ဤကမ္ဘာမြေ၀ယ် တန်ဖိုးအရှိဆုံးအရာများကိုအလကားရသည်ဟု ရှေးစာတခုကဆိုသည်။
ဥပမာ။ ။ ရေနှင့်လေ..။

မိခင်သဘာဝ၏ တုံ့ပြန်ချက်

၂၀၁၄နှစ်ဆန်းပိုင်းတွင် အမေရိကား၏ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊တောင်ပိုင်းဒေသတို့၌ဆီးနှင်းပွင့်မုန်တိုင်းများအတွဲလိုက်ဝင်ချလာခဲ့ပါသည်။
ဆီးနှင်းထုသည် တပေမှ၁၈လက်မ အထိစံချိန်တင်ကျခဲ့ပြီး ဇန်န၀ါရီပထမ၃ပါတ်အတွင်းတွင်ပင် လေယဉ်ခရီးစဉ်ပေါင်း ၃၃၀၀၀ကျော်ဖျက်သိမ်းလိုက်ရကြောင်းနှင့် ၂၀၁၃နှင့်၂၀၁၂ ဇန်န၀ါရီ ၂နှစ်ပေါင်းစာထက်များသေးကြောင်း သတင်းများတွင်ဖတ်ရပါသည်။
တချိန်တည်းတွင် အမေရိကား၏ကယ်လီဖိုးနီးယားပြည်နယ်ကား ရာစုနှစ်တခုသမိုင်းစံချိန်တင်သွေ့ခြောက်မှုနှင့်ရင်ဆိုင်နေရကာ ပြည်နယ်အရေးပေါ်အခြေအနေ ကြေငြာလိုက်ရပြီး ရေအသုံးပြတ်တောက်မည့်အန္တရာယ်တို့ရင်ဆိုင်နေကြရသည်။

အချက်အလက်

ယခုနှစ်၏ တိုင်းပြည်အခြေပြမိန့်ခွန်းတွင် သမ္မတအိုဘားမားက ကမ္ဘာပူနွေးလာမှုသည် အငြင်းပွားနေစရာမဟုတ်တော့ပဲအချက်အလက်( Fact )ဖြစ်သည်ဟုပြောခဲ့သည်။
ကမ္ဘာပူနွေးလာမှုကြောင့်အာတိတ်စက်ဝိုင်းဖက်မှအရေပျော်ကျနေသည့်ရေခဲပြင်ကြီးများသည် ပင်လယ်ရေကိုမြင့်တက်စေကာ ပင်လယ်ကမ်းခြေမြို့များကို ခြိမ်းခြောက်နေပါသည်။

