော့ ယာဉ်မောင်းလိုင်စင်ရဖို့ ၆ လ အနည်းဆုံး သင်တန်းတွေတက်…စာတွေ့..လက်တွေ့ လေ့လာ…စာမေးပွဲဖြေ…တခေါက်ဖြေ မအောင်…နှစ်ခေါက်ဖြေ မအောင်…တော်တော်ကြိုးစားရတယ်လို့ ကြားဖူးပါတယ်…ကျုပ်တို့တိုင်းပြည်တော့ ပြောမပြောချင်တော့ပါဘူး…ကျွန်တော်ဆို လိုင်စင်သက်တမ်း ဆယ်နှစ်ကျော်သွားပါပြီ…ဃ…ကနေ င ရောက်ပြီး ဂိတ်ဆုံးနေပါပြီ…လိုင်စင် စလုပ်ကတည်းက ကညန မရောက်ခဲ့ရပါဘူး…ဓာတ်ပုံရယ်…မှတ်ပုံတင်မိတ္တူရယ်…ပိုက်ဆံရယ်…ဒီသုံးခု ပေးပြီး လိုင်စင်ရလာတာပါ…လွန်ခဲ့သော ဆယ်နှစ်ကျော်ကပါ…အခုတော့ သုံးရက်လောက် သင်တန်းတက်ရပြီလို့ ကြားပါတယ်…အရင်ကထက်တော့ တော်လာပြီပေါ့…ဒါပေမယ့် အများကြီးလိုပါသေးတယ်…ကျွန်တော်တို့မြို့မှာ လမ်းပေါ် ယာဉ်တွေမောင်း…ဆိုင်ကယ်တွေစီးနေတဲ့သူ..၈၀% ကျော်က လိုင်စင်မရှိကြပါဘူး…မီးပွိုင့်တောင် မကြည့်တတ်တဲ့သူတွေအများကြီးပါ…လမ်းသွယ်ကနေ စီးလာတယ်…လမ်းမကြီးကို တစက်မှ မကြည့်ပဲ ဖြတ်ကူးရဲတဲ့ မဟာ သတ္တိခဲတွေလဲ အများကြီးပါ…လမ်းမကြီးက လူတွေပဲ ကိုယ့်စိတ်ကို လျှော့ခဲ့ရပေါင်းလဲ မနည်းတော့ပါဘူး…တလမ်းမောင်းတွေ ပြောင်းပြန်စီးတယ်…မျက်နှာချင်းဆိုင်ကားကိုတောင် ဘုကြည့် ကြည့်သွားသေးတယ်…တကယ့် အမျိုးမျိုးပါပဲ…

ဒါကတော့ ဥပမာအနေနဲ့ နှစ်ခုလောက်ရေးပြတာပါ…အဓိက ဆိုလိုချင်တာကတော့ တလွဲကောက်ချက်တွေ ဆွဲပြီး မယောင်ရာဆီလူး အလုပ်တွေ မလုပ်ကြပါနဲ့….ဘယ်သူမှ အကျိုးမရှိပါဘူး…ဘယ်အရာ …ဘယ်ကိစ္စပဲ ဖြစ်ဖြစ်…တကယ့်အကျိုးရှိရာကိုသာ မှန်မှန်ကန်ကန် ကောက်ချက်ဆွဲပြီး တိတိကျကျ စေတနာထားပြီး ဆောင်ရွက်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...