(၁)

သဒ္ဓါနဲ့ပညာ

ဗုဒ္ဓဘာသာကို ကိုးကွယ်ရာမှာ သဒ္ဓါ နဲ့ ပညာ အားကောင်းမျှတဖို့လိုတယ်လို့ ဆုံးမတာကြားဖူးပါတယ်.. သဒ္ဓါဆိုတာက ယုံကြည်တာ၊ ပညာဆိုတာက ဘာသာတရားရဲ့အဆုံးအမတွေ တရားဓမ္မတွေကို နားလည်သဘောပေါက်တာ၊ အကျိုးသင့်အကြောင်းသင့်စဉ်းစားဆင်ခြင်တတ်တာ ဖြစ်ပါတယ်.. သဒ္ဓါသက်သက်ပဲ ရှိပြီး ပညာဥာဏ်မပါဘူးဆိုရင် အနှစ်မပါတဲ့ကိုးကွယ်မှု၊ မျက်ကန်းယုံကြည်တာမျိုး၊ ကြောက်လို့ ကိုးကွယ်တာမျိုးဖြစ်ပါတယ်.. ဟိုးရှေးတုန်းက မီးကို ကိုးကွယ်ကြ၊ မြေကြီးကို ကိုးကွယ်ကြ တာနဲ့ သဘောခြင်းအတူတူပါပဲ.. ဗုဒ္ဓဘာသာမှာတော့ ဒီလို စဉ်းစားမှုမဲ့ ကိုးကွယ်တာမျိုးထက် ပညာဥာဏ်နဲ့ ယှဉ်တဲ့ ယုံကြည်မှုမျိုးမှသာ အဓိပါယ်ရှိပါတယ်.. ကိုယ်နိုင်ငံမှာ ဆုတောင်းပြည့် ဘုရားတွေ အများသားနဲ့ တိုင်းပြည်က ဆင်းရဲနေတာ၊ ကားဝယ်ရင် ဘုရားကို ဦးတိုက်၊ နတ်ပြတာတွေ လုပ်၊ ဘုရားပုံတွေလည်းကပ်ကြပါရဲ့ကားတိုက်မှုနှုန်းတွေက သူများနိုင်ငံ ထက်များနေတာ တွေက သဒ္ဓါစိတ်နဲ့ ကြည့်ရင်မမြင်ပေမယ့် ပညာဥာဏ်နဲ့ စဉ်းစားရင်တော့ အနှစ်မဟုတ် အကာတွေဖြစ်နေမှန်း သိနိုင်ပါတယ်.. ဒါကြောင့် အနှစ်ပိုင်း ဖြစ်တဲ့ တရားသဘောတွေ၊ ကိုယ်တိုင်ကျင့်ကြံ အားထုပ်မှုအပိုင်းတွေ သိဖို့ဆိုရင် ပညာဥာဏ် ကရေးကြီးပါတယ်.. ဒါပေမယ့် တရားဓမ္မ အကုန်လုံးကို ကိုယ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်မှာ မဟုတ်တဲ့ အတွက် သဒ္ဓါဆိုတဲ့ ယုံကြည်မှုနဲ့ ဖြည့်တွေးရတာ၊ မှန်းကြည့်ရတာတွေ ရှိပါတယ်.. အဲ့လိုမဟုတ်ပဲ ကိုယ့်ပညာဥာဏ် နဲ့ချည်းပဲ ဆုံးဖြတ်မယ်ဆိုရင် နိဗ္ဗာန် ဆိုတာမျိုးက ယုတ္တိမရှိသလိုဖြစ်သွားပါလိမ့်မယ်.. အဲ့ဒါကြောင့် သဒ္ဓါကော ပညာကော အားကောင်းဖို့လိုပါတယ် လို့ပြောကြပါတယ်..

(၂)

