ဖားကန့် မရှီကထောင် ဘေလီတံတား

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကျော်လောက်က ကျွန်မတို့ ဇာတိဖြစ်တဲ့ ဖားကန့်ဒေသမှာ မိုးအပြင်းအထန် ရွာသွန်းပါတယ်.. မိုးရွာသွန်းမှုကြောင့်  ဖားကန့်ဒေသမှာ မကြုံစဖူး ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်.. ရေကြီးပြီး ၃ရက်လောက်မှာတော့ ဖားကန့်မြို့နဲ့ မရှီကထောင် ရပ်ကွက်ကို ဖြတ်သန်းဖို့ ဖောက်လုပ်ထားတဲ့ မရှီကထောင် ဘေလီတံတားဟာ ကျိုးကျသွားခဲ့ပါတယ်.. ကျိုးကျရတဲ့ အကြောင်းရင်းကတော့  ကျောက်မျက် ကုမ္ပဏီတစ်ခုက စွန့်ပစ်မြေစာတွေအပြည့် တင်ဆောင်လာတဲ့ မြေသယ်ကား ဖြတ်သန်းတဲ့အချိန်မှာ ခံနိုင်ဝန်အားမမျှဘဲ ကျိုးကျသွားတာ ဖြစ်ပါတယ်..  မြေသယ်ကားနဲ့အတူ အဲဒီချိန်မှာ တံတားဖြတ်နေတဲ့ နောက်ထပ်ကား၁စီး ၊ဆိုင်ကယ်၃စီးနဲ့ လမ်းလျှောက်ကူးနေတဲ့ လူအချို့ပါပြုတ် ကျသွားကြောင်း သိရပါတယ်..  ဥရုချောင်း ရေကြီးနေတဲ့ အချိန်ဖြစ်တာကြောင့် ပြုတ်ကျသွားတဲ့ ကားတွေကို ချက်ခြင်း ဆယ်ယူဖို့ ခက်သလို ပြုတ်ကျသွားချိန်မှာလည်း လူအချို့ ရေကူးပြီး ပြန်တက်လာနိုင်ပေမဲ့ အချို့မှာတော့ …………….။   လူအသေအပျောက် ရှိတယ်လို့ သိရပါတယ်…

ကျိုးသွားတဲ့ တံတားနဲ့ ကျသွားတဲ့ကား (အ၀ါရောင်)

ဒီတံတားဟာ သံဘောင်နဲ့ သစ်သားတို့ဖြင့် ဆောက်လုပ်ထားတဲ့ ဘေလီတံတားအမျိုးအစား ဖြစ်ပါတယ်.. အရှည် ပေ၄၀၀ခန့် ရှိပါတယ်.. ဖားကန့်ဒေသရဲ့ အဓိက တံတားတစ်ခု ဖြစ်ပါတယ်.. ဆိုင်းတောင်၊ တာမခံ၊ ဟောင်ပါး၊ ဟွေခါ အစရှိတဲ့ မြို့တွေ ၊ မှော်တွေ၊ ရွာတွေကိုလည်း ဒီတံတားကနေ ဖြတ်သန်း သွားကြရတာဖြစ်ပါတယ်… အခု ဘေလီတံတား ကျိုးသွားတော့  ယခင်က ကြိုးတံတားအဟောင်းကို ပြန်အသုံးပြုနေရပေမဲ့  အဲဒီကြိုးတံတားမှာ ကားတွေဖြတ်သန်းလို့ မရသလို၊ ဆိုင်ကယ်ကို တွန်းပြီး လမ်းလျှောက်သွားလာရပါတယ်.. ကြိုးတံတားကလည်း စိတ်ချရတဲ့ တံတားတစ်ခု မဟုတ်ဘဲ ခနော်ခနဲ့ ယိုင်းယိမ်နေတဲ့ ကြိုးတံတားဟောင်းတစ်ခု ဖြစ်ပါတယ်…..  ဒီတော့  ခုလို အဓိကကျတဲ့ တံတားကျိုးသွားတဲ့အတွက်  ဖားကန့်ဒေသမှာ လောလောဆယ် သွားရေးလာရေး ခက်ခဲနေမှာတော့ သေချာပါတယ်..

ရေကြီးတဲ့နေ့က ဒီတံတားလည်း မြုပ်သွားခဲ့ပါတယ်.. ခုလဲ ရေကြီးနေတော့ ဘာဆိုဘာမှ မလုပ်နိုင်ခဲ့..

ကားအ၀ါရဲ့ အောက်မှာ အခြားကားတစ်စီးရှိနေခဲ့ပါတယ်.. ကားအ၀ါက ဖိနေခဲ့တာပါ..

ခုချိန်မှာတော့ တံတားပြန်လည် ပြုပြင်ရေးကို အပူတပြင်း လုပ်ဆောင်နေပြီလို့ သိရပါတယ်.. တံတားတစ်စင်းလုံး အသစ်ပြန်တည်ဆောက်မှာ မဟုတ်ဘဲ ကျိုးသွားတဲ့ အပိုင်းကိုသာ ပြန်ပြင်မှာ ဖြစ်ပါကြောင်းရှင်… ဒီပိုစ့်ကိုတော့ သတင်းတစ်ခုအနေနဲ့ ဖော်ပြတာ ဖြစ်ပါတယ်.. ဒီသတင်းကို ရေးသားရခြင်းမှာ ကိုယ့်ဇာတိဒေသရဲ့ ထူးခြားမှုကို ဖော်ပြလိုတဲ့အနေနဲ့ ရေးသားရခြင်း ဖြစ်ပါကြောင်းနဲ့  နောက်ရက်မှာ ကျွန်မတို့ ကျောက်စိမ်းတွင်းဒေသမှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးသေးတဲ့ ရေကြီးမှုမျိုးကို ကြုံတွေ့ရတဲ့ မှတ်တမ်းဓာတ်ပုံများ ဖော်ပြပေးပါဦးမယ်..

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer