ဟိုတလောဆီက ဂျာနယ်များတွင် ချစ်သူများနေ့အတွက် ပြင်ကြ ဆင်ကြ ပရိုမိုးရှင်းများ အပြိုင်အဆိုင် ပြုလုပ်ကြသော သတင်းများ ဖတ်လိုက်ရသည်။ ဒါနဲ့ တဆက်တည်း ပါလာသည်က စုံတွဲများအတွက် အခန်းများဌားခြင်း သတင်းများ ဖြစ်သည်။ ထိုကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်သော အချို့ ဆောင်းပါးရှင်များ၏ လူငယ်များကို ဆင်ခြင်ဖို့ တိုက်တွန်းသော ဆောင်းပါးများကိုလည်း တွေ့ရသည်။ ဒါနဲ့ ပက်သက်ပြီး မန်းဂေဇက်တွင်ပင် အတော် ငြင်းခုံကြသည်ကိုလည်း တွေ့လိုက်ရသည်။ ထိုအကြောင်းနဲ့ ဆက်နွယ်ပြီး ဒီဆောင်းပါးအား စာရေးသူ ရေးဖြစ်တာ ဖြစ်ပါသည်။

အဓိက ဆွေးနွေးသွားကြသော အကြောင်းအရာမှာ လူငယ်များ လက်မထပ်ခင် ဒီလို sex ကိစ္စ လုပ်တာ သင့် မသင့်နဲ့ living together ကိစ္စဖြစ်ပါသည်။ နောက်ပိုင်းတွင် ထို living together အကြောင်းကိုပင် အပြန်အလှန် ငြင်းခုံ ဆွေးနွေးခြင်း ဖြစ်လာပါသည်။

ထို လစ်ဗင်းတူဂဲသား ကိစ္စမှာ ထိုပို့စ်များတွင် တယောက်က အဘိဓါန်မှ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရေးသွားသဖြင့် သိပ်ကောင်းသွားပါသည်။ အကျဉ်းချုပ်မှာ လူနှစ်ယောက် တအိမ်ထဲတွင် အတူနေကာ လင်မယား ဆက်ဆံရေးမျိုး ရှိသော်လည်း လက်ထပ်မထားသော လူများ ဖြစ်ပါသည်။

ရှေး မြန်မာ့ဖြတ်ထုံးမှာတော့ အိမ်နီးနားချင်း ခုနှစ်အိမ်ကို အသိပေးပြီး ကာယကံရှင် နှစ်ယောက် အလိုတူလို့ အိပ်ရာအတူ အိပ်လျှင် လင်မယားအရာ မြောက်သည်ဟု သိရပါသည်။ မြန်မာ့ထုံးစံကတော့ လက်မှတ်မထိုးလည်း အသိသက်သေရှိပြီ ဆိုသည်နှင့် အလိုလို လင်မယားအရာ မြောက်ပြီးသား ဖြစ်သည်။ နောက်ပိုင်းကိစ္စများမှာ အားလုံးကို လင်မယား ဥပဒေနဲ့ စဉ်းစားသည်။ လင်မယားကွဲရင် သရက်သီး ထက်ခြမ်းခြမ်းသလို ပစ္စည်းဥစ္စာ အညီအမျှ ဝေယူ စသည်ဖြင့် ဖြစ်သည်။ ဆိုတော့ ဒီကိစ္စကတော့ living together လို့ ဘယ်လိုမှ စဉ်းစားလို့ မရတော့။ ထိမ်းမြား လက်ထပ်ခြင်းထဲကို အလိုအလျှောက် ဝင်သွားပြီ ဖြစ်သည်။

စာရေးသူ အနေနှင့်တော့ ထိုစဉ်က ကွန်မန့် အများကြီးနဲ့ ဆွေးနွေးခြင်းထက် နှစ်ဘက် အပြန်အလှန် ပြောနေသည်ကိုသာ ဘေးမှ စိတ်ဝင်တစားဖြင့် ကြည့်နေသည့် အချိန် ပိုများပါသည်။ အဓိကမှာ အယူအဆနှစ်မျိုး အုပ်စု နှစ်ခုကိုသာ အဓိက တွေ့ရပါသည်။

ပထမအုပ်စုမှာ ဒီကိစ္စမှာ ခွင့်မပြုသင့် မကောင်း living together မှာ လက်မထပ်ခင် နှစ်ယောက်အတူ အစမ်းသဘော နေကြည့်တာ ဖြစ်သည်။ မြန်မာ့ထုံးစံမရှိ မသင့်တော် ခွင့်မပြုနိုင်။ သမီးမိန်းကလေး မွေးထားသော မိဘများဘက်မှ ဝင်ကြည့်သင့်သည်။ ကိုယ့်သမီးလေးအား လာပြီး တဘဝလုံး လက်တွဲဖို့ သင့်မသင့် အစမ်းသဘော အဖြစ် တနှစ်လောက်တော့ နေကြည့်ပါရစေ။ အဆင်ပြေရင်တော့ လက်တွဲပါမည်။ အဆင်မပြေရင်တော့ ကန့်တော့ဆွမ်းပေါ့ဟု ဆိုသူအား ဓါးနဲ့ ပိုင်းသင့်ပိုင်းမည် ဆိုသည် အဖွဲ့ဖြစ်သည်။ ထိုအုပ်စုမှာ အများစုဖြစ်သည်။ ဝင်မဆွေးနွေးသူ မြန်မာမိဘ အများစုမှာလည်း ထိုအစုထဲတွင် ပါမည်မှာ သေချာပါသည်။