ကမ္ဘာကိုကြည့်တဲ့အခါ

ဒါတွေက ဗုဒ္ဓဘာသာရဲ့ ဘောင်အတွင်းကပဲ စဉ်းစားထားတာဖြစ်ပါတယ်.. ဒီဘောင်ထဲက ထွက်ပြီးကြည့်လိုက်တော့ ကမ္ဘာတဝှမ်း သဒ္ဓါပိုင်းမှာ ဗုဒ္ဓဘာသာထက်ကို သဒ္ဓါတရားအားကောင်းတဲ့ ဘာသာအယူဝါဒတွေရှိတယ်.. ပညာပိုင်းမှာ တရှိန်ထိုး တိုးတက်နေတဲ့ လောကီပိုင်းပညာရပ်ကြီးရှိနေပါတယ်.. အပေါ်တပိုဒ်မှာ ရေးထားတဲ့ ပညာဆိုတာက ကိုယ့်ဗုဒ္ဓဘာသာကိုနားလည်နိုင်ဖို့ လိုအပ်တဲ့ ထိုးထွင်းဥာဏ်ပညာကိုပြောတာဖြစ်ပြီး အခုပြောတဲ့ လောကီပိုင်းပညာဆိုတာက လူသားတွေကို ကျောက်ခေတ်ကနေ အခု IT ခေတ်အထိဆွဲခေါ်မောင်းနှင်လာတဲ့ လူသားတွေရဲ့စဉ်းစားဥာဏ်ပညာ ကိုပြောချင်တာဖြစ်ပါတယ်.. ဒီစဉ်းစားဥာဏ်ပညာဟာ တရှိန်ထိုးတိုးတက်လာတာနဲ့အမျှ ဘာသာတရားအသီးသီးရဲ့ ယုံကြည်မှု သဒ္ဓါကို စိန်ခေါ်လာပါတယ်.. ဒီသဘောက အခုမှ စဖြစ်လာတာမဟုတ်ပဲ ဟိုးအရင် ဆိုခရေးတီး၊ ဂယ်လီလီယို တို့ ကတည်းကဖြစ်ခဲ့တာဖြစ်ပြီး အခု ပိုအားကောင်းလာတဲ့သဘောပဲဖြစ်ပါတယ်.. အသိသာဆုံးနေရာကိုပြောရရင် လောကီပညာအတိုးတက်ဆုံး ဖြစ်တဲ့ အနောက်တိုင်း ခရစ်ယာန် အသိုင်းအဝိုင်းမှာဖြစ်ပါတယ်..

ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် နဲ့ ဖန်ဆင်းရှင်ဝါဒ

Evolution အယူအဆ နဲ့ Creationism ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒ ထပ်တိုက်တွေ့နေတာ အနောက်ကမ္ဘာမှာ အတော်ကြာပြီဖြစ်ပါတယ်.. အဓိကလက်သည်ကတော့ နာမည်ကျော် ချားလ်စ်ဒါဝင် ပါ.. သူရဲ့ စာအုပ် On the Origin of the Species က ခရစ်ယာန် အသိုင်းအဝိုင်းကို လှုပ်ခပ်သွားစေပါတယ်.. သူ့ရဲ့ evolution အယူအဆတွေဖြစ်တဲ့ သက်ရှိအရာတွေ အကုန်လုံး မူလ ဘုံရင်းမြစ် common ancestors ကနေဆင်းသက်လာတဲ့ အယူအဆ၊ ပြောင်းလဲလာတဲ့ သဘာဝပါတ်ဝန်းကျင်အခြေအနေနဲ့ လိုက်ဖက်အောင်နေနိုင်တဲ့ မျိုးစိတ်တွေပဲ ရှင်သန်နိုင်နိုင်တဲ့ survival of the fittest၊ ဒီသဘောကြောင့် သဘာဝတရားကြီးနဲ့ အဆင်ပြေအောင်နေနိုင်တဲ့ မျိုးစိတ်တွေပဲ ကျန်ခဲ့တဲ့ natural selection သဘော၊ ဒီလိုသဘာဝကြီးနဲ့ အတူလိုက်ပြောင်းလဲရင်းနဲ့ မျိုးစိတ် အသစ်တွေ၊ မျိုးစိတ်အခွဲတွေ ဖြစ်ပေါ်လာတဲ့ Evolution ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် စတာတွေ ဟာ ခရစ်ယာန်ရဲ့ ကျမ်းစာမှာပါတဲ့ ထာဝရဘုရားသခင်က သတ္တဝါတွေအကုန်လုံးကိုဖန်ဆင်းတယ် ဆိုတဲ့ အယူအဆ၊ ကမ္ဘာသက်တမ်း အနှစ် ၆၀၀၀ ဆိုတဲ့ အယူအဆ (evolution အလိုအရ သတ္တဝါတွေ အခုလို ဆင့်ကဲ ပြောင်းလဲလာဖို့ နှစ်သန်းပေါင်းချီ ကြာပါတယ်၊ ကမ္ဘာကြီးကို သိပ္ပံပညာနဲ့စမ်းတော့လည်း နှစ်သန်းချီကြာပြီလို အဖြေရပါတယ်)၊ လူသတ္တဝါကို တခြား တိရိစ္ဆာန်ထက်မြင့်တဲ့ higher being လို့သတ်မှတ်မှု (Evolution အလိုအရ လူဟာလည်း သတ္တဝါတွေထဲက မျိုးစိတ်တစ်ခုပါပဲ) စတာတွေ နဲ့ ဆန်ကျင်နေပါတယ်..