လူသားရာဇ၀င်တွင်မကြုံစဖူးထူးသော အာတိတ်ဝင်ရိုးစွန်းဖြတ်ဖေါက်ထွက်နိုင်သည့် ခရီးတိုပင်လယ်ကူးသင်္ဘောရေလမ်းကြောင်းသစ်များပင်ထွက်ပေါ်လာတော့မည်ပြောနေကြရသည်။
ဥတုရာသီအပြောင်းအလဲကိုမှီသော ဤအချက်အလက်တို့ကို အခြေပြုလုပ်နိုင်သော စီးပွားရေးလုပ်ငန်းတို့ထောင်တက် အသစ်ဖွဲ့လာနိုင်ကြပြီ။ အလုပ်အကိုင်အခွင့်အလန်းသစ်တို့လည်းထွက်လာပါသည်။
ဟိမ၀န္တာတောင်ကြောတွင်တော့ ရေခဲ့ပြင်ကြီးများအချပ်လိုက် အပြင်လိုက်ပျော်ကျနေကြပေရာ လွန်ခဲ့သောနှစ် ၅၀မှဓါတ်ပုံနှင့်ယခုနှစ်ပိုင်းမှဓါတ်ပုံတို့ နှိုင်းယှဉ်ပြသခြင်းတို့ဖြင့်အချက်အလက်တို့ကို ရုပ်ဝတ္ထုကသက်သေလုပ်ပြနေကြပါလေသည်။
မိုးခေါင်သဖြင့် မြောက်ပိုင်းကယ်လီဖိုးနီးယားမှမြို့လေးတမြို့(Willits)သည် ရက်၁၀၀စာသုံးရန်ရေသာရှိတော့သည့်အခြေအနေနှင့်ရင်ဆိုင်လိုက်ရပြီး မိုးခေါ်ရန် ရိုးရာအစီအမံများပင်လုပ်ကြရသည်ဟု NPR ရေဒီယိုအင်တာဗျူးတွင်မြို့တော်ဝန်ကပြောပြသည်။ မြောက်ပိုင်းကယ်လီဖိုးနီးယာရှိ မြို့များစွာကမူ ရေအသုံးကို ၂၀မှ၂၅ရာခိုင်နှုန်းအထိဖြတ်တောက်လျှော့ချနေကြရပါသည်။
ဖေဖော်ဝါရီပထမပါတ်ကရွာခဲ့သောမိုးမုန်တိုင်းလည်းမကယ်နိုင်။ ကယ်လီဖိုးနီးယား၏ ၆၀%သောရေချိုရရာဒေသကြီးဖြစ်သည့် Sierra Neveda တောင်တန်း ဒေသရှိနှင်းဆီးခဲတို့မှာ နာဆာမှပေးပို့သော ကောင်းကင်နှိုင်းယှဉ်ပုံတွင် ယမန်နှစ်၂၀၁၃နှင့်ယှဉ်လျှင် အဖြူရောင်(ဆီးနှင်းခဲ) မဲ့လျှက်ညိုသယောင်းထနေသော ကျောက်ဆိုင်မြေပြင်များသာ ဖွင့်လှစ်ပြသနေသည်။ အဆုံးစွန်သို့မရောက်နိုင်သေးပါဟု ဆိုနိုင်ငြား ပုံမှန်မဟုတ်သော သဘာဝအခြေအနေများသည် လူသားတို့ကို အကြိမ်ကြိမ်သတိပေးပြသနေခဲ့သည်။

မိုးချိုရေသောက်သူများ

သို့ဆိုပြရလျှင်.. အမေရိကားမှအမေရိကန်တို့သည် မိခင်သဘာဝမှလက်ဆောင်ပေးသောရေကို သကြားခပ်ကာရောင်း၍ကမ္ဘာအကြီးဆုံးကုမ္မဏီကြီးတခုအဖြစ်ထောင်စားကာ ကမ္ဘာ့လူထု၏ငွေတို့သဲ့ယူပြခဲ့သည်။ မိုးမှကျသောရေကို အချိုသကြားခပ်ရောင်းသဖြင့် လူတို့သည်မိုးချိုရေသောက်ကြသူများဖြစ်နေပါသည်။ ရူးကြသည်ကောင်းကြသည်တော့မသိ။ ကိုကာကိုလာ ကုမ္ပဏီ၏တနှစ်ရောင်းရငွေသည် ၄၈ဘီလီယန်ဒေါ်လာရှိနေပါလေ၏။
ယခုခေတ်ဆိုလျှင် အမေရိကားတ၀ှမ်းတွင်ရေသန့်သန့်ကိုပင် ဗူးပုလင်းထဲထည့်ရောင်းသော စီးပွားရေးများအသီးသီးပေါ်ထွက်လို့လာနေပါသည်။
မိခင်သဘာဝ၏လက်ဆောင်ရေကို သဘာဝအားဖိတ်စင်ပျက်ဆီးစေသည့် ပလပ်စတစ်ဗူးများတွင်ထည့်ရောင်းနေခြင်းပေတည်း။

တခုတည်းသောမြေကမ္ဘာ

မိုးပေါ်မှချပေးသောအရာများကိုကြည့်ပြီးသဘာဝလက်ဆောင်ကို ဆက်စပ်တွေးခြင်း ဖြစ်ရသည်။
တိမ်ညိုတိမ်စိုင်တို့သည် မိုးကိုရွာစေသည်။ မြင့်သော အေးသောနေရာတွင်ဆီးနှင်းပွင့်တို့ကျစေသည်။ တောင်ပေါ်တောင်တန်းမှ ဆီးနှင်းခဲတို့သည် အပူချိန်ပြောင်းသည့်ရာသီခွင်နှင့်ကကြိုးညှိကာ တဖြေးဖြေး ပျော်ကျဖျော်လွှတ်ပါသည်။
အဆိုပါပျော်ရေတို့သည် ရေစီးကြောင်းလေးများမှသည် မြောင်းငယ်ချောင်းငယ်၊ ထိုမှသည်မြစ်ငယ်မြစ်ကြီးအဖြစ် မြင့်ရာမှနိမ့်ရာသို့ ခရီးသွားကြ၏။ သွားရာလမ်းတလျှောက် လူသားတို့ရှင်သန်ရန်လိုအပ်သည့် သောက်ရန်သုံးရန်နှင့် စားရေရိက္ခာစိုက်ရန်အင်အားဖြစ်စေသော ရေကိုပေးကမ်းသွားသည်။
အဆိုပါရေတို့အုပ်ဝပ်စုရာ နေရာတို့သည် အင်းအိုင်တို့ဖြစ်လာမည်။ သဘာဝဂေဟကိုဆက်စပ်ရှင်သန်စေရာ သစ်တောမြေပြင်ကိုဖြစ်စေသည်။
မိုးမှစသောရေသည် နောက်ဆုံးတွင် ပင်လယ်၊သမုဒ္ဒရာသို့ပြန်စီးဝင်ရင်း ရေငန်တို့နှင့်ရောသမကာ ရေချိုဘ၀ ပြီးပြတ်ကုန်ဆုံးခြင်းတို့ရောက်ပါသည်။
အဆိုပါသံသရာသည် နှစ်သန်းချီလည်လာခဲ့သော်လည်း ယခုကဲသို့ ကမ္ဘာမြေတခုထဲတွင်လူသားသန်း၇ဘီလီယန်ကျော်ရှင်သန်နေထိုင်ကြရသော ခေတ်ကြီးတွင် လူသားတို့အတွက် သုံးရေ သောက်ရေတို့ဖြည့်စည်းပေးနိုင်မှု ကျဆင်းလျှော့နည်းလာသည်ကို တွေ့ကြရမည်။
ကုလသမဂ္ဂထုတ်  World Water Development Report အချက်အလက်များအရ ၄၃နိုင်ငံမှ လူသားသန်း၇၀၀  တို့သည်ရေမလုံလောက်သည့်အန္တရာယ်ရင်ဆိုင်နေရသည်ဆိုပါသည်။
အဆိုပါအစီရင်ခံစာအရ လူသားတဦးအတွက် တနှစ်လျှင်ရေကုဗမီတာ ၁၀၀၀ပမာဏ ပေးနိုင်မှုထက်လျှော့နည်းလာလျှင် အဆိုပါဒေသသည်ရေမလုံလောက်မှုပြသနာကိုရင်ဆိုင်ရပြီဟုဆိုပါသည်။
အံ့သြဖွယ်ရာပင် မုတ်သုန်မိုးကြီးပုံမှန်ရသော မြန်မာနိုင်ငံသည် ရေချိုပြတ်လတ်နေသည့်နိုင်ငံစာရင်းတွင် ပါဝင်နေသည်ကိုတွေ့ရလေသည်။
မြန်မာပြည်၏နွေ၊မိုး၊ဆောင်း ၃ရာသီတွင် မိုးရာသီ ၄လရှိနေသဖြင့် မိုးရေ၏တန်ဖိုးကိုသတိထားမိခြင်းထက် မြစ်တို့၏သဘာဝအပိုလက်ဆောင် လျှပ်စစ်အားထုတ်လုပ်မှုဖက်အာရုံပိုကျနေသည်ဟု သတိထားမိပါသည်။
လျှပ်စစ်အားသည် တိုးတက်သောလူ့ဘောင်လူသားတို့အတွက်များစွာပဓါနကျလှပါသော်လည်း ကိုကာ၊ ပက်စီကဲသို့သော အမေရိက၏ ရေချိုသကြားခပ်ကုမ္ပဏီကြီးများ မြန်မာပြည်နိုင်ငံရေးပွင့်လင်းပါပြီဆိုသည်နှင့် မြန်မာပြည်တွင်အခြေချ ထုတ်လုပ်လာကြသည့်ခြေလှမ်းတို့ကိုစောင့်ကြည့်သတိပြုမိလျှင် မြန်မာ့ရေသည် သစ်ပင်ဆန်စပါးလယ်ယာစိုက်ထွက်ကုန်များထက်ပင် ပိုလွယ်ကူစွာနိုင်ငံခြားငွေရှာပေးနိုင်တော့မည်ကို မြင်သာပါ၏။
ကမ္ဘာ့ရေနှင့်ပါတ်သက်သော ဈေးကွက်ပမာဏသည် ၅၀၀ဘီလီယန်ဒေါ်လာရှိသည်။ နောင်၁၀နှစ်တွင် ၂ဆတိုး၍ ၁ထရီလီယန်ဖြစ်မည်ဟုလည်းခန့်မှန်းတွက်ချက်ထားကြသည်။