ဒုတိယအဖွဲမှာ လစ်ဘရယ်ဆိုသူများ ပါသော အဖွဲ့ ဖြစ်ပါသည်။ သူတို့ကလည်း သူတို့ အကြောင်းပြချက်နဲ့ သူတို့ပဲ။ သူတို့ ပြောတာတွေကလည်း မဆိုး။ သူတို့ အကြောင်းပြချက်တွေက အကျဉ်းချုပ်ဆိုရသော် လိင်ကိစ္စနဲ့ ပက်သက်ပြီး လက်မထပ်ပဲ ကိုယ့်ဘာသာကိုယ် ပွင့်ပွင်းလင်းလင်း ဆက်ဆံတာ အပြစ်လည်းမဟုတ် ရှက်စရာလည်း မဟုတ် ဒါကို ရှက်စရာလို့ ထင်နေသူများဟာ လူ့အခွင့်အရေးအရ အခြေခံကျကျ မှားနေသူများ ဖြစ်ကြောင်း။ ကိုယ့်ဘာသာကိုယ် သဘောတူမျှလို့ ပွင့်ပွင့်လင်းလင်း လုပ်တာကို ဘေးက အပြစ်ဆို နှိပ်ကွပ်သူသာ မှားကြောင်း။ ဒါက sex ကိစ္စနဲ့ ပက်သက်လို့ သူတို့အမြင်။

လစ်ဗင်းတူဂဲသားခေါ် လက်မထပ်ပဲ အစမ်းသဘော နေကြည့်တာနဲ့ ပက်သက်လို့တော့ သူတို့ အမြင်က ပိုစုံလင်သည်။ သူတို့ သဘောထားအရ ဒီလို နေကြည့်တာဟာ ယူအက်စ်လို နိုင်ငံမျိုးမှာတောင် လုပ်နေကျ ဖြစ်သည်။ မိန်းကလေးတယောက်ဟာ သူ အဆင်ပြေမယ် ထင်တဲ့ ကောင်လေးတယောက်နဲ့ ညအိပ်ကြည့်မည်။ ကာမအရသာ ခံစား စံစား ကြည့်မည်။ ဒီလူကို အကျင့်စာရိတ္တ ငွေရှာတာ သုံးတာ ညအိပ်ရင် ဟောက်တတ်သလား အကုန်ကြည့်မည်။ တနှစ်လောက်ကြည့်မှ စိတ်ချရမည် ဆိုတာလည်း ပါသည်။ အဲဒီလို မနေကြည့်ပဲ တန်းယူလို့ အဆင်မပြေရင် ဘယ်လိုလုပ်မလည်း ဆိုတာလည်း ပါသည်။ နောက်ပြီး မြန်မာပြည်မှာ ဒါကို ခွင့်ပြုရင် ပိုအဆင်ပြေမည်။ တကယ်လို့ အချောင်စားချင်တဲ့ ယောကျာင်္းလေးမျိုးနဲ့ တွေ့ရင်လည်း ဒီလို လူမျိုးနဲ့ လမ်းခွဲလိုက်ရတာ ပိုကောင်းသည်။ အပျိုစင်ဖြစ်မှ လက်ထပ်မည် ဆိုတာက မြန်မာမိန်းကလေးတွေက သူတို့ကို နှိပ်ကွပ်ထားမှန်း မသိတာ ဆိုတာနဲ့ ဒါ တကယ့် ပညာအစစ်ကို မတတ်လို့ ဆိုတာလည်း ပါသည်။ အကျယ်ကတော့ ဒီကိစ္စနဲ့ ပက်သက်လို့ တင်တဲ့ ပို့စ်တွေမှာ သွားဖတ်ကြည့်စေချင်ပါသည်။

အမှန်ဆိုရသော် ဒုတိယ အုပ်စုက လူနည်းတယ်လို့ ထင်ရပေမယ့် သူတို့ အကြောင်းပြချက်တွေက မြင်တဲ့အတိုင်း ပိုစုံလင်တာကို တွေ့ရမည်။ ပထမအုပ်စုကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ဒီတော့ စာရေးသူ သုံးသပ်ရရင်တော့ ဒုတိယအုပ်စု၏ အတွေးအခေါ်များပေါ်တွင် အဓိကထား သုံးသပ်ကြည့်ပါမည်။ ဘာလို့လည်းဆိုတော့ ပိုစုံလို့ပါ။

ပထမဆုံး တကယ့် ပညာအစစ်ကို တတ်တာနဲ့ Living together နေတာကတော့ စာရေးသူ အနေနဲ့ သိပ်မဆိုင်ဟု ထင်ပါသည်။ ကိုယ်နေချင်လို့ နေတာကို ကာကွယ်ရန်နှင့် နိုင်ငံခြားမှာ ရောက်နေလို့ တကယ့် ပညာအစစ်ကို တတ်သည်ဆိုပြီး သူများကို နှိမ်ရန် ကြိုးစားသည်လို့ ထင်ပါသည်။

