ရေကျိုငါးပိ အလုပ်ရုံဆွေးနွေးပွဲ Workshop
၁၃. ၁၀. ၂၀၁၃ တနင်္ဂနွေနေ့ နံနက် ၉း၃ဝ နာရီမှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ပန်ဒါဟိုတယ်တွင် ဘေးကင်းလုံခြုံ၍ ပြည်သူများ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များအသင်း (ယာယီ)က တာဝန်ယူပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ကြီါ်မှုး၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တိုဆွေးနွေးပွဲသို့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ရေကျိုငါးပိလုပ်ငန်းရှင်များ၊ ဆက်စပ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဌနှင့် အသင်းဝင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြပါတယ်။
ရေကျိုငါးပိပြုလုပ်ရာမှာ ဓာတ်မြေဩဇာထည့်သွင်းပြုလုပ်သဖြင့် စားသုံးရန်မသင့်ကြောင်း မီဒီယာများမှတဆင့် လူထုအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ထုတ်လုပ်သူ၊ စားသုံးသူကာကွယ်ရေးအသင်းနှင့် စားသုံးသူများက ရှု့ထောင့်ပေါင်းစုံမှ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် တာဝန်ရှိသူအသီးသီးက မိမိတို့နှင့်သက်ဆိုင်ရာများကို တင်ပြပြောဆိုပြီး တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ ဝိုင်းဝန်းဆွေးနွေးညှိနိုင်းကြပါတယ်။
မြန်မာ့ရိုးရာအစားအစာတစ်ခုလည်းဖြစ်၊ လူအများစု စားသုံးကုန်လည်းဖြစ်သည့်အပြင် အဟာရတန်ဖိုးလည်း မြင့်သော၊ လူတန်းစားမရွေး စားသုံးနိုင်သည့် အဖိုးနည်းဝန်ပါ စားသုံးကုန်တစ်ခုဖြစ်သည့် ရေကျိုငါးပိကို စားသုံးသူအတွက် အန္တရာယ်မရှိအောင် ထုတ်လုပ်ဖြန့်ချိလျှက်ရှိကြောင်း ထုတ်လုပ်သူများဘက်မှ ပြောကြားခဲ့ပါတယ်။
ထို့အပြင် သတင်းနှင့်စာနယ်ဇင်းသမားများအားလည်း တိကျခိုင်မာသောတင်းများကိုသာရေးသားရန်နှင့် သတင်းနှင့်ပတ်သက်၍ သေသေချာချာ နားလည်သဘောပေါက်အောင်လေ့လာရေးသားစေလိုကြောင်း မေတ္တာရပ်ခံခဲ့ပါတယ်။
စားသုံးသူအခွင့်အရေးကာကွယ်ရေးအသင်းဥက္ကဌ ဦးဗအုပ်ခိုင်မှလည်း စားသုံးသူများဘက်မှ တိုင်ကြားမှုရှိ၍ မီဒီယာများမှတဆင့် ပြည်သူပြည်သားများသို့ အသိပေးရခြင်းဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးအသင်းအနေဖြင့် မည့်သူ့ကိုမှ နစ်နာစေလိုသောဆန္ဒမရှိကြောင်း ပြောကြားပါတယ်။
တက်ရောက်လာကြသူ အတတ်ပညာရှင်များ ဖြစ်ကြသော ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှ ပါမောက္ခဒေါက်တာအောင်ကျော်က
-ယနေ့အင်တာနက်ခေတ်မှာ ယူရီးယာအန္တရာယ်ကို အင်တာနက်တွင် အလွယ်တကူ ရှာဖွေကြည့်ရှု့သိရှိနိုင်ကြကြောင်း၊
-ငါးကို ငါးပိလုပ်သည့်ဖြစ်စဉ်တွင် ယူရီးယားထွက်ရှိနိုင်ကြောင်း၊
-အချို့ သောဓာတုပစ္စည်းသည် ယူရီးယားနှင့် ခွဲခြားနိုင်ရန်ခက်ခဲကြောင်း၊ -သဘာဝအလျှောက်ထွက်ရှိလာသော ယူရီးယားသည် အန္တရာယ်မရှိကြောင်း၊
-ငါးပိတွင် ဓာတ်မြေဩဇာထည့်ခြင်းကြောင့် ယူရီးယားပမာဏများပြားလာလျှင် ကျောက်တည်နိုင်ပြီး ကျောက်ကပ်ပျက်စီးနိုင်ကြောင်း ပြောကြားသွားပါတယ်။
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အစာအဟာရဌာန (MSTR) မှ ညွှန်မှုး(ငြိမ်း) ပေါမောက္ခဒေါက်တာဒေါ်စန်းမြင့်ကတော့…
သူဟာ အိန္ဒြိယလူမျိုးဖြစ်ပေမယ့် ပဲခူးဇာတိဖြစ်ပြီး ငါးပိရေကျိုကို နေ့တိုင်းစားကြောင်းကို အစချီပြီး ပြောကြားသွားပါတယ်။
ကျွန်းချောင်းဓာတ်မြေဩဇာစက်ရုံမှာ ၅နှစ်တာဝန်ထမ်းဆောင်လာ၍ ယူရီးယားအကြောင်း ကောင်းစွာ သိရှိကြောင်း၊
ငါးပိထုတ်လုပ်သော လုပ်ငန်းစဉ်တွင် ယူရီးယား (ဓာတ်မြေဩဇာ၊ မြေဆီ မဟုတ်) ပါ မပါ မပြောနိုင်ကြောင်း၊
သို့သော် ယူရီးယားသည် အငွေ့ပျံလွယ်၍ ငါးပိကို ရေဆူဆူတွင် ထည့်ကျိုချက်လျှင် ယူရီးယားများ ထွက်သွားနိုင်ကြောင်း ပြောကြားသွားပါတယ်။
ထို့ကြောင့် ယူရီးယားကြောင့် ကြောက်စရာမလိုပဲ ငါးပိကို စိတ်ချစွာ စားသုံးနိုင်ကြောင်းလည်း ပြောကြားသွားပါတယ်။
ထို့အပြင် ငါးပိပြုလုပ်ခြင်းဟာ ရှေးကျသော၊ ထိရောက်သော၊ ရိုးရှင်းသော၊ လွယ်ကူသော၊ အသုံးဝင်သော အစားအစာသိုလှောင်ထိန်းသိမ်းနည်း (Food preservation method) တစ်ခုဖြစ်ပါတယ်။
ဆင်းရဲချမ်းသာမရွေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စားသုံးနေကြသော၊ အဟာရတန်ဖိုးရှိသော၊ ရိုးရာအစားအစာတစ်ခုကို မစားရဲမသုံးရဲဖြစ်ပြီး အခြားနိုင်ငံခြားဖြစ် အသင့်စား အစားအစာဖြင့် အစားထိုးဖို့ ကြိုးစားကြရမှာကို စိုးရိမ်မိကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။
ဒေါက်တာဒေါ်စန်းမြင့်ကို ဟောပြောအပြီးမှာ မီဒီယာများက ထပ်မံ မေးမြန်းကြပါသေးတယ်။
ဧက ၉၀ဝ ကျော်ရှိသော ရန်ကုန်တိုင်း ငါးပိဇုန်တွင် ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်ကြီးများအနေဖြင့် တစ်ဦးချင်းစီက မိမိတို့ ငါးပိများတွင် ဓာတ်မြေဩဇာ မပါဝင်ကြောင်း (ထည့်သွင်းထုတ်လုပ်ထားခြင်းမရှိကြောင်း) တာဝန်ခံ ပြောကြားသွားသလို၊
ငါးပိဇုန်ဒုတိယဥက္ကဌဦးခင်လတ်ကလည်း ဇုန်အနေဖြင့် ငါးပိဇုန်မှ ထုတ်လုပ်သောငါးပိများတွင် ဓာတ်မြေဩဇာ ထည့်သွင်းထုတ်လုပ်ခြင်းမရှိကြောင်း၊ မရှိအောင် ထိန်းသိမ်းလျှက်ရှိ၍ ယုံကြည်စိတ်ချနိုင်ပါကြောင်း အာမခံပြီး ပြောကြားသွားပါတယ်။
နေရာစုံ၊ လူမျိုးစုံ၊ ရှု့ထောင့်စုံမှ ပါဝင်ဆွေးနွေးပြောကြားသွားကြပါတယ်။
ပွင့်လင်းမြင်သာမှု၊ အပြုသဘောဝေဖန်ဆွေးနွေးမှုများဖြင့် အကျိုးတစုံတရာရရှိခဲ့သော ဆွေးနွေးပွဲတစ်ရပ်ဖြစ်ခဲ့ပါသည်။
အနှစ်ချုပ်အနေဖြင့် မြန်မာနိုင်ငံသားအများစု စားသုံးကြသော ရိုးရာအစားအစာဖြစ်သော ငါးပိဂုဏ်သိက္ခာမြင့်လာအောင် ဝိုင်းဝန်း ကြိုးစားကြဖို့ လိုကြောင်း သဘောတူညီကြပါတယ်။
ယခုဖြစ်ရပ်တွင် လုပ်ငန်းရှင်ကြီးများဘက်မှ ဓာတ်မြေဩဇာ ထည့်သွင်းထုတ်လုပ်ခြင်းမရှိသော်လည်း
စားသုံးသူအဆင့်တွင် ငါးပိတွင် ဓာတ်မြေဩဇာပါဝင်သော ငါးပိများ တွေ့ရှိနေရကြောင်း စားသုံးသူကာကွယ်ရေးအသင်းဥက္ကဌဦးဗအုပ်ခိုင်က ပြောကြားသွားပါတယ်။
နိဂုံးချုပ်အနေဖြင့်……….
ထိုဖြစ်စဉ်၂ခုကြားမှ ကွာဟချက်ကို အကောင်းဆုံးပြုပြင်နိုင်ရန်အတွက် ထုတ်လုပ်သူများဘက်မှ မိမိကုန်ကို အမှတ်တံဆိပ်ဖြင့်ရောင်းချရန် အကြံပေးပြီး၊ စားသုံးသူအဆင့် ငါးပိများကို ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ မသမာသောနည်းလမ်းဖြင့် ထုတ်လုပ်ထားသောကုန်ပစ္စည်းများကို လူထုသို့အသိပေးပြောကြားသွားမည်ဟု ပြောကြားသွားပါတယ်။
24 comments
alinsett
October 13, 2013 at 10:36 pm
ဆိုသလို…ပေါ့လေ….
အပြောနဲ ့ အလုပ်ညီရင်…ကောင်းတာပေါ့..လေ…။
🙂
padonmar
October 13, 2013 at 11:22 pm
ငါးပိဆိုတာ အဖိုးနည်းဝန်ပါ၊မြန်မာတွေ အသည်းစွဲမို့ အန္တရာယ်ကင်းတဲ့ ငါးပိကို စိတ်ချစွာ စားချင်ပါတယ်။
ငါးပိသာမက စားသောက်ကုန်တွေကိုမသင့်တော်တဲ့ ဆိုးဆေး၊ချွတ်ဆေး၊မှည့်ဆေး၊စိမ်းဆေး၊ချိုဆေး၊ချဉ်ဆေး ဘာမှမပါပဲ သဘာဝအတိုင်း စားသုံးခွင့်ရချင်ပါတယ်။
ဒီလို သုံးရဖို့ စားသုံးသူတွေက အဓိကဖြစ်ပါတယ်။
ဆိုးဆေး…စသည်ပါတယ်ထင်ရင် ဝယ်ကိုမဝယ်တာ အထိရောက်ဆုံးပါပဲ။
ဒီလို မသုံးချင်မဝယ်ချင်အောင် စည်းရုံးတဲ့ ပညာပေးအစီအစဉ်တွေကို လမ်းဘေးဈေးသည်နဲ့ဈေးဝယ်ထိရောက်အောင် ဖြန့်ကျက်ဖို့ အရေးကြီးပါတယ်။
ဝင့်ပြုံးမြင့်
October 14, 2013 at 12:26 am
အန်တီမာ ပြောတာ ဟုတ်တယ်။ ဈေးဝယ်တွေကို ပညာပေးတဲ့အစီအစဉ်ကြောင့် ခုဆို မျှစ်တွေ ဆေးမဆိုးကြတော့ဘူး။ ဆေးဆိုးထားရင် ဝယ်ကိုမဝယ်ကြတော့လို့။ တကယ်ဆိုရင် ဆေးဆိုးမျှစ်က အထားခံပြီး စားလို့ပိုကောင်းတယ်။ အဲဒါကို မဝယ်ကြတော့တာ။
အသီးအနှံကတော့ အဝါရောင်ပေါ်မှာ အနီလေးသမ်းနေရင် ဆေးထိထားတယ် ပြောတာပဲ။ ဥပမာ သရက်သီးက ထင်ရှားတယ်။ နီရောင်လေးသမ်းနေရင် စိတ်မချရဘူးတဲ့။
—
ငပိကိစ္စမှာလည်း သူကြီးပြောသလို မီဒီယာအစွမ်း တကယ်စွမ်းတယ်။ ဒါတောင် ပြောကြသေးတယ်။ ဆင်းရဲသားပဲ ဘာစားစားပေါ့လို့ ပြောတဲ့လူတွေရှိတယ်။ အခုလို ပြဿ နာကို ဖြေရှင်းသွားနိုင်တာ တကယ်ဝမ်းသာစရာကောင်းတယ်။ နောင်ဆိုရင် တံဆိပ်ကပ်ရောင်းတဲ့ ငပိကိုပဲ ဈေးကောင်းပေး ဝယ်စားတော့မယ်။
—
သတင်းဦးလေးအတွက် ကျေးဇူးပါ မမရေ။
ကျော်စွာခေါင်
October 14, 2013 at 1:33 am
ငါးပိရည် ပြန်စားမည်..
ပွက်ပွက်ဆူအောင် ကျိုမည်…
ခန္ဒာကိုယ်ထဲ ယူရီးယား ရောက်သည်ထက်
နှလုံးသား ယဉ်ကျေးမှုထဲ ကိုရီးယားရောက်တာ ပိုဆိုးသည်..။
ရေချိုငါးပိကိုယ်စားလှယ်
ခေါင်
ကထူးဆန်း
October 16, 2013 at 1:30 pm
နှလုံးသားယဉ်ကျေးမှုထဲ ကိုရီးယာ ရောက်တာ ပိုဆိုးသည် ….
ဟိဟိ ဟုတ်ပါ့ ..
kai
October 14, 2013 at 4:03 am
ငပိဈေးကွက်က.. အာရှတလွှားကနေ.. ယူအက်စ်အထိ.. ကြီးကြီးမားမားကိုရှိတာပါ..
ယူအက်စ်အေရှန်းဂရော့စရီစတိုးတွေမှာ.. ငပိမျိုးစုံသေချာပေါက်ရှိတယ်..။
စိမ်းစား၊မျှင်၊ငါး၊ငပိကောင်ကနေ.. ပုဇွန်ဂဏန်းငပိအထိရှိကြတာပါ…။
ကမ္ဘာ့နိုင်ငံတွေကိုပါထိုးဖောက်ချင်ရင်.. ငပိကုန်သည်..ထုတ်သူတွေဖက်က.. ရိုးသားကြရမှာအဓိကဖြစ်ပါကြောင်း…
ဦးကြောင်ကြီး
October 14, 2013 at 8:39 am
ရေကျိုငါးပိ
လေခို၏
ငွေဆိုလချိ
သေလိုဘိ
မေပျိုကတိ
နေညိုဂွိ
ရေစိုမဏိ
စေထိုရ်ကြည့်..
