၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၉) ရက်နေ့ ၊ နေ့လည် (၂)နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ Myanmar Chinese Chamber of Commerce တွင် ၊ အမေရိကပြည်ထောင်စု၊ ကယ်လိုဖိုး နီးယားပြည်နယ်နေ မြန်မာပြည်ဖွား တရုတ်လူမျိုးများစုပေါင်းပြီး မြန်မာနိုင်ငံအတွင်း လက်ရှိလူမှုရေးလုပ်ငန်းများ လှုပ်ရှားလျှက်ရှိသော အဖွဲ့စည်းများထဲမှ ၊ NPO (Non Profit Organization) အဖွဲ့အစည်း (၆)ဖွဲ့အား အလှူငွေပေးအပ် လှူဒါန်းခြင်းအခမ်းအနား တစ်ရပ်ကိုပြုလုပ်ခဲ့ပါသည်။

ယင်းအခန်းအနားတွင် သဘာပတိအဖြစ် ဦးရေမွန်ချစ်ကလည်းကောင်း၊ အခမ်းနားမှူးအဖြစ် ဒေါက်တာဇော်ထွန်းမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ကယ်လီဖိုးနီးယားတောင်ပိုင်း၌ နေထိုင်သူမြန်မာပြည်ဖွားတရုတ်လူမျိုးများစုပေါင်းပြီး နှစ်စဉ် စက်တင်ဘာလဆန်းပိုင်းတွင် မိမိတို့မွေးဖွားရာ မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ကြပြီး တွေ့ဆုံပွဲများပြုလုပ်လေ့ ရှိကြောင်းလည်း သိရှိရပါသည်။

ယခုအကြိမ်သည် (၇)ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ယခုတွေ့ဆုံမှုအတွက် စုပေါင်းပြန်လည်လာရောက်သူ (၆၈)ဦးရှိ ကြောင်းလည်းသိရပါသည် ။  ယခုနှစ်တွင်မှ ပထမဆုံးစံနမူနာပြအနေဖြင့် လူမှုရေးလုပ်ငန်းများသို့ ဆက်သွယ်စုပေါင်း လှူဒါန်းကြခြင်းဖြစ်ကြောင်းလည်း ၀မ်းမြောက်ဝမ်းသာသိရှိရပါသည်။

ပြည်ပရောက် မြန်မာပြည်ဖွား တရုတ်လူမျိုးများသာမကပဲ ၊ မြန်မာပြည်တွင်းနေထိုင်ကြသော တရုတ်လူမျိုးများပါ လူမှူရေးလုပ်ငန်းများကို တတ်နိုင်သည့်ဘက်မှပါဝင်ထောက်ပံ့ပေးစေလိုသော ဆန္ဒမွန်ဖြင့် ယခုပွဲအားစံနမူနာအဖြစ် ပြုလုပ်နှိုးဆော်ပေးခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

အခမ်းအနားအနေဖြင့် အခမ်းအနားမှူးမှ အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာပြီးနောက်၊ သဘာပတိဦးရေမွန်ချစ်မှ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ပရဟိတအဖွဲ့  (၆)ဖွဲ့မှ ကိုယ်စားလှယ်များက အသီးသီးမိတ်ဆက်စကားပြောကြား ပြီးနောက်၊ အလှူငွေများကို လက်ခံခဲ့ပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှ မြန်မာပြည်ဖွား တရုတ်လူမျိုးများက ပရဟိတအဖွဲ့အစည်းတစ်ဖွဲ့လျှင် အမေရိကန် ဒေါ်လာ (၆၀၀)စီလှူဒါန်းခဲ့သလို၊ အခမ်းအနားသို့တက်ရောက်လာသော တရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးကြီးစိန်မှလည်း လှုပ်ရှားနေကြသော ပရဟိတအသင်းအဖွဲ့များအား ၀မ်းမြောက်ဝမ်းသာသဒ္ဒါတရားထက်သန်စွာဖြင့် အမေရိကန်ဒေါ်လာ (၁၀၀)စီကို ထပ်မံလှူဒါန်းသွားခဲ့ပါသည်။

တရုတ်ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ ဦးမြင့်ရွှေမှလည်း ထက်သန်စွာဖြင့် အမေရိကန်ဒေါ်လာ (၁၀၀)စီကို ထပ်ဆောင်းလှူဒါန်းခဲ့ပါသေးသည်။

ထို့နောက် ပရဟိတအဖွဲ့များမှ ကိုယ်စားလှယ်များက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့အပြီးတွင် LA ၏ ခရီး သွားလာရေးအဖွဲ့ကိုယ်စား မစ္စတာအယ်ဒီလင်းက ပရဟိတအဖွဲ့တစ်ဖွဲ့လျှင် အမေရိကန်ဒေါ်လာ (၂၀၀)စီ ထပ်မံလှူဒါန်းခဲ့ခြင်းအား ၀မ်းမြောက်ဝမ်းသာလက်ခံကြပြီးနောက် အခမ်းအနားမှူးမှ အခမ်းအနားပြီးဆုံးကြောင်းကြော်ငြာကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ NPO အဖွဲ့စည်းများဖြစ်ကြသော ကျိုက်ဝိုင်းလူငယ်မသန်စွမ်းကျောင်း ၊ မေရီချက်ပ်မင်းဆွံ့အ နားမကြားကျောင်း ၊ ဗဟိုလမ်းမှ မျက်မမြင်ကျောင်း ၊ လှိုင်သာယာမှ အောင်ပရဟိတမိဘမဲ့ကလေးများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၊ ပုသိမ်မြို့နယ် သာပေါင်းမြို့ မှ ပရဟိတအဖွဲ့ (၄)ခုစုပေါင်းထားသော ပန်းပျိုးလက်အဖွဲ့နှင့် မန္တလေးဂဇက်အွန်လိုင်းစာမျက်နှာမှ စတင်စုစည်းမိကြသော ဒါဇင်ပလက်(စ)အဖွဲ့မှ ကိုယ်စားလှယ်များ အသီးသီး တက်ရောက်အလှူငွေ လက်ခံခဲ့ကြပြီး ၊ နိုင်ငံပိုင် ပြည်တွင်း မီဒီယာအချို့ ၊ ပုဂ္ဂိုလိကပိုင် မီဒီယာအချို့ ၊ တရုတ်ခရီးသွားလုပ်ငန်းနှင့် သတင်း မီဒီယာအချို့တို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

C360_2013-09-09-14-20-04-341

ဒါဇင်ပလက်စ် ပညာရေးကူညီမှုအဖွဲ့ ကို ၀ါသနာတူ မန္တလေးဂဇက်အွန်လိုင်း စာရေးစာဖတ်သူများနှင့် ၂၀၁၂ ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအလှူကိုတော့ ၂၀၁၂ ခုနှစ် ၊ သြဂုတ်လမှာ စတင်ခဲ့ကြပါသည် ။ အမြဲတမ်းအလှူရှင်များနှင့် သဒ္ဒါပေါက်အလှူရှင်များဧ။် ပေါင်းစပ်အင်အားဖြင့် လစဉ် စာရေးကိရိယာများ၊ ပညာသင် ထောက်ပံ့ငွေများကို လှူဒါန်းမှုပြုလုပ်ခဲ့ကြပြီး ယနေ့အထိ (၁၄)ကြိမ် လှူဒါန်းပြီးစီးခဲ့ပြီးဖြစ်ပါသည်။

အနာဂတ်၏ အသီးပွင့်လေးများဖြစ်ကြသောကလေးငယ်များအတွင်းမှ ဆင်းရဲနွမ်းပါးသောကလေးငယ်များ၏ပညာရေးကို ဘာသာရေး ၊ လူမျိုးရေး မခွဲခြားပဲ တဖက်တလမ်းမှ အထောက်ပံ့ပေးနိုင်ရန်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကလေးငယ်များကို ပညာသင်ပေးလျှက်ရှိနေသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ၊ သီလရှင်ကျောင်းများနှင့် အခြားသော ပညာရေးဌာနများသို့ လစဉ် စာရေးကိရိယာများနှင့် ပညာသင်ထောက်ပံ့ငွေလှူဒါန်းအားဖြည့်လျက်ရှိနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဒါဇင်ပလက်(စ)အဖွဲ့ မှ စုဆောင်းရရှိလာတဲ့အလှူငွေများကို  လအပိုင်းခြား အလိုက်ခွဲခြား လှူဒါန်းခဲ့ပြီး ၊ မိမိတို့ကိုယ်ကျိုးနှင့် အဖွဲ့လည်ပတ်ငွေအတွက် တပြားတချပ်မှထုတ်ယူသုံးစွဲခဲ့ခြင်းမရှိသလို၊ အထွေထွေ အသုံးစရိတ်နှင့် သွားရောက်လှူဒါန်းသောခရီးသွားလာစရိတ်များအတွက် ရံပုံငွေဈေးရောင်းပွဲကိုလည်း ပထမဆုံးအကြိမ် အဖြစ် ၂၀၁၃ခုနှစ် ၊ မေလ (၁)ရက်နေ့က ၊ ပြည်သူ့ဥယျာဉ်အတွင်းမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

ဝါသနာတူ စာရေးစာဖတ်သူများစုစည်မိပြီး၊ ယခုကဲ့သို့ ပရဟိတလုပ်ငန်းဆောင်ရွက်နိုင်စေရန် အခွင့်အလန်းအဖြစ် လမ်းဖွင့်ပေးခဲ့သော မန္တလေးဂဇက်အင်တာနက်စာမျက်နှာတည်ထောင်သူနှင့် စာမျက်နှာအားစီမံခန့်ခွဲသူဖြစ်သော သဂျီး ဦးခိုင်အားလည်းကောင်း၊ သဂျီးသည်ပင် ယခုကဲ့ကို့ဒါဇင်ပလပ်(စ)အလှူငွေလက်ခံရရှိနိုင်အောင် ဆက်သွယ်ခဲ့သူလဲဖြစ်ပါသည်။ ထို့အတူ ဒေါက်တာ ဇော်ထွန်းဆိုသူမှာလဲ မန္တလေးဂဇက်ပုံနှိပ်သတင်းစာ၏ နာယကဟုလည်း သိရှိရပြီး၊ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ဒါဇင်ပလပ်(စ)မှ ဒီနေရာကနေကျေးဇူး အထူးပင် တင်ရှိပါသည် ။

ဒါဇင်ပလပ်(စ)သို့ အလှူငွေများ၊ ပေးပို့လှူဒါန်းခြင်းဖြင့် နွမ်းပါးသူကလေးငယ်များ၏ ပညာရေးအထောက်အပံ့ကို အားဖြည့်ပေးပါသော  မန္တလေးဂဇက်ဝင် မိတ်ဆွေအသစ်များ၊ အဟောင်းများ၊ စာဖတ်သူများနှင့် ပြင်ပလောကတွင် သိကျွမ်းရင်းနီးခဲ့ခြင်းမရှိပါပဲ ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များအတွက် ယုံကြည်စွာ လက်တွဲလှူဒါန်းလာကြသူများအားလုံးကို လည်း ကျေးဇူးတင်မိပါသည် ။

ဒါဇင်ပလက်(စ)နှင့်အတူ  နွမ်းပါးသူကလေးငယ်များ၏ ပညာသင်ကြားနိုင်ရေးကို တဖက်တလမ်းမှ အားဖြည့်ပါဝင်လိုပါလျှင် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ဒါဇင်ပလပ်(စ)နှင့်လက်တွဲနိုင်ပါသည် ။

Phone : 095081969, 095041643, 095180631, 0973144421, 0973189261, 09420143290

20130909_161435

 

လေးစားစွာဖြင့်-

ဒါဇင်ပလပ်(စ)အဖွဲ့သူအဖွဲ့သားများ

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!