စာရေးသူတို့ နိုင်ငံတွင် လက်ရှိ နိုင်ငံရေးလောကတွင် ထင်ရှားလှသော အမျိုးသမီးကြီးတဦးမှာ ကမ္ဘာ့အဆင့် တက္ကသိုလ်များတွင်မှ တော်ဝင်သွေးတွေမှ တတ်နိုင်သည်ဆိုပြီး နာမည်ကြီးသော တက္ကသိုလ်ကြီးတခုမှ ကျောင်းပြီးသူ ဖြစ်ပါသည်။ သူ့မှာ အင်္ဂလိပ်စကားပြော ကောင်းလှသလို မြန်မာစကား ပြောတော့လည်း အသုံးအနှုန်း ကောင်းလွန်းသဖြင့် တော်ရုံ မြန်မာစာ ကထိကတောင် သူ့လောက် ပြောတတ်ပါ့မလားဟု ထင်ရပါသည်။ မြန်မာဆန်ဆန် အဝတ်များကို ဝတ်လေ့ရှိပြီး ထိုအဆင်အပြင်နဲ့လည်း အလွန် ကျက်သရေရှိသော အမျိုးသမီးကြီး ဖြစ်ပါသည်။ နာမည်ကို ပြောစရာ မလိုတော့ဟု ထင်ပါသည်။ အားလုံးလည်း သိနေလောက်ပါပြီ။

သူလည်း နိုင်ငံခြားက တက္ကသိုလ်ကြီးမှ ဘွဲ့ရခဲ့ကာ နိုင်ငံခြားမှာ အနေကြာခဲ့သူ တဦးပဲ ဖြစ်ပါသည်။ စာရေးသူ သိသလောက်မှာ သူ သူခင်ပွန်းနဲ့ မြန်မာထုံးစံအတိုင်းပဲ လက်ထပ်ခဲ့ပြီး နောက်မှ သားနှစ်ယောက် ထွန်းကားခဲ့တာ ဖြစ်သည်။ လက်မထပ်ပဲ လေ့လာလို့ ရအောင်ဆိုပြီး တနှစ်လောက် အစမ်းသဘော နေကြည့်ခဲ့သည်လို့ မကြားဖူးပါ။ သူ့ခင်ပွန်း မတိုင်ခင်ကလည်း တခြားသော ယောကျာင်္းလေးများနဲ့ လေ့လာလို့ ရအောင်ဆိုကာ အခုပြောသော ဟိုဟို ဒီဒီ အရသာများ ခံစား စံစားခဲ့သည်လို့ တခါမှ မကြားဖူးပါ။ စာရေးသူ မသိတာလည်း ဖြစ်နိုင်ပါသည်။ သိသူများ ရှိရင်လည်း တိတိကျကျ ပြောပြစေလိုပါသည်။

တတ်နိုင်သလောက် စာအုပ်တွေ ဖတ်ကြည့်တော့လည်း သူ့ ဘိုင်အိုဂရပ်ဖီမှာ ကျောင်းပြီးတော့ ကုလသမဂ္ဂရုံးမှာ ၃ နှစ် အလုပ် ဝင်လုပ်သည်။ နောင် သူ့ခင်ပွန်း ဖြစ်လာမည့် သူနဲ့က တရုံးတည်းပဲ။ ပြောခဲ့သည့်အတိုင်း ယူအက်စ်မှာ နေခဲ့တာ ဖြစ်သည်။ ထို ၃ နှစ်လုံးလုံး သူသည် ဒိုရာသန်းအေးဆိုသူ အမျိုးသမီးကြီးနဲ့သာ အတူတူ နေခဲ့သည်လို့ ဖတ်ခဲ့ရသည်။ သူ့ အနေနဲ့ လစ်ဗင်းတူဂဲသားချင်ရင် အလွယ်လေးပဲ။ သူ့မိခင်က သူနဲ့ အတူမရှိ။ တချို့ နိုင်ငံခြားမှာ နေသူများ ပြောလေ့ရှိသည့် တကယ့် ပညာအစစ်တွေ တတ်ကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီလည်း ဖြစ်သည်။ ဒါပေမယ့် သူ ထိုကဲ့သို့ နေခဲ့သည်ဆိုတာ လုံးဝ မကြားဖူးခဲ့။

စာရေးသူကတော့ မကြားဖူးခြင်းမှာ သူ တကယ် အဲဒီလို မနေခဲ့တာပဲဟု ယုံကြည်ပါသည်။ ဘာလို့ ဒီလို တွက်လို့ရတာလည်းဆိုတော့ ၁၉၉၀ လွန်နှစ်များက သူ့ပြိုင်ဘက်များက သူ့ကို နိုင်ငံပိုင် မီဒီယာများတွင်ပင် အလွန် အရုပ်ဆိုးသော ကာတွန်းပုံများဆွဲကာ သိက္ခာချနေသော အချိန်မှာပင် သူ့ကို ဒီကိစ္စနဲ့ ပက်သက်ပြီး တယောက်မှ မပြောနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူ တကယ် လုပ်ခဲ့ပါက လက်တံ အလွန်ရှည်သော သူ့ပြိုင်ဘက်များက ထိုကိစ္စကို ထောင်းလမောင်းကျေအောင် ပြောခဲ့မည်မှာ သေချာလှသည်။