ဦးဦးပါလေရာ
October 14, 2013 at 9:26 am
ဒီကိစ္စက
(အခြားကိစ္စများစွာလိုပဲ)
လူ မဟုတ်ပါဘူး…။ လူ ကြောင့် မဟုတ်ပါဘူး….။
စံနစ်ပါ..။ စံနစ်ကြောင့်ပါ…။ ဘယ်လိုထုတ်လုပ်၊ ဘယ်လိုဖြန့်ချီ၊ ဘယ်လိုကြပ်မတ်၊ ဘယ်လိုစစ်ဆေး.. ဘယ်လိုအရေးယူ ဆိုတဲ့စံနစ်ကြောင့်ပါ…။
သိပ်မဆိုင်တာလေးတစ်ခု အရင်ပြောနှင့်ဦးမယ်…
အမိုးနီးယား ဆိုတာ ကျုပ်တို့ဆီမှာ မွေးကတည်းက သေတဲ့အထိ အမြဲစားနေရှုနေရတဲ့ ဓါတ်ငွေ့တစ်မျိုးပါ..။
ခင်ဗျား ကိတ်မုန့်စားဖူးသလား၊ ပဲပုပ်စားဖူးသလား၊ ပဲငပိစားဖူးသလား၊ အီကြာကွေး နံပြား ပူရီ ရိုတီ စားဖူးသလား၊ ရေခဲစက်ရှိတဲ့ရပ်ကွက်ထဲ ဖြတ်လျှောက်ဖူးသလား၊ ဆန်၊ စပါး၊ ပဲ တွေ စုပုံထားတဲ့ လယ်ကွင်း/ဂိုထောင်တွေနား သွားဖူးသလား၊ သောက်ရေကန်လို့ခေါ်တဲ့ တစ်နှစ်လုံး ရေထွက်ပေါက်မရှိတဲ့ ရေကန်တွေနားသွားဖူးသလား၊ မြေတွင်းတွေ လှိုင်ဂူတွေ ဂလိုင်တွေ သစ်ခေါင်းတွေနား သွားဖူးသလား…
ပြီးတော့ လူကြပ်ကြပ်ဓါတ်လှေခါးတွေ အမြဲစီးသလား…. (တစ်ယောက်မဟုတ်တစ်ယောက်တော့ လေလည်မှာအမှန်၊ ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့မှာ ဆယ်ခါနဲ့အခါခြောက်ဆယ်ကြားလေလည်တယ်။)
အင်း… အင်း…. ထားပါတော့…
နားစွန်နားဖျားနဲ့ တရေးနိုးမှ သည်းသည်းလှုပ်နေကြသလားလို့……
ပြောချင်တာလေးပြောပြီးသွားတော့ အစက ပြန်ကောက်မယ်-
မြန်မာပြည်မှာ ငါးပိ ဆိုတာ ငါးပိလုပ်ငန်းရှင်ကြီးတွေကသာ ထုတ်လုပ်တာမဟုတ်
လူများစွာက နေရာဒေသများစွာမှာ နည်းပေါင်းစုံနဲ့ တစ်ဦးချင်းသော်လည်းကောင်း မိသားစုလိုက်သော်လည်းကောင်း တနိုင်တပိုင်သော်လည်းကောင်း စီးပွားဖြစ်သော်လည်းကောင်း အမျိုးမျိုး ထုတ်လုပ်ကြတာဖြစ်တယ်။
ဒီတော့
ငါးပိမှာ အမိုးနီးယားထည့်လုပ်တယ် …. လို့ လုံးရိုက်ပြီးမပြောထိုက်ဘူး…
အချို့ငါးပိတွေမှာ အမိုးနီးယား ထည့်လုပ်တယ် လို့ပဲ ပြောလို့ရမယ်
အဲဒါကတော့ လုပ်တဲ့သူအပေါ် မူတည်တာပဲ
အမိုးနီးယားမကလို့ အင်သရင်း(အဆိပ်) ထည့်လုပ်ရင်လဲ ဘာတတ်နိုင်တာမှတ်လို့
အင်သရင်းမကလို့ ပိုတက်ဆီယမ်ဆိုင်ယာနိုက်ထည့်ပြီး ကိုယ့်ဟာကိုယ်စားလဲ ဘယ်သူမှဘာမှမတတ်နိုင်
တတ်နိုင်တာက ငါးပိကို လူအများစားဖို့ ဖြန့်ချိ တဲ့ – နေရာ၊ စံနစ်၊ စည်း၊ ဘောင်
ငါးပိမှမဟုတ် ဘယ်စားစရာကိုမဆို
ဘယ်ဆေးဝါးကိုမဆို
တတ်နိုင်ရင် – ဘယ်လူသုံးကုန်ကိုမဆို
လူအများစားသုံးဖို့ ဖြန့်ချိတဲ့နေရာမှာ သင့်တော်တဲ့ စံနစ်တွေကို စည်းကမ်းနည်းလမ်းတွေကို ဖန်တီးရမယ်။
အစိုးရဆိုတာ အဲဒါတွေလုပ်ဖို့
(မြေတစ်ဧကကို ကျပ် နှစ်သောင်းနှုံးနဲ့ လျော်ကြေးပေးပြီး ပေ ၆ဝ ပတ်လည်တစ်ကွက်ကို သိန်းငါးထောင့်လေးရာနဲ့ ပြန်ရောင်းစားဖို့မဟုတ်)
ဥပမာ ဒီ ငါးပိ ကိစ္စ ဆိုရင်
ငါးပိအပေါ် ယုံကြည်မှု့ လျော့နည်းသွားတယ်
ဒီတော့ ယုံကြည်မှု့ ရအောင် တည်ဆောက်ပေါ့
အစိုးရ ဆိုတာ အဲသလို ဆန်စင်ရာကျည်ပွေ့လိုက် ဆိုသလို –
ကိစ္စတစ်ခုပေါ်လာတိုင်း သင့်တော်အောင် ဖြေရှင်းဖို့ကြိုးစားရမှာပေါ့။
ငါးပိထုတ်လုပ်မှု့ နည်းစဉ် နဲ့ အရည်အသွေးစံနှုံးကို သတ်မှတ်
ငါးပိထုတ်လုပ်သူတွေကို အရည်အသွေးအာမခံခိုင်း
မြို့ကြီး၊ မြို့လတ်၊ မြို့ငယ် တွေအထိ အသိအမှတ်ပြု ငါးပိအရောင်းဆိုင် (အရောင်းကိုယ်စားလှယ်) တွေထား
အဲဒီအရောင်းဆိုင်တွေကို အစိုးရစားရိတ်နဲ့ ကြော်ငြာပေး
အဲဒီအရောင်းဆိုင်တွေကငါးပိဝယ်ရင် ဈေးနှုံးအရည်အသွေးစိတ်ချရတယ် ဆိုတာမျိုး
အဲဒီအရောင်းဆိုင်တွေကို စည်းမျဉ်းစည်းကမ်းထုတ်ပြန်
လက်လုပ် ဘာမှန်မသိတဲ့ ငါးပိဈေးပေါပေါတွေနဲ့ ရောမရောင်းရအောင် စဉ်ဆက်မပြတ် အရည်အသွေး စစ်ဆေး
အဲဒီစားရိတ်ကိုတော့ ငါးပိကုန်သည်များ၊ ထုတ်လုပ်သူများက တစိတ်တပိုင်းကျခံ
အစိုးရကလဲ (ပြည်သူ့အကျိုးစောင့်ရှောက်တယ်ဆိုတဲ့ တကယ့်အစိုးရအလုပ်အစစ်ကို လုပ်ရာရောက်အောင်) စားရိတ်တစိတ်တပိုင်း ကျခံ
ဒါတွေရဲ့ အခရာအချက်က စည်းကမ်းဖေါက်ဖျက်ပြီး အန္တရယ်ရှိ အစားအသောက် ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးသူတွေကို
သေဒါဏ် နီးပါး ထိရောက်ဟန့်တားတဲ့ အပြစ်ဒါဏ်မျိုး သတ်မှတ်ထားဖို့ရယ်
တကယ်လဲ အရေးယူဖို့ရယ်
အရေးယူဖို့ သွားဖမ်းခိုင်းတဲ့ ရဲတွေကလဲ တကယ်ဖမ်းဖို့ရယ်
(မရီနဲ့…. အခု ရဲတွေကို တခုခုကို ဖမ်းခိုင်းရင် မဖမ်းတော့ဘူး
ကြေးနီတောင်ကိစ္စမှာ ထိုးကျွေး ပစ်ထား ဓါးစာခံ လုပ်ကတည်းက မှတ်သွားကြတာ။
သိချင်ရင် ရွာထဲက ရဲမင်းကြီးကို မေးကြည့်…
အဲ… သူရော သိမှ သိပါလေစ …)
ဟူး…..
မော သွားတာပဲ….
တော်ပြီ…
ကျန်တာတော့ အစိုးရလုပ်မယ့်လူတွေ ကျုပ်ဆီကျူရှင်လာတက်မှ ဆက်သင်ပေးတော့မယ်…
Ma Ma
October 15, 2013 at 2:59 pm
ဦးပါကျုရှင်မှာ နေရာလာဦးပါတယ်။ 🙂
မြန်မာလုပ်ငန်းရှင်တွေဘက်က အားနည်းချက်တစ်ခုက ကိုယ့်ထုတ်ကုန်ကို အာမခံနိုင်ကြတယ်ပြောပြီး ကိုယ်ပိုင်တံဆိပ်ကပ်ပြီး ထုတ်ဖို့အတွက်ကျတော့ ကုန်ကျစရိတ်ကို တွက်နေတယ်။
သူတို့သဘောထားကတော့ ငါးပိတွေကို စစ်ဆေးပြီး ဓာတ်မြေဩဇာထည့်ထားတဲ့ငါးပိကိုတွေ့ရင် တွေ့တဲ့သူကို အရေးယူစေချင်တယ်။
နောက်ပြီး လက်လီရောင်းတဲ့အခါမှာလည်း ၅ဝဖိုး ၁၀ဝ ဖိုး ရောင်းရတာမို့ …
ဝယ်လာတဲ့ငါးပိကို ထမနဲထပ်ထည့်တာ ရောင်းခါနီးမှာ ရေဖြန်းတာတွေလုပ်လို့ မရလို့ လက်လီရောင်းသူတွေကလည်း ပက်ကင်ထုပ်တွေကို မရောင်းပေးချင်ကြဘူးတဲ့။
နောက်ဆုံးမှာ ကားငါးပိဆိုပြီး တနိုင်တပိုင်လုပ်ပြီး လက်လီဈေးကွက်ကို တစ်ပိသာ ၁၀၀ဝ ဈေးနဲ့ ဈေးလျော့ပြီး လိုက်ရောင်းနေတာတွေပဲ ဖြစ်နိုင်တယ်လို့ စားသုံးသူကာကွယ်ရေးအသင်း ကောက်ချက်ချပါတယ်။
kyeemite
October 14, 2013 at 3:54 pm
ကျုပ်ကတော့ ငါးပိရည်ကို စားနေတာပဲ…
ကျုပ်တို့ လူမျိုးတွေ ဟာ ငယ်ငယ်ကတည်းက
အဆိပ်ကိုနဲနဲချင်းကျင့်စားလာတာဆိုတော့
တော်ရုံအဆိပ်ပမာဏလောက်ကို “ပီး” နေပါပြီဗျာ
သေလည်းသေပေါ့..စားချင်တာကိုး.. 😀
San Hla Gyi
October 14, 2013 at 10:11 pm
ဒီတချက်တော့ ကျနော် ကိုကြီးမိုက်ပြောတာ ထောက်ခံတယ်ဗျ။ ဟုတ်တယ်ဗျ မြန်မာလူမျိုးတွေက ငယ်ငယ်ကတည်းက အဆိပ်ကို နည်းနည်းချင်းစီ စားလာတော့ တော်တော့် အဆိပ်လောက်ကို မဖြုံတော့ဘူးဗျ။ ဆရာချစ်စံဝင်းရေးတဲ့ စာအုပ် တအုပ်ဖတ်ဖူးတယ်။ မြန်မာပြည်မှာ သခွားသီး လာစိုက်တဲ့ ဂျပန်လူငယ်တွေ အကြောင်း ရေးထားတာ။ အဲဒါ သူတို့က သခွားသီး စိုက်ရင်းနဲ့ မနက် မြန်မာတွေ မုန့်ဟင်းခါးစားနေတာတွေ့လို့ ဆိုင်ကနေ ဝယ်စားပြီး ကောင်းတယ်ဆိုပြီး ဟင်းရည်တွေပါ တောင်းသောက်ကြတာ။ နောက်တနေ့ကျတော့ သေလုမျောပါး ဝမ်းတွေသွားပြီး ဆရာဝန်ဆီ ပြေးရတော့တာပဲတဲ့။ နောက်တယောက်လည်း မြန်မာတွေ သောက်နေတဲ့ ကြံရည်တွေကို ကောင်းလိုက်တာ ဆိုပြီး သောက်တာ အထက်လန် အောက်ရှောဖြစ်ပြီး ဆေးရုံတင်လိုက်ရသတဲ့။
ဒီလို ငါးပိနဲ့ ပက်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိတာ ကောင်းပါလေရဲ့။ အမှန်တော့ သုံးမျိုးစပ်ငါးပိကို မြေအိုးလေးထဲထည့်ပြီးကျို ပြီးရင် သေချာစစ်ပြီး ပန်ကန်လုံးလေးထဲထည့်။ ပုဇွန်ခြောက်မှုန့်ကို ထောင်းပြီး နည်းနည်းထည့်။ ကြက်သွန်ဖြူလေးပါ သုံးလေးမွှာလောက် ထုထည့်ပြီး ငရုတ်သီးမှုန့်လေးစွက်ပြီး တို့စရာအနေနဲ့ ဗူးသီးနုနုလေးတွေကို ပြုတ်ထားတာရယ် စီးပိုင်နေတဲ့ ဒညင်းသီးပြုတ်ကလေးရယ် သခွားသီး နုနုလေးတွေရယ် ပျဉ်ပုံကြီးငါးခြောက် အကောင်းစားကို ကြွပ်ရွနေအောင် မီးဖုတ်ပြီး ထမင်းနဲ့ ကြိတ်လိုက်ရရင်တော့။
KZ
October 14, 2013 at 4:01 pm
အယ်။
ကောင်းတယ်။
ငပိမှ မဟုတ်။ အစားအသောက်တိုင်းးး/ဆိုင်တိုင်းကို ဂလိုပဲ တဖြေးဖြေးစစ်ချရမယ်။
.
.
.
အာ့လည်းဖြစ်သေးပါဘူးးးး
အူတွေ အရန်းသန့်သွားမှ အစားဆင်ခြင်နေရမယ်။
:sar:
TNA
October 14, 2013 at 8:11 pm
တကယ့်ကိုစိတ်ချရတဲ့နေရာကနေဝယ်စားတာတော့အကောင်းဆုံးပေါ့။ နောက်ပြီးတော့ FDA အနေနဲ့လဲ ပိုက်ဆံရပြီးရော မစစ်မဆေးပဲ ခွင့်ပြုနေတာတွေလဲရပ်သင့်ပါပြီ။ မားကက်တွေက ငပိတွေကတော့ စိတ်ချရလောက်မလားတော့မပြောနိုင်ဘူး။ အခုဟာက ပိုက်ဆံပေးလိုက် အားလုံး pass ဖြစ်နေ လေတော့ဘာမှကိုမစားရဲလောက်အောင်ကိုကြောက်စရာဖြစ်နေတာ ခက်နေတော့တာပဲ မမရေ။
•*¨နန်းတော်ရာသူ •*¨
October 14, 2013 at 8:37 pm
အလုပ်ရုံဆွေးနွေးပွဲအကြောင်းအခုလိုလေးတင်ပေးတာ ကျေးဇုအရမ်းတင်တယ်မမ
ငပိရည်ကို ရံဖန်ရံခါသာစားဖြစ်ပေမယ့်…စားရင်လည်း ကောင်းရာနိုးနိုး အိမ်မှာကိုယ်တိုင်လုပ်ပြီးလက်ဆောင်ပေးတာလေးတွေသာစားဖြစ်ပါတယ်။
ဈေးကွက်မှာတောင်ပုံရာပုံနေတဲ့ငပိတွေကို မြင်တာနဲ့တင်စားချင်စိတ်ပျောက်တယ်
ဒီမှာတော့ ဆားဖြူလို့မေမေတို့ခေါ်တဲ့ရေငံပိုင်းငပိတွေပဲရှိလို့ မစားဖြစ်သလောက်ပါပဲ။
ဒီပို့စ်လေးကိုရှဲမယ်နော်
Ma Ma
October 15, 2013 at 7:31 am
ကွန်မန့်တွေနဲ့ ဝိုင်းဝန်းအားဖြည့်ပေးကြလို့ ကျေးဇူးတင်ပါတယ်။
မနက် ၉း၃ဝ မှာ စတဲ့ ဆွေးနွေးပွဲကို ရွာထဲမှာ ပြန်ပြောပြချင်လို့ ညနေ ၄ နာရီ အခမ်းအနား ပြီးတဲ့ထိ စောင့်နားထောင်ခဲ့တယ်။
အမြန်ဆုံး သိကြစေချင်လို့ ဆွေးနွေးပြောဆိုထားတာတွေ အများကြီးထဲမှာမှ အတော်ချုံ့ပြီး ရေးထားတာ။
ငါးပိဆိုရာမှာလည်း မျှင်ငါးပိ၊ ရေကျိုငါးပိဆိုပြီး ကွဲပြားတဲ့အပြင် ရေကျိုငါးပိမှာလည်း ရေချိုငါးနဲ့လုပ်တဲ့ငါးပိ၊ ရေငံငါးနဲ့လုပ်တဲ့ငါးပိ ရှိပါသေးတယ်။
ငါးပိကိစ္စ ကျယ်ကျယ်လောင်လောင်ဖြစ်နေလို့ လုပ်ခဲ့တဲ့အဲဒီ workshop ကို ချက်ကျလက်ကျ ပြောတတ်တဲ့ ပြုံး ကိုတောင် တက်စေချင်မိတယ်။
အထူးသဖြင့် တက်ရောက်လာသူတွေက ပွင့်ပွင့်လင်းလင်း ငြင်းခုံဆွေးနွေး
(အဲဒီနေရာမှာ သဂျီးရဲ့ ငြင်းခုံခြင်းအနုပညာဆိုတဲ့စကားလုံးကို သူတို့အစားထိုးသုံးစွဲလိုက်ရင် အတော်လှသွားမယ်။) ကြတာကို တွေ့ရတော့ မြန်မာနိုင်ငံ တိုးတက်ဖို့ ပြောင်းလဲခြင်းရဲ့ အပိုင်းအစတစ်ခုအဖြစ် မြင်မိတယ်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (နာမည်အတိအကျ မှန်ချင်မှ မှန်ပါမည်) မှ ကိုစိုးထွန်းက ငါးပိရဲ့ အဟာရဓာတ်ပြည့်ဝပုံကို ဒီလိုပြောကြားသွားပါတယ်။
မြန်မာ့လက်ဝှေ့ချန်ပီယံ ရွှေဓူဝံနဲ့ ကမာ္ဘ့အဆင့် ကစ်ဘောက်ဆင် ယှဉ်ပြိုင်ထိုးသတ်ရာမှာ ဒိုင်ပွဲရပ်နဲ့ သရေဖြစ်သွားလို့ ကမာ္ဘ့မီဒီယာတွေက အားပြင်းတဲ့လက်သီးထိုးချက်တွေအတွက် နေထိုင်စားသောက်ပုံကို မေးမြန်ပါတယ်တဲ့။
ရွှေဓူဝံက အမောခံနိုင်ဖို့ မော်လမြိုင်မှာ ပတ်ပြေးပြီး အရိုးသန်မာတာကတော့ မြန်မာ့ငါးပိကို စားလို့ပါတဲ့။ 🙂
စားသုံးသူကာကွယ်ရေးအသင်းဥက္ကဌက