ခေါင်းဆောင်တယောက်

စီမံခန့်ခွဲမှုညံ့လှသဖြင့် ဧရာဝတီမြစ်ဘေးဒေသ အပူပိုင်းဇုန်ရေရှားဘ၀တို့တွင် မြန်မာ့လူထုအများနေထိုင်ကြရသည်။  အဖိုးတန်ဆုံးအရာကိုရလျှက်မှ လက်ဝယ်ထင်ရှားမရှိ၊ မသုံးတတ်ဖြစ်ကြရသည်။
တိုင်းပြည်တပြည်၏ကံကြမ္မာကို ခေါင်းဆောင်တဦး၊ တယောက်ထဲကပင်ပြောင်းလဲပေးနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သောကမ္ဘာ့အသိအမှတ်ပြုခေါင်းဆောင်တယောက်ကိုပင် အမြင်မှောက်မှားကာ ဖယ်ချပစ်ပယ်လိုသောသဘောသဘာဝတို့ မြန်မာသာမန်လူထုအတွင်းတွင်ပင် ခပ်စိတ်စိတ်ကလေးတွေ့လာရသည်။
ကံကြီးထိုက်နေသလော။ ခိုက်နေသလော၊ ကျိန်စာမိနေသလော။
ထူးပေသည့်ဆန်းရာသော်တော့မဟုတ်။
ဘုန်းတော်ကြီးများက ဥပဒေပြုလိုသောတိုင်းပြည်။ စစ်တပ်က လွှတ်တော်တွင်ဆုံးဖြတ်မဲယူထားသောတိုင်းပြည်၊ ဆရာဝန်က ဆေးရောင်းထွက်ရသောတိုင်းပြည်၊ အင်ဂျင်နီယာက သင်္ဘောတက်အလုပ်လုပ်သောတိုင်းပြည်ပင်တည်း။ ပြည့်တန်ဆာဝင်ငွေက ရဲအရာရှိလစာငွေကိုကျော်လွန်နေသည့်နိုင်ငံတည်း။

ဧရာဝတီ၊စစ်တောင်း၊သံလွင်မြစ်ရေတို့သည် ပင်လယ်ထဲသို့တသွင်သွင်စီးဆင်းလျှက်ရှိကြကုန်၏။ တန်ဖိုးအရှိဆုံးရေချိုတို့ကိုပင်လယ်ပြင်ထဲ တရစပ်သွန်ချနေသည်နှင့်အလားတူပါသည်။
မိခင်သဘာဝနှင့်ဧရာဝတီသည် မြန်မာပြည်နေလူသားသန်း၆၀မျှကို ခပ်စိမ်းစိမ်းကြည့်လျှက်သာနေလေသည်။  ။

kai

About kai

Kai has written 914 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.