အဲ့ဒီတော့ အနောက်တိုင်းခရစ်ယာန်သိပ္ပံပညာရှင်တွေအနေနဲ့ တဖြည်းဖြည်း အထောက်အထားတွေများများလာတဲ့ Evolution အယူအဆကိုလက်ခံရင် Bible ကိုလွှတ်ချရမလိုဖြစ်နေပါတယ်.. တချိုကြတော့လည်း ရှဉ်လဲလျှောက် ပျားလဲစွဲ လို့ရမယ့် အယူအဆမျိုးကိုယူပါတယ်.. Evolution ဖြစ်စဉ်ဟာ ဘုရားသခင်က သတ္တဝါတွေကို ဖန်တီးတဲ့နေရာမှာ အသုံးပြုတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာမျိုး၊ ဘုရားသခင်က ကမ္ဘာကိုဖန်ဆင်းကတည်းက နှစ်ချီကြာပြီးအသွင်နဲ့ ဖန်ဆင်းခဲ့တယ် ဆိုတာမျိုးယူဆကြပါတယ်.. တချို့ကလည်း သိပ္ပံပညာကဘာတွေ တွေ့သည်ဖြစ်စေ ကိုယ်ရဲ့ဘုရားသခင်အပေါ် ယုံကြည်ချက် ကို မဖျက်ကြပါဘူး.. သိပ္ပံပညာတွေ ဘယ်လောက်ပဲတိုးတက်တယ် ဆိုဆို မဖြေရှင်းနိုင်သေးတဲ့ အဓိက အပိုင်းတွေအများကြီးရှိနေသေးတာအမှန်ပါ.. something from nothingness သဘောတွေဖြစ်တဲ့ အသက်ဇီဝရဲ့ အစ၊ စကြာဝဋ္ဌာရဲ့ အစတွေကို ရှင်းပြတဲ့နေရာမှာ သိပ္ပံပညာနဲ့ တိတိကျကျပြောဖို့ခက်နေဆဲပါပဲ.. ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လူတွေရဲ့ စဉ်းစားတတ်လာတဲ့ ပညာက ဘာသာတရားရဲ့ ယုံကြည်မှု ကို စိန်ခေါ်လာတာတော့ အမှန်ပါပဲ..

ပညာမျိုးဆက်

ဒီလိုစိန်ခေါ်လာမှုဟာ ထိပ်တန်းသိပ္ပံပညာရှင်များကြားမှာတင် မကတော့ပါဘူး.. ပညာအသားပေးတဲ့၊ လွတ်လပ်တဲ့ အနောက်နိုင်ငံတွေရဲ့ သာမန်လူတန်းစားတွေမှာပါ အတော်ကြီး စိမ့်ဝင်ပျံ့နှံနေတာတွေရပါတယ်.. Do you believe in God? လို့ လူငယ်ခြင်းမေးမြန်းမှုဟာ ကြောက်မက်ဖွယ် မေးခွန်းမျိုး မဟုတ်တော့ပါဘူး.. လွတ်လပ်စွာပဲ ယုံကြည်တဲ့လူက ယုံမယ်၊ မယုံတဲ့လူက မယုံဘူး ဆိုတဲ့သဘောမျိုးဖြစ်လာနေပြီ လို့ယူဆရပါတယ်..

(၃)

ကိုယ့်အလှည့်

သူများနိုင်ငံတွေမှာ ဖြစ်တဲ့ သူများဘာသာရေးကိစ္စ မို့ ကိုယ်နဲ့ မဆိုင်ဘူး လို့ တွေးကောင်းတွေးလို့ရပါတယ်.. ဒါပေမယ့် သူတို့ဆီမှာ Do you believe in God လို့မေးသလိုမျိုး နောင် ဗုဒ္ဓဘာသာမျိုးဆက်တွေမှာ “နိဗ္ဗာန် တကယ်ကော ရှိရဲ့လား” ဆိုတဲ့ မေးခွန်းမျိုးတွေမေးလာကြမလား…

လက်ရှိအချိန်မှာတော့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းထဲမှာ ပညာက သဒ္ဓါကို စိန်ခေါ်တဲ့ အခြေအနေမျိုး၊ အနောက်နိုင်ငံတွေမှာလို အငြင်းပွားစရာအခြေအနေမျိုး သိပ်မတွေ့ရသေးပါဘူး.. ဒါကတော့ ငါတို့ဘာသာက အစစ်အမှန်မို့ ဆိုပြီး ကိုယ်ဖက်ကိုယက်ပြောရင် ဘက်လိုက်ရာရောက်ပါတယ်..မျှတအောင်ပြောရရင် ဘယ်ဘာသာတရားဖြစ်ဖြစ် ကိုယ့်ဘာသာကို ကိုယ် အစစ်အမှန်လို့ထင်ကြတာချင်းကလည်း အတူတူ၊ သိပ္ပံပညာနဲ့ လက်တွေ သက်သေပြလို့ မရသေးတာလဲ အတူတူပါပဲ.. ဒီတော့ တခြားဘယ်နေရာတွေကွာနေလို့ သူတို့ဆီမှာ ပြဿနာတွေ ဖြစ်ပြီး ကိုယ်ဆီမှာ မဖြစ်သေးတာလဲ..သူတို့ဆီမှာ သဒ္ဓါဆိုတဲ့ ယုံကြည်မှုနည်းလို့လား.. ဒါတော့ မဟုတ်ဘူးထင်ပါတယ်.. ယေဘူယျ ကြည့်ရင် ခရစ်ယာန်တွေ တနင်္ဂနွေ ဘုရားကျောင်းတက်သလောက် ဗုဒ္ဓဘာသာတွေ ဥပုသ် မစောင့်ဖြစ်ပါဘူး.. ခရစ်ယာန် တစ်ယောက်ရဲ့ ရင်ထဲမှာ သူ့ရဲ့ ဘုရားသခင်ရှိသလိုမျိုး ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ မရှိတတ်ပါဘူး.. ကိုယ့်ဘုရားစကားကိုယ် နားထောင်တဲ့နေရာမှာတော့ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေက နောက်ဆုံးကဖြစ်ပါလိမ်မယ်.. ဒီတော့ သူတို့ဆီမှာ အစိန်ခေါ်ခံရတဲ့ သဒ္ဓါကအားနည်းလို့ မဟုတ်ပဲ စိန်ခေါ်လာတဲ့ လောကီပညာ၊ စဉ်းစားဥာဏ်ပညာတွေ အားကောင်းလာလို့ပဲ ဖြစ်ပါတယ်.. ကိုယ်ဆီမှာ မဖြစ်သေးတာက သဒ္ဓါအားကောင်းလို့မဟုတ်ပဲ စိန်ခေါ်နိုင့်မယ့် စဉ်းစားဥာဏ်တွေ အားကောင်းမလာသေးလို့သာဖြစ်ပါတယ်..

စိန်ခေါ်လာမယ့် တစ်နေ့

ကမ္ဘာကြီးရဲ့ တိုးတက်မှုက အမြန်နှုန်း Speed တင်မက အရှိန်တင်နှုန်း Acceleration ပါမြန်လာတာပါ.. ဟိုးအရင် ကျောက်ခေတ်၊ သံခေတ်တွေမှာ လူသားတွေ တိုးတက်မှုတစ်ခု တစ်ခုဖြစ်ဖို့ နှစ်သိန်း၊ သန်းချီကြာတက်ပါတယ်.. နောက်ပိုင်း အလယ်ခေတ်တွေမှာ တီထွင်တွေ့ရှိမှု တစ်ခုကနေ နောက်တစ်ခုကို ရာစုနှစ်တစ်ခု လောက်ကြာတယ်ဆိုရင် အခုဒီဘက်ခေတ်မှာ ဆယ်စုနှစ်တစ်ခုလောက်ပဲ အချိန်ယူပါတော့မယ်.. သတင်းအချက်အလက်တွေ၊ ပညာဥာဏ်တွေဟာလည်း အရှိန်အဟုတ်နဲ့ ကူးသန်းသွားနေပါတယ်.. ဒီလိုမျိုး စဉ်းစားဥာဏ်တွေ၊ ကျိုးကြောင်းဆင်ခြင်မှု အလေ့အထတွေ ကမ္ဘာပတ်လာတဲ့ အခါမှာ ပညာတတ် ဗုဒ္ဓဘာသာလူငယ်တွေ ဆီမှာမေးခွန်းတွေရှိလာပါလိမ်မယ်.. ကိုယ့်ခေတ်တုန်းက ဘုန်းကြီးက “ယူဇနာ ရှစ်သောင်းလေးထောင် ရှိတယ် ဒကာတို့ရဲ့.. ဘယ်လောက်လဲ”.. “ယူဇနာ ရှစ်သောင်းလေးထောင်ပါ ဘုရား”.. ဆိုပြီး အဆင်ပြေနေပေမယ့် နောက်မျိုးဆက်မှာ ဘာလို့ ရှစ်သောင်းလေးထောက်ချည်းပဲ ကွက်တိဖြစ်ဖြစ်နေလဲ ဆိုတာမျိုး.. အနှစ်မဟုတ် အကာသားတွေထဲက ထောက်စရာတွေဖြစ်နေတဲ့ မြင့်မိုလ်တောင်ဆိုတာတွေ၊ စင်္ကြဝတေးမင်း စတာာတွေက မေးချင်စရာတွေဖြစ်လာပါလိမ်မယ်..

မှတ်ကျောက်တင်ခံမယ့် အနှစ်

ဘာသာရေးမှာ အနှစ်ပိုင်းကို အကာတွေနဲ့ မွမ်းမံကြတာ ဘာသာတိုင်းလိုလိုဖြစ်နေမလား ဆိုတာစဉ်းစားစရာပါ.. တချိုကြတော့လည်း ဘာသာရေးဟာ လူတွေရဲ့စိတ်နှလုံးညွတ်ရာဖြစ်လို့ ကိုယ်လိုရာအသုံးချဖို့ ပုံသွင်းကြတာတွေရှိပါတယ်.. တချိုကြတော့လည်း လူတွေပိုကြည်ညို သဒ္ဓါတရားထက်သန်အောင်လို့ ကွန့်ကြ ညွန့်ကြတာတွေလည်းရှိပါတယ်.. ဒါတွေအပြင် ဒေသခံလူတို့ရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ပါ နှစ်ထောင် ချီရောထားလိုက်တယ်အခါ အခုချိန် ဘယ်ဟာအနှစ် ဘယ်ဟာအကာ ခွဲကြရင်ဖြင့် ဂိုဏ်းအမျိုးမျိုးကွဲကြဖို့ပဲရှိပါတယ်.. ဒါပေမယ့် နောက်မျိုးဆက်လက်ထဲ အနှစ်ကော အကာကော တလုံးထဲကြီးလက်ဆင့်ကမ်းပေးရင်လဲ ကောင်းကျိုးတော့မရှိပါဘူး.. အကာကိုမကြိုက်တာနဲ့ အနှစ်ပါ အပစ်ခံရမယ့်ကိန်းရှိပါတယ်.. အနှစ်သားကိုအလေးပေးပြီး အကုန်လက်ဆင့်ကမ်းပေးရင်သင့်တော်မလား စဉ်းစားမိပါတယ်.. သူတို့ရဲ့စဉ်စားဥာဏ်အားကောင်းလာလို့ ဘာသာတရားကို မှတ်ကျောက်တင်မယ်ဆိုရင် အကာသားကွာကျရင်တောင် အနှစ်သားကတော့ မှတ်ကျောက်တင်ခံ ကျန်ရစ်မယ်လို့ မျှော်လင့်ရပါတယ်..

အားရှိစရာ နဲ့ အားချည့်စရာ

ကိုယ်ရဲ့ဘာသာတရားမှာ ဒီလိုမှတ်ကျောက်တင်ခံမယ့် အနှစ်သားကျန်နေနိုင်တာကတော့ အားရှိစရာပါ.. သံသရာလွတ်ကြောင်းတရားတွေ၊ သစ္စာလေးပါးတရားတွေကို နက်နဲလွန်းတယ် ထင်ရင်တောင် လူမျိုး၊ ဘာသာမရွေး အတွက် ကျင့်သုံးနိုင်တဲ့ သီလ၊ ဗြဟ္မာစိုရ်တရားလေးပါး၊ နှလုံးသွင်းနိုင်တဲ့ လက္ခဏာရေးသုံးပါး စတာတွေဟာ လူသားတွေအတွက် အကျိုးမယုတ်တဲ့ တရားတွေဖြစ်တဲ့ အပြင် သိပ္ပံပညာရဲ့ တိုက်စားမှု ဒဏ်ကိုလည်း ခံနိုင်ပါလိမ့်မယ်..

အားချည့်စရာက ကိုယ့်လူမျိုးတွေဟာ အကာကို အနှစ်ထက် အရသာတွေ့တက်တာပါပဲ.. အဋ္ဌကထာ ဆရာတွေ ကွန့်ခဲ့ကြ ညွန့်ခဲ့ကြတယ်လို့ ယူဆရတဲ့ အကာသားတွေ အပြင် အနှစ်ကို ကိုယ်လိုရာစွဲသုံးတတ်လို့ တလွဲဆံပင်ကောင်းနေကြတာလည်းရှိပါတယ်.. ဥပမာ အားဖြင့် လူတွေရဲ့ အလှူအတန်း သဒ္ဓါအားကောင်းလာဖို့ ဟောကြတဲ့ ရေအကျိုးဘယ်နှစ်ပါး၊ ဘာလှူတဲ့အကျိုးဘယ်နှစ်ပါး စသည်ဖြင့်ပေါ့.. ဟောတာကတော့ သဒ္ဓါစိတ်အားကောင်းလာအောင်ဖြစ်ပေမယ့် ရလာဒ်ကတော့ အကျိုးမျှော်ပြီး လှူကြတန်းကြတာတွေဖြစ်ကုန်ပါတယ်.. အလှူခံပုဂ္ဂိုလ်ရဲ့သီလ၊ သမာဓိ ကောင်းခြင်း စသည်တို့ ကနေလည်း အကျိုးပေးပုံကွာတယ်လဲ ဆိုရော အလှူအတန်းတို့ရဲ့ ဦးတည်ရာဟာ ဘုရား၊ကျောင်း၊ကန်၊ ဘုန်းတန်းခိုးကြီးဆရာတော် တို့ဆီသာ ဦးတည်ပါတော့တယ်.. “လှူမယ့် လှူတော့…” ဆိုတာမျိုး စီးပွားတွက်တွက်ပြီးလှူသလို ဖြစ်နေကြတာထက် စာရင် ဘာသာမဲ့ တစ်ယောက်က လမ်းမှာတွေ့တဲ့ ဆင်းရဲတဲ့အဖွားအိုတစ်ယောက် ဖိနပ်မပါလို့ သူ့ဖိနပ် ချွတ်ပေးခဲ့၊ စားစရာပေးခဲ့တာမျိုးက ပိုဖြူစင်မလားလို့တွေးမိပါတယ်.. နောင်ဘဝ ဆိုတာမျိုးကို အယုံအကြည်မရှိတဲ့ ဘာသာခြားသူဌေးကြီးတွေရဲ့ သန်းချီတဲ့ အလှူကို တွေ့ရင်လည်း အပေး အယူမဆန်တဲ့ အလှူမို့လို မုဒိတာပွားမိပါတယ်..

ဒီလိုမျိုး အကာထူထူ အနှစ်ပါးပါး ကိစ္စတွေကို ကိုယ်ဘာသာဝင်တွေဆီမှာ စွဲမြဲနေတာတွေရပါတယ်.. ဘုရားရှစ်ခိုးနဲ့ ဆုတောင်းစာရှည် ကြီးတွေ၊ ဂါထာ မန္တန်တွေ၊ ရှင်ပြုမင်္ဂလာတွေ၊ အလှူအတန်း တွေမှာသာမက အပေါ်ယံအကာ အနည်းဆုံးဖြစ်သင့်တဲ့ ဘာဝနာ ကိစ္စမှာပါတွေ့နေရပါတယ်.. ငါ့ဘုန်းကြီး ငါ့တရားစခန်း နည်းက အမှန်ဆိုတာမျိုး၊ တရားကိုမမြင်ပဲ ခွက်တွေ စက်ဝိုင်းကြီးတွေသာ စွဲနေတာမျိုးတွေ တွေ့ရပါတယ်.. အဓိက ကတော့ သဒ္ဓါကဲ ပြီး ပညာနည်းနေတာပါပဲ..

(၄)

အကာထူထူ နဲ့ နောက်မျိုးဆက်အတွေ့

ကိုယ်ခေတ်မှာတော့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေ ကိုလည်းလက်ခံခဲ့တာပဲ.. ဘုရားရှင်ရဲ့ ဘုန်းတော်ဘွဲ့တွေ အောင်ခြင်း အမျိုးမျိုးတွေကိုလည်း ကြည်ညိုခဲ့ကြတာပဲ.. လေးသင်္ချေ ကမ္ဘာတသိန်းတို့၊ အကွာအဝေး ယူဇနာတို့၊ ကျွတ်တမ်းဝင်သွားတဲ့ လူပရိသတ် အရေအတွက်စတာတွေကိုလည်း ချဲ့ကားလွန်းသလားလို့ သံသယ မထားခဲ့ကြပါဘူး.. သြကာသဘုရားရှစ်ခိုးပြီးလည်း နိဗ္ဗာန်ဆုတောင်းခဲ့ကြပါတယ်.. သံဗုဒ္ဓေဂါထာတော် ကိုလည်းအားကိုးတကြီးရွတ်ခဲ့ကြပါတယ်..

နောင်မျိုးဆက်တွေကို ကိုယ့်အတိုင်းလိုက်လုပ်ဖို့တော့ သိပ်မျှော်လင့်လို့မရပါဘူး.. သူတို့တွေ အနေနဲ့ ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာတွေ၊ ရှေ့နောက်ညီမညီဆိုတာတွေ၊ ယုတ္တိရှိမရှိဆိုတာတွေ စဉ်းစားလာပါလိမ်မယ်.. အဲ့ဒီအတွက် ဇွတ်လုပ်လို့လဲမရပါဘူး.. မင်းတို့ဒါတွေမယုံရင် ငရဲကြီးလိမ့်မယ် ဆိုလည်း ဘယ်မှာလဲ အဲ့ဒီငရဲ လို့ ပြန်မေးလာနိုင်ပါတယ်.. ငရဲဆိုတာဒါလို့ စာအုပ်ချပြလဲ မဖြုံလောက်တော့ပါဘူး.. သူတို့အတွေးတွေ၊ စဉ်းစားနိုင်မှုတွေကို တရားစာအုပ်တွေ၊ ဘုန်းကြီးတွေရဲ့ အဆုံးအမ အတွေနဲ့တင် ရပ်ထားလို့မရတော့ပါဘူး.. ကိုယ့်ခေတ်တုန်းက သဒ္ဓါကိုတိုးမပေါက်ခဲ့ပေမဲ့ သူတို့ခေတ်မှာတော့ ပညာက သဒ္ဓါကို စိန်ခေါ်လာမယ့်အခြေအနေပါ..

ပညာ နဲ့ ပညာ

ဒါပေမယ့် ဗုဒ္ဓဘာသာမှာ ယုံကြည်မှု သဒ္ဓါသက်သက်သာမဟုတ်ပဲ ပညာပိုင်း အဘိဓမ္မာတွေ၊ အနှစ်သားတွေ ကျန်နေပါသေးတယ်.. ဒီပညာပိုင်းကိုပဲ နောက်မျိုးဆက်ဆီကိုကောင်းကောင်း လက်ဆင့်ကမ်းလို့ရမယ်လို့ယူဆပါတယ်.. ကိုယ်ငယ်စဉ်တုန်းကတော့ ဒီဘာသာကို ကြည်ညိုလာဖို့ မိဘ ဆရာတွေက သဒ္ဓါစိတ်သန်လာမယ့် နည်းလမ်းတွေဖြစ်တဲ့ ကြည်ညိုစရာ ဘုန်းတော်ဘွဲ့တွေ၊ အတုခိုးစရာ ဇာတ်နိပါတ်တွေ၊ ရွတ်ဆိုရမယ့် ဘုရားရှစ်ခိုး ဂါထာတွေ စသည်ဖြင့် သင်ကြားလက်ဆင့်ကမ်းခဲ့ကြပါတယ်.. နောက်မျိုးဆက်တွေ အတွက်ဆိုရင်တော့ အဲ့ဒါတွေထက် လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ သီလ သမာဓိ ပညာ ဆိုတာ၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ၊ ဗြဟ္မာစိုရ် တရားတွေဆိုတာ၊ ဒါန သီလ ဘာဝနာ ဆိုတာ ဘာတွေဖြစ်တယ် စသည်ဖြင့် ရိုးရိုးလေးစပြီး သင်ကြားပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ စဉ်းစားဥာဏ်ပညာတွေ ဖွံဖြိုးလာတဲ့အချိန်မှာလဲ သံသယပွားစရာတွေ သိပ်မရှိနိုင်တော့ဘူးထင်ပါတယ်.. ဒီလိုမှ မဟုတ်ပဲ သဒ္ဓါသက်သက်ကိုးကွယ်မှုမျိုး၊ အပ်ါယံအကာများတဲ့ အယူအဆမျိုး တွေ ကိုလက်ဆင့်ကမ်းကြမယ် ဆိုရင်တော့ ကြာကြာမခံလောက်ဘူး လို့ ယူဆရပါတယ်..

(၅)

နိဂုံးချုပ်

ရေးထားတာတွေကို ပြန်အနှစ်ချုပ်ရရင်

– ဗုဒ္ဓဘာသာမှာ သဒ္ဓါကော ပညာကော အရေးကြီးပါတယ်.. ပညာမပါတဲ့ သဒ္ဓါသက်သက်ကဲလာတဲ့ အခါ အပေါ်ယံအကာတွေ၊ ယုတ္တိလွန် ယုံကြည်မှုတွေ၊ မျက်ကန်းကိုးကွယ်မှုတွေ ထူသတက်ထူလာပါတယ်..

– လူတွေရဲ့ အသိဥာဏ်ကောင်းလာ၊ စဉ်းစားတတ်လာတဲ့အခါမှာ ဒါတွေကို ပြန်ဆန်းစစ်လာကြပါတယ်..

– ဒါကိုတားဆီးလို့မရပါဘူး..