“တက်ရောက်လာသူ ပါဝင်ဆွေးနွေးကြသူတွေဟာ အားလုံးကောင်းဖို့အတွက် စိတ်ကောင်းစေတနာကောင်းရှိကြသူများသာ ဖြစ်ကြပါတယ်” လို့
အပိတ်မှာ သိမ်းပြောသွားတာလေးကို သဘောကျမိတယ်။
အဲဒီပွဲကို စိတ်ပါဝင်စားလို့ တက်ရောက်သူ စာရေးဆရာဒေါက်တာထွန်းဝင်း (ပြုံးတော့ သိမလားမသိဘူး) ကတော့ ရေကျိုငါးပိကိစ္စရေးဖို့အတွက် သူသိလိုတာတွေကို ဂဃနဏ မေးမြန်းသွားပါတယ်။
ပါမောက္ခဒေါက်တာဒေါ်စန်းမြင့်ကလည်း ယူရီးယားအကြောင်း သတင်းစာမှာ ဆောင်းပါးရေးမယ်လို့ ပြောသွားပါတယ်။
သိကြစေချင်လို့ ရေးတာဖြစ်တဲ့အတွက် ရှဲပေးတာတောင် ကျေးဇူးတင်ပါတယ် နန်းတော်ရာသူရေ။ 🙂
(ပိုစ့်ထဲမှာ မရေးလိုက်မိတာကို ကွန်မန့်အနေနဲ့ ထပ်ဖြည့်ထားတာမို့ ကိုယ့်ကွန်မန့်ကို Best Comment ပေးလိုက်တယ်။) 😀
Ma Ma
October 15, 2013 at 3:12 pm
ကွန်မန့်တွေကို တစ်ခုချင်း ပြန်ချင်ပေမယ့် ဆိုးဝါးလှတဲ့ ကိုးနတ်ရှင်ကို အံမတုနိုင်တာကြောင့် ခွင့်လွှတ်ကြစေချင်ပါတယ်။
kai
October 16, 2013 at 2:29 pm
စကားအတင်းစပ်…
စကင်ဒီဗေးနီးယန်းနိုင်ငံတွေထဲ.. ဆွီဒင်မှာ.. ငပိရှိတယ်လို့.. မြင်ဖူးတယ်.
မိတ်တွင်ဆွီဒင်ပုလင်းတွေ့လို့ကြည့်လိုက်တာ.. အထဲမှာငါးပိကောင်သွားဖြဲပြနေတာတွေ့လို့ပါ..
Don Juan Ronald
October 16, 2013 at 10:56 pm
ထိုင်ဝမ် မှာ ဗီယက်နမ် မှ လာ တဲ့ ငပိ shoping mall မှာ ရောင်း တာ ရှိ တယ် ၊ အရောင်အဆင်း လဲ ဗမာ ငပိ နဲ့ အတူတူ ဘဲ ။
ကျနော် တို့ စား တဲ့ ငပိ ကို တော့ ထိုင်ဝမ် မှာ ရှိ တဲ့ ဗမာအစား အသောက် ရောင်း တဲ့ ဆိုင် မှာ သွား ဝယ် တယ် ၊ ဒီ ပို့စ် ဖတ် ပြီး နောက် နဲနဲ တောင် ကြောက် လာ ပြီ ။
လွန် ခဲ့ တဲ့ ၁ဝ နှစ် လောက် က ဗမာ ပြည် ကနေ ပြန် လာ တော့ ၊ ဗိုလ်ကလေးဈေး လမ်း အထက် ဘလော့ မှာ ရှိ တဲ့ ကုလား ဆိုင် မှာ ပဲရာဇာ ၂ ပိဿာ ဝယ် ခဲ့ တယ် ၊ ချက် စား တဲ့ အခါ ရေ နဲ့ ဆေး တော့ ရေအနီ ရောင် ဖြစ် နေ တယ် ၊ သုံးကြိမ်သုံးခါ ရေနဲ့ စိမ် ပြီး ဆေး ကျော တော် လဲ ရေ အနီရောင် ဖြစ် နေ သေး တယ် နောက် ဆုံး ကြောင် လို့ အဲ အဝေး ကြီး ကနေ သယ် လာ ရ တဲ့ ဒီ ပဲရာဇာ ၂ ပိဿာ ကို တွန် ပြစ် လိုက် ရ တယ် ။
တရုတ် ဆို ပေ မဲ့ ငယ်ငယ် တုံး က ဈေးရထား နဲ့ လာ ရောင်သွား တဲ့ စိန် တံဆိပ် ငပိ ကို စား ပြီး ကတည်း က ငပိ ကို ကြိုက် သွား ခဲ့ တယ် ။
( ဈေးရထား ဆို တာ ဦးနု ခေတ် တုံး က ရန်ကုန် ၊ မန္တလေး မှာ ရှိ တဲ့ နာမည်ကြီးပြီး အရည်အသွေး ကောင် း တဲ့ ကုမ္ပဏီ တွေ ၊ မီးရထား စင်း လုံး ငှား ပြီး ကိုယ့် ရထားတွဲ နဲ့ ကိုယ် ၊ မီးရထား သံလမ်း တလျှောက် ဈေး လိုက် ရောင်း တာ ၊ ကြော်ငြာ တဲ့ သဘော လည်း ရောက် သွား တာ ပေါ့ ၊ အဲဒီ ဈေး ရထား လာ ရင် အရမ်း ပျော် စရာ ကောင်း တယ် )
Ma Ma
October 17, 2013 at 10:04 am