အဲဒီလို ခံစား စံစားခဲ့ရင်လည်း ဒီနေ့လို မြန်မာအများစု သည်းသည်းလှုပ်ဖြစ်သော အနေအထားသို့ပင် ရောက်ဖို့မလွယ်လို့ ထင်ပါသည်။ ဆိုလိုတာက မြန်မာတွေ သတ်မှတ်ထားသော ကိုယ်ကျင့်တရား စံနှုန်းဖြင့် သူ့ကို အပြစ်ရှာရန် မလွယ်ခြင်းပင်။ မြန်မာများထဲမှ နိုင်ငံခြားတွင် ပညာဖြင့် နာမည်တလုံး ထွက်ခဲ့သော ဒေါက်တာလှဘေတို့ ဒေါက်တာထင်အောင်တို့ ဒေါက်တာကျော်သက်တို့လည်း ထိုကိစ္စနဲ့ ပက်သက်ပြီး နာမည်ထွက်လာသည်လို့ မကြားဖူးပါ။ ဒီတော့ ဒီကိစ္စ လုပ်ချင်လို့ လုပ်တာနဲ့ နိုင်ငံတကာ အဆင့်မီ ပညာတတ်ခြင်း ဘာမှ မဆိုင်ဟုသာ ဆုံးဖြတ်မိပါသည်။

ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင် နေချင်သူသည် ဘယ်နေရာရောက်ရောက် ကိုယ့်စံနှုန်းအတိုင်း နေပါသည် ခင်ဗျာ။

စာရေးသူ၏ နောက်ထပ် ထင်မြင်ချက်တခုမှာ တကယ့် ပညာတတ် မြန်မာမိန်းကလေး တော်တော်များများသည် လူတယောက်ကို အိပ်ကြည့်စရာ မလိုပဲနဲ့ကို သူ့အကြောင်းကို အချိန်တခုအတွင်း သိအောင် လုပ်နိုင်စွမ်းရှိသည်လို့ ထင်ပါသည်။

ထို လစ်ဗင်းတူဂဲသား စနစ်အကြောင်းကို လစ်ဘရယ်ဒီမို ဆိုသူများ ဆွေးနွေးသည့် အချက်များကို အခြေခံပြီး လေ့လာကြည့်မည်။ ကြိုတင်ပြီး စကားခံရရင်တော့ စာရေးသူ ဆွေးနွေးရာတွင် အကျိုးနဲ့ အပြစ်များကိုသာ အဓိက ချိန်ထိုး စဉ်းစားမှာ ဖြစ်ပြီး ဒါ မြန်မာ့ရိုးရာထုံးစံဖြစ်သည်တို့ မပြောင်းလဲသော အမှန်တရားတို့ လိုက်ကို လိုက်နာရမည်တို့ ဆိုသည်များကို အကြောင်းပြချက် မရှိပဲနဲ့ လုံးဝ ပြောမည် မဟုတ်ပါ။ လစ်ဘရယ် ဒီမိုအဖွဲ့ကလည်း ယာဉ်ကျေးမှု ဓလေ့ထုံးစံဆိုသော အချက်နဲ့တော့ မကာကွယ်ပါနဲ့။ လူငယ်တွေ မအကြတော့ပါလို့ စကားခံထားပြီးသား ဖြစ်သည်။

ပထမဆုံးမှာ လစ်ဗင်းတူဂဲသားကို လက်ခံချင်ပြီး ကိုယ့်သားသမီးများကိုပါ ကျင့်သုံးစေချင်သည် ဆိုသော အတွေးအခေါ်ဘက်မှ ကောင်းကွက်များမှာ အားလုံး မြင်ပြီးသည့်အတိုင်း သေသေချာချာ လေ့လာနိုင်သည် မကောင်းရင် နောက်ဆုတ်နိုင်သည်။ တသက်လုံး ဒုက္ခခံစရာမလို တနှစ်လောက် လေ့လာပြီး အတူနေကြည့်တာနဲ့ အကျင့်စာရိတ္တကို အကဲခတ်နိုင်သည်။ ကိုယ်ဝန်ရှိလာမှာလည်း ဒီခေတ်မှာ မပူရ ဆေးဝါးများ ရှိသည် သားအိမ်ခြစ်လိုက်ရင် သုံးသောင်းလောက်နဲ့ ရတယ် ဆိုတာတောင် ပါသေးသည်။ ဆေးပညာပိုင်းပါ ပါသွားပြီး အတော်လေး စုံလင်သလို ဖြစ်နိုင်သည့် အချက်များ ပါပါသည်။

သို့ရာတွင် အားလုံး ထည့်မပြောခဲ့သည်က ဥပဒေနဲ့ သတ်မှတ်တာ မဟုတ်ပဲ လူ့အဖွဲ့အစည်းက လက်ခံကျင့်သုံးနေသော ဓလေ့ထုံးစံ စနစ်များတွင် အစွမ်းထက်သော အရာတခုရှိသည်။ ဘာလည်း ဆိုတော့ ထိုစနစ်ကို မလိုက်နာပဲ တော်လှန်သူကို စနစ်ကပင် ပညာသားပါပါ ဒဏ်ပေးတတ်သည်။ လစ်ဗင်းတူဂဲသား စနစ်သည် တခြားလူ့အဖွဲ့အစည်းများ အတွက်မူ ကောင်းချင်ကောင်းပါလိမ့်မည်။ သို့သော် မြန်မာလူအဖွဲ့အစည်း အတွက်မူ ထိုကိစ္စ ကျင့်သုံးသူ ကောင်းကျိုးမရပဲ ဆိုးကျိုးတွေ ရလာအောင် လုပ်မည့် စံနှုန်းတခု တကယ်ရှိသည်။ အကျယ်ချဲ့ပြီး ဆိုပါရစေ။

တက္ကသိုလ် စာအုပ်ဟောင်း တခုမှ ဖတ်လိုက်ရသော တကယ်ရှိခဲ့ဖူးသည့် တက္ကသိုလ် ကျောင်းသူ တယောက်အကြောင်းလေး ဖြစ်သည်။

ရန်ကုန် တက္ကသိုလ်ဖွင့်စ အချိန်တုန်းက တက္ကသိုလ်ကျောင်းသူ အားလုံးဟာ မြို့ထဲကို ဟိုဟိုဒီဒီ သွားရင်တောင် ပွဲနေပွဲထိုင် သွားသလို ဝတ်လေ့ရှိပြီး ဆံထုံးများ ထုံးလေ့ရှိသည်တဲ့။ သူတို့ခေတ်က နာမည်ကြီးသော ဘီအေမဆံထုံးလို့ ခေါ်သည့် ဆံထုံးကြီးတွေ ဖြစ်မှာပေါ့လေ။ အဲဒါ ကျောင်းသူလေး တယောက်က ထိုဆံထုံး မထုံးပဲ ခုခေတ် မိန်းကလေးတွေလို ဆံပင်တိုလေးနဲ့ ကျောင်းတတ်တယ်တဲ့။ အဲဒါ ဘာဖြစ်သလည်းဆိုတော့ ထိုကျောင်းသူ မိန်းကလေးမှာ ကျောင်းသက်တမ်း တလျှောက်လုံး ကျောင်းသူ အချင်းချင်းပင် ငြူစူမှု အထင်သေးမှု ဝိုင်းပယ်မှုများကို ခံရပြီး ကျောင်းသက်တမ်းကို ခက်ခဲစွာ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုသည်။

ထိုမိန်းကလေး အဖြစ်မှာ အမှန်တော့ ဘာမှမဟုတ်။ ကိုယ်ကျင့်တရား ဖောက်ပြန်တာလည်း မဟုတ်။ ဒီနေ့ခေတ်မှာ သူကျောင်းတတ်ပါက သူ့ကို ဘယ်သူမှတောင် သိလိုက်မှာ မဟုတ်။ သူ ဖြစ်တာက အဲဒီအချိန်က အမျိုးသမီးများ သတ်မှတ်ထားသော စံများနဲ့ သူက အလွန် ကင်းကွာနေခြင်းပင်။ အဲဒါကြောင့် သူ အတိုက်ခိုက်ခံခဲ့ရခြင်းသာ။

ပြောလို့တော့ ရချင် ရလိမ့်မည်။ သူ့ကို ရှုတ်ချသော အထင်သေးသော ဝိုင်းပယ်သော ကျောင်းသူများမှာ မှားသည် သူများအခွင့်အရေး ဖြစ်သည် မလုပ်သင့်။ သို့သော် စာရေးသူ ပြောလိုသည်မှာ အမှား အမှန်ထက် ကာယကံရှင်ဘက်က နစ်နာမှုကို ပြောလိုတာ ဖြစ်သည်။ အများစံနှုန်းကို မလိုက်နာနိုင်ခြင်းကြောင့် ထိုစံနှုန်းရှိသော အသိုင်းအဝိုင်းက ဒဏ်ပေးပုံကို သိစေလိုတာသာ ဖြစ်သည်။

အခုပြောမည့် ဥပမာလေးကတော့ ပိုပြီး သက်ဆိုင်သည်။ သိပ်လည်း မကြာလှသေး။ လွန်ခဲ့သော ဆယ်စုနှစ် တခုလောက်က စာရေးသူကိုယ်တိုင် မြင်ခဲ့ဖူးသော ကိစ္စဖြစ်သည်။ အကြောင်းအရာပဲ ပြောကြပါစို့ရဲ့။ ကာယကံရှင်များ နာမည်တော့ ထည့်လို့ မဖြစ်ပါ။

လွန်ခဲ့သော ဆယ်စုနှစ် တခုလောက်က စာရေးသူတို့ လမ်းနားတွင် ကျောင်းသူ အဆောင်တဆောင် ဖွင့်သည်။ ဖြစ်ပုံက မိန်းမသား အပျိုကြီး အများစု နေသော အိမ်က အိမ်ကြီးကလည်း ကျယ်လှသဖြင့် အပိုဝင်ငွေလည်းရစေ ကိုယ်လည်း အဖော်အဖက်လေးများ ရစေတော့ ဆိုပြီး နယ်မှ ကျောင်းလာတတ်သော တက္ကသိုလ်ကျောင်းသူများ အတွက် သူတို့ ပိုနေသော အခန်းများကို ဌားရမ်းသည်။ စာရေးသူ စိတ်ထင် လာနေသော မိန်းကလေး ၈ ယောက်လောက်တော့ ရှိမည် ထင်သည်။

အဲဒီမှာ လာနေသော ကျောင်းသူလေးတယောက်မှာ အားလုံးထဲတွင် မွေးထူးရေခြားဟု ဆိုရလောက်အောင် ရုပ်အလွန်ကို လှသည်။ အားလုံး မြင်တာနဲ့ သတိမပြုပဲ မနေနိုင်သည့် အလှမျိုး ဆိုပါတော့။ အဲဒီမှာ ကမ္ဘာ့ နိယာမ အတိုင်းပင် ထိုအနီးအနား တဝိုက်က ယောကျာင်္းလေး လူပျို လူလွတ်များက ထိုကျောင်းသူလေးအား ဝိုင်းကြိုက်ကြလေသည်။

နောက်မှ သိလာရတာက ထိုကျောင်းသူလေးမှာ ရုပ်လှရုံသာမဟုတ် သူ့မိဘများကလည်း သူတို့နယ်တွင် အလွန် ချမ်းသာသော လူများ ဖြစ်မှန်း သိလာရသည်။ နောက်ပြီး သူ တတ်နေသည့် တက္ကသိုလ်မှာလည်း အမှတ်နဲ့ခွဲသော စနစ်ကို ကျင့်သုံးသော မြန်မာပြည်တွင် ထိပ်တန်းနားတွင် ရှိသော တက္ကသိုလ်ဖြစ်သည်။ နံပါတ် ၁ လောက်တော့ မဟုတ် နံပါတ်စဉ်အရဆို ၃ လောက် ၄ လောက်ရှိသော တက္ကသိုလ်မျိုး ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် အမှတ်နည်းသော ကျောင်းသား ကျောင်းသူများ တတ်လို့မရ။ သူ ကိုယ်တိုင်လည်း ဆယ်တန်းကို ထူးထူးချွန်ချွန့် အောင်ခဲ့သူ ဖြစ်သည်။ သူသည် သူ့ကျောင်းမှာလည်း စာတော်သူဟု သိရသည်။ သူ့ ဇတ်လမ်းလေးမှာ စိတ်ဝင်စားစရာလေး ဖြစ်သဖြင့် စာရေးသူ ထိုစဉ်က ဝတ္ထုရေးမည် ဆိုသော ရည်ရွယ်ချက်နဲ့ သူ့ အိမ်ရှင်ဖြစ်သူ အပျိုကြီးမှာလည်း ရင်းနှီးသဖြင့် မေးထားခဲ့တာ ဖြစ်သည်။ အခု ဆောင်းပါးရေးလိုက်ရပြီ။

မိန်းမသားများ၏ အင်အားမှာ ရုပ်ရည် ပညာ ဥစ္စာဆိုပြီး သုံးခုရှိရာ ထိုကျောင်းသူလေးမှာ ကုသိုလ် ကောင်းလှသဖြင့် ရုပ်ရည်နဲ့ ပစ္စည်းဥစ္စာတွင် ရာခိုင်နှုန်းပြည့် ကောင်းမွန်ပြီး ပညာမှာလည်း ဂုဏ်ထူးမှတ် ရနေသည့် လူမျိုးဖြစ်သည်။ ဒီတော့ သူ့ကို ကြိုက်နှစ်သက်သည့် ပိုင်ဆိုင်လိုသည့် ယောကျာင်္းလေးများလည်း အများအပြား ရှိသည်ပေါ့။

ဒီတော့ သူ့အချစ်ကို ရအောင် ကြိုးစားကြသူ အမြောက်အများ ဖြစ်လာသည်။ အမြောက်အများ ဆိုပေမယ့် ယောကျာင်္းလေးများမှာလည်း သူ့အဆင့် ကိုယ့်အဆင့် တွက်နိုင်သူများ ဖြစ်သဖြင့် သူ့ကို လှမ်းဖို့အတွက် ကိုယ့်ကိုကိုယ် အဆင့်မီသည်ဟု တွက်နိုင်သော ယောကျာင်္းလေးများက ပေါ်ပေါ်ထင်ထင် ကြိုးစားကြသည်။ သိပ်မမီသော ယောကျာင်္းလေးများကတော့ ငေးကြည့် မဝံ့မရဲ မျှော်မှန်းတာလောက်နဲ့ သိပ်သတ္တိရှိသူကတော့ အရဲစွန့်ပြီး စာပေးကြပေါ့။

အဲဒီမှာ ဖြစ်လာတာက ဒီကျောင်းသူလေးမှာ သူ့ကို ကြိုးစားသည်ဆိုသော လူငယ်ထဲက သူသတ်မှတ်ထားသော စံချိန်မီသည့် ယောကျာင်္းလေးများကို ပြန်တွဲလေ့ ရှိသည်တဲ့။ တွဲတယ် ဆိုပေမယ့် သူ့ အိမ်ရှင် မိန်းမကြီး အပြောအရတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ တည်းခိုခန်းတွေ သွားခြင်းမျိုးတော့ မဟုတ်။ သူမသိတာလည်း ဖြစ်ချင် ဖြစ်မယ်ပေါ့လေ။

တွဲတယ် ဆိုတာက လမ်းတွဲလျှောက်တာ ကင်တင်းအတူထိုင်တာ ဘုရားအတူ သွားဖူးတာ ဒီလောက်ပါပဲတဲ့။ ရည်းစားများများ ထားတဲ့သူမို့ ဆိုတဲ့ သီချင်းလိုပေါ့လေ။ နောက်ပြီး သူ့မှာ နယ်တွင်လည်း ထိုကဲ့သို့ပင် သူ့စံချိန်နဲ့ ညီတဲ့ ချိတ်တိတ်တိတ် လူငယ်လေးများ ရှိသည်ဟု သိလာရသည်တဲ့။ သူ စိတ်လိုလက်ရ ရှိသော အခါမျိုးမှာ အခန်းဖော် မိန်းကလေးများနဲ့ အိမ်ရှင်တို့အား မိန်းမသား အချင်းချင်း ဖြစ်သဖြင့် ဓတ်ပုံများကို ပြလေ့ရှိသည် ဆိုပဲ။

ပြန်ပြောသူများ အဆိုအရတော့ အားလုံးမှာ ရုပ်ချောပြီး ပညာရေး ပြည့်စုံသူ လူငယ်တို့ စီးပွားရေးလုပ်ငန်း နိုင်နင်းပြီး မိဘချမ်းသာသောလူတို့ ရာထူးရာခံလေးရှိသော တပ်မတော် အရာရှိတို့ စသည်ဖြင့် ရှေ့တတ်လမ်းကို စဉ်းစားနိုင်သော လူငယ်များ ဖြစ်သည်။ သူ့ စီမံကိန်းမှာ သူကိုယ်တိုင် အစစ အရာရာ ပြည့်စုံသူ ဖြစ်သဖြင့် ဒီလူများထဲက သူအကြိုက်ဆုံးလူကို စိတ်ကြိုက် ရွေးမည်ဆိုသော စီမံကိန်း ဖြစ်သည်။ ထိုသူများ လွတ်ထွက် မသွားရအောင်လည်း နယ်မှာ ရည်းစားတယောက်ထား ရန်ကုန်မှာလည်း တယောက် နှစ်ယောက်လောက်ထား ကျန်သူများကိုလည်း မျှော်လင့်ချက်တွေ ပေးထားပြီး အကဲခတ်နေပေါ့။

အမှန်မှာ စာရေးသူ သိသလောက် မြန်မာ မိန်းကလေးများမှာ ရည်းစားအဖြစ် ပြန်ပြီး အဖြေမပေးခင်ကတည်းက ချစ်ရေးဆိုသူ ယောကျာင်္းလေးကို သေသေချာချာ စဉ်းစားလေ့ရှိသည်။ တဘဝတာလုံး လက်တွဲရန် ရာခိုင်နှုန်း အတော်များသည်လို့ ယုံကြည်မှ ခုနပြောတဲ့ ရည်းစားအဖြစ် ပြန်တွဲကြတာ ဖြစ်သည်။ ဒါလည်း တယောက်တည်းသာ ဒီအခွင့်အရေးကို ရလေ့ရှိသည်။ စာရေးသူတို့ အချိန်က တက္ကသိုလ်ကျောင်းသူ အများစုကို ရည်ညွှန်းတာ ဖြစ်သည်။ အခုတော့ ဘယ်လို အခြေအနေ ဖြစ်နေကြသည် မသိတော့။

အဲဒါ ထိုကျောင်းသူလေးမှာ ကျောင်းပြီးသွားသည့် အချိန်ကျတော့ ထိုကောင်လေးများထဲမှ သူအကြိုက်ဆုံး ကောင်လေးတယောက်ကို သူ့ကို လက်ထပ်ဖို့ ပြောသည်လို့ သိရသည်။ လက်ထပ်ဖို့ ပြောသည် ဆိုသဖြင့် သူတို့နှစ်ယောက် ချိတ်တိတ်တိတ်လောက် မဟုတ်တော့ပဲ ဒီထက်စောသော အချိန်ကတည်းက ကြိုက်နေတာ ဖြစ်ပါလိမ့်မည်။ အဲဒါ ထိုယောကျာင်္းလေးက သူ့ကို ငြင်းသည်ဟု သိရသည်။ ဘယ်လို ငြင်းသနည်း ဘာအကြောင်းပြချက်ပေးပြီး ငြင်းသလဲတော့ ဘေးလူများ အနေနဲ့ မသိနိုင်။ ငြင်းခံလိုက်ရတာတော့ သေချာသည်။ နောက်တယောက်နဲ့ စေ့စပ်ဖို့ လုပ်တော့လည်း အဆင်မပြေတော့ဟု သိရသည်။

အငြင်းခံရသော အကြောင်းရင်းကို မမြင်ရပေမယ့် မှန်းလို့ ရပါသည်။ သူ့ရဲ့ ဒီအားနည်းချက် ကလေးကြောင့် ဖြစ်မှာ သေချာလှသည်။ ဒီကိစ္စမျိုး ဆိုတာက ရန်ကုန်မှာ
တွဲခဲ့သည် ကိစ္စကိုလည်း နယ်က လူက တဆင့်စကား တဆင့်နားနဲ့ ကြားနိုင်သည်။ နယ်က ကိစ္စကိုလည်း ရန်ကုန်က လူက ထိုနည်းဖြင့် သိနိုင်သည်ပဲ။

ဒီမှာတင် သူက အရွဲ့တိုက်ကာ သူ့ကို အရင်က ချစ်ရေးဆိုဖူးပြီး သူ့ စံချိန်နဲ့ မညီလို့ သူမတွဲခဲ့သည် ကောင်လေးတယောက်ကို သူ့ကို ခိုးပြေးရန် တိုက်တွန်းသည်တဲ့။ ထိုကောင်လေးကလည်း သူ့ အဆင့်နဲ့ဆို ကွာလှသည်ဖြစ်ရာ သိပ်မစဉ်းစားပဲ ဝမ်းမြောက်ဝမ်းသာ ခိုးပြေးသည်ဟု သိရသည်။ အဲဒီမှာတင် သူ့ မိဘနှစ်ပါးခမျာ ရင်ကျိုးရပါတော့သည်။ အချို့ကတော့ ကိုယ်ဖြစ်ကိုယ်ခံဟု ပြောကြလိမ့်မည်။ ဒါပေမယ့် တကယ်ကျတော့ ကိုယ်သာလျှင် ခံရသည်မဟုတ် ကိုယ့်ကို မျှော်လင့်ထားသော ကိုယ့်မိဘများပါ ရင်ကျိုးရတာ ဖြစ်သည်။