– အဲ့လိုဆန်းစစ်နိုင်လာလို့ အပေါ်ယံအကာတွေ ရဲ့ ယုတ္တိမရှိပုံတွေ၊ အဓိပါယ်မဲပုံတွေ တွေ့လာတဲ့ အခါ ဘာသာတရားကို စွန့်ပစ်ချင်လာတာမျိုးတွေ ဖြစ်လာမှာပါ.. အဲ့လိုမျိုး အကာ ရဲ့အားနည်းချက်ကြောင့် အတွင်းအနှစ်သာရပါ အပစ်ခံရမယ်ဆိုရင် နှမြှောစရာကောင်းပါတယ်..

– ဒါကြောင့် နောင်မျိုးဆက်တွေကို ဘာသာရေးလက်ဆင့်ကမ်းတဲ့နေရာမှာ ဘာတွေ အလေးထားပေးမလဲ.. ဘာတွေကို လျှောလျှောပေါ့ပေါ့ ချန်ထားခဲမလဲဆိုတာ စဉ်းစားဖို့ဖြစ်ပါတယ်..

Zaw Thant

.

.

.

မှတ်ချက်။ ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ စာစုဖြစ်တာကြောင့် အငြင်းပွားစရာ သိပ်မဖြစ်ရအောင် မှတ်ချက်လေးတွေ ထည့်ရေးလိုက်ပါတယ်..

၁။ ဘာသာရေးနဲ့ပါတ်သတ်လို့ ကျွမ်းကျင်နှံ့စပ်သူတစ်ဦး မဟုတ်တာကြောင့် အချက်အလက် အမှားတွေပါရင် ကိုယ့် အားနည်းချက်အဖြစ် ကြိုဝန်ခံပါတယ်။

၂။ ခရစ်ယာန် အယူဝါဒနဲ့ ပါတ်သတ်လို့ ဝေဖန်တိုက်ခိုက်ထားတာ မဟုတ်ပဲ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတစ်ခု အဖြစ် ဥပမာပေး ပြောပြထားတာသာဖြစ်ပါတယ်။ Evolution အယူအဆဟာလည်း ပြီးပြည့်စုံမှု မရှိသေးပါဘူး.. တဖက်နဲ့ တဖက် ထောက်ပြစရာ အငြင်းပွားစရာတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။

၃။ မိမိတို့ ဗုဒ္ဓဘာသာအယူဝါဒ ထဲမှာလဲ ဒါကတော့ ဘုရားဟော မဟုတ်ဘူး၊ ဟိုဟာကတော့ ချဲ့ကားထားတာဖြစ်တဲ့ အတွက် အမှန်လို့ မယူဆဘူး စသည်ဖြင့် တပ်အပ်မပြောနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ အငြင်းပွားလိုခြင်းမရှိပါဘူး.. ဒါပေမယ့် နှစ် နှစ်ထောင်ကျော်အတွင်း လူတွေထပ်ဖြည့်တာတွေ၊ ချဲ့ကားတာတွေ၊ ယဉ်ကျေးမှု ဓလေ့ အယူအဆတွေ နဲ့ ရောနှောမှုတွေ ကတော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။

၎။ အနှစ်လား အကာလား စဉ်းစားတဲ့ နေရာမှာ လက်တွေ့ကျ မကျ ယုတ္တိရှိမရှိ ဆိုတာတစ်ခုထဲ နဲ့ အမြဲတမ်းမဆုံးဖြတ်ချင်ပါဘူး။ အခုခေတ်မှာ ရောင်ခြည်တော် လွတ်တယ် ဆိုတာတွေ၊ ဂါထာရွတ်လို့ အန္တရာယ်ကင်းတယ် ဆိုတာတွေကြားရင် ယုတ္တိမရှိတဲ့ အကာတွေ အဖြစ်တွေးမိပေမယ့် နိဗ္ဗာန် ရှိတယ် ဆိုတာကတော့ အနှစ်ပိုင်း ဖြစ်လို့ လက်တွေ့မမြင်ရလည်း သဒ္ဓါစိတ်နဲ့ ဖြည့်ယုံကြည်ပါတယ်။

၅။ နောက်လာမယ့် မျိုးဆက်တစ်ခုအတွင်း ဒါကိစ္စတွေ သေချာပေါက်ဖြစ်မယ်လို့လဲ မဆိုလိုချင်ပါဘူး။ ဖြစ်လာနိုင်တဲ့ ကိစ္စတစ်ခု အဖြစ် အတွေးဆင့်ပွား ပြီးရေးလိုက် ခြင်းဖြစ်ပါတယ်။

About Zaw Thant

Zaw Thant has written 9 post in this Website..