အခုလုပ်ခဲ့တဲ့ဆွေးနွေးပွဲက ငါးပိရေကျိုမှာ ဓာတ်မြေဩဇာပါတယ်ဆိုပြီး လူတွေမစားရဲ မသုံးရဲဖြစ်နေကြတာကို ရှေးရိုးစဉ်လာအတိုင်း အန္တရာယ်ကင်းစွာ ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်ကြီးတွေက စုပေါင်းပြီး ချေဖျက်ကြတာပါ။
ခုလိုဖြစ်လိုက်တဲ့အတွက် နောက်ကို မြန်မာ့ငါးပိလုပ်ငန်းရှင်တွေ ကိုယ့်ပစ္စည်း ကိုယ် ပိုမိုဂရုစိုက်ထုတ်လုပ်ပြီး နိုင်ငံတကာအဆင့်ထိ တက်လှမ်းဖို့ ကြိုးစားနိုင်ကြမယ်ဆိုရင် အဆိုးထဲက အကောင်းဖြစ်လာနိုင်ပါတယ်။ 🙂
မဟာရာဇာ အံစာတုံး
October 17, 2013 at 10:19 am
ငါးပိ ယူကာ နံ …
ဆား ယူကာ ကျန် …
ဆိုဗျဲ …။
ဒီဒေါ့ အိုက်ဆွေးနွေးဘွဲမှာ ငါးပိ မနံဖို့ အရေး
မဆွေးနွေးဂဲ့ဂျဘူးလားငင်င်င်င် …
အရီးခင်
October 17, 2013 at 5:18 pm
ဒါမျိုး တရားဝင် ဆွေးနွေးပွဲ တွေ လုပ်တာ တကယ်ကောင်းပါတယ်။
မသမာ လုပ်နေတဲ့ သူတွေ ကိုလဲ သတင်းပေး ဖော်ထုတ်ပေးနိုင်ရင် အကောင်း၊ အဆိုး ခွဲသွားနိုင်မယ်ထင်ရဲ့။
ဒါမှ တော်ရုံ ဝိသမလောဘသမား တွေ ငြိမ်သွားမှာ။
Ma Ma
October 18, 2013 at 10:15 am
မောင်အံစာရေ-
ဒီကလူတွေအတွက် ငါးပိရေကျိုကို မွှေးတယ်လို့ယူဆထားကြတော့ အနံ့ဖျောက်ဖို့ထက် အနံ့ရဖို့တောင် လုပ်ကြရတာ။
နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့တော့ အနံ့ဖျောက်ဖို့ လိုမယ်လို့ ဆွေးနွေးသွားကြသေးတယ်။
မလတ်ရေ-
ထုတ်လုပ်သူလုပ်ငန်းရှင်တွေကလည်း မသမာတဲ့နည်းနဲ့ ထုတ်လုပ်နေသူတွေကို ဖော်ထုတ်အရေးယူစေချင်တယ်တဲ့။
စားသုံးသူကာကွယ်ရေးအသင်းကလည်း သူတို့က အာဏာပိုင်အဖွဲ့အစည်း မဟုတ်တော့ အရေးယူလို့မရဘူးတဲ့။
ငါးပိဆိုတာကလည်း နိုင်ငံအနှံ့အပြားက (တနိုင်တပိုင်ရော/လုပ်ငန်းရှင်ကြီးများကပါ) ထုတ်လုပ်ရောင်းချနေကြတာဖြစ်ပြီး ဘယ်သူမှတံဆိပ်နဲ့ ပါကင်ထုတ်ရောင်းကြတာမဟုတ်လေတော့ စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ဘယ်တံဆိပ်က ဓာတ်မြေဩဇာပါတယ် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူးလိုပြောလို့ မရပြန်ဘူးတဲ့။
lele kyi
October 18, 2013 at 5:37 pm
ငပိနဲ့ကြီးလာတဲ့ ဧရာဝတီသူ..မပြုံးပို့စ်ရယ် ဈေးသယ်တွေရဲ့ လောဘတွေရယ်ကြောင့် နှုတ်ဆက်လမ်းခွဲထားတာကြာပြီ။ ကိုယ်လည်း မတို့ သူများလည်းသိမ်းသွင်းပေါ့။ အခုတော့ စည်းရုံးရေး ရပ်လိုက်တော့မယ်။ ဒါပေမဲ့ ပြန်မစားရဲသေးဘူး။ 🙁
Ma Ma
October 20, 2013 at 1:30 pm
“မြန်မာ့အစားအစာသည် ကမာ္ဘ့အစားအစာဖြစ်ရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ …….
မြန်မာလုပ်ငန်းရှင်တွေ အတွေးအမြင်ကျယ်လာပြီး …….
ကိုယ်ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ကို ဓာတ်ခွဲစမ်းသပ်ပြီး ……..
ပါဝင်ပစ္စည်း ingredient တွေကို ရေးသားဖော်ပြပြီး ထုတ်လုပ်ရောင်းချတဲ့ အချိန်ကို ရောက်လာနိုင်ကောင်းပါရဲ့။ 🙁