စဉ်းစားကြည့်ပေါ့။ နိုင်ငံခြားက မိဘတွေကတော့ ဘယ်လို နေသည်မသိ။ မြန်မာမိဘ အများစုကတော့ ကိုယ့်သားသမီးကိုယ် မျှော်လင့်မှုလေးတွေ ကိုယ်စီ ရှိတတ်ကြသည်။ မိမိ သားသမီးက အရည်အချင်း ချို့ငဲ့သူလေး ဖြစ်နေရင်တောင် အိမ်ထောင်ကျရင်တော့ အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန်နဲ့ ဖူးစာဖက်နိုင်ဖို့ တိတ်တခိုး မျှော်လင့်တတ်သည်။

အစစ အရာရာ ပြည့်စုံသော သားသမီးကို ပိုင်ဆိုင်ရသည့် မိဘများကတော့ သူတို့ စိတ်ထဲတွင် မျှော်မှန်းချက်တွေ အရမ်းကြီးနေမှာ သေချာသည်။ ဦးဖိုးကျား၏ မင်းကတော် ဝတ္ထုထဲကလို သမီးလေး မင်းကတော် ဖြစ်ဖို့ မျှော်မှန်းနေသည့် အမေ၏ အဖြစ်မျိုးပဲပေါ့။

အချုပ်ကတော့ နောက်ဆုံး သိရသလောက် ထိုမိန်းကလေးမှာ မိဘနှစ်ပါး ရင်ကွဲပက်လက် ဖြစ်ရသလို သူကိုယ်တိုင်လည်း စိတ်မချမ်းသာမှုကို ခံစားရသည် ဆိုသည်။ သူ စိတ်ကူးယာဉ်ထားသော အိမ်ထောင်ဖက်မျိုးတော့ သူ ဒီတသက် ရဖို့ မလွယ်တော့ပြီ။

အမှန်မှာ စာရေးသူ စဉ်းစားမိသလောက် ထိုမိန်းကလေးသည် မြန်မာမိန်းကလေး အများစု လုပ်လေ့ ရှိသည့်အတိုင်း ချစ်ရေးဆိုသူကို မတွဲသေးခင် စိတ်တိုင်းကျ အကဲခတ်မည်။ တယောက်ဆို တယောက် သတ်သတ်မှတ်မှတ် ထားမည် ဆိုပါက ကံအကြောင်း မလှသဖြင့် ချစ်ဦးသူနဲ့ အဆင်မပြေတောင် သူ့ကို လိုချင်သူထဲက နောက်တယောက်ကို ရလိမ့်မည်။ သူ၏ ပြည့်စုံမှုများမှာ သူ့ကို အားဖြည့်ထားပြီးသား ဖြစ်သည်။

အခုတော့ သူက လူများများ တွဲလိုက်သဖြင့် တကယ်ယူပါ ဆိုတော့ ယောကျာင်္းလေးများက မယုံတာရော စိတ်မချတာရော ပေါင်းပြီး အငြင်းခံလိုက်ရခြင်းပါပဲ။ ငါ့ကို နောက်ရော သစ္စာရှိပါ့မလားလို့ စိုးရိမ်တာလည်း ပါမယ်လို့ ထင်မိသည်။

ထိုဇတ်လမ်းထဲက မိန်းကလေးမှာ အမှန်တော့ အမေရိကန်နိုင်ငံတွင် နေပါက သမ္မတကတော် ဖြစ်ချင်လည်း ဖြစ်လာလိမ့်မည်။ ဘာလို့လည်းဆိုတော့ သူ့ အပြုအမူက ထိုအသိုင်းအဝိုင်း ထဲမှာဆို ဗိုင်းကောင်းကျောက်ဖိကလေးဟု ပြောရမည့် လူတောင် ဖြစ်ချင် ဖြစ်နိုင်သည်။ စာရေးသူလည်း အမေရိကန်နိုင်ငံ အကြောင်း မသိပါ။ ရုပ်ရှင်နဲ့ စာအုပ်အချို့က ဖိုမဆက်ဆံမှု အလွန်လွတ်လပ်သည်ဟု ပြောတုန်းက ဝါဒဖြန့်တာတွေဟု ထင်ခဲ့သည်။ အခု တကယ်နေတဲ့လူတွေ အပြောအရတော့ ကိုယ့် ပစ္စည်းနဲ့ကိုယ် ကာမအရသာ ခံစား စံစားတာ လူသားဆန်ခြင်း ဖြစ်ကြောင်းပါဟု အယူရှိကြသည် ဆိုတော့ စာအုပ်ထဲကအတိုင်း ဟုတ်နေမည် ထင်သည်။

ထိုမိန်းကလေးရဲ့ အပြုအမူမှာ အမေရိကန်နိုင်ငံမှာဆို ဘာမှမဟုတ်။ ဘယ်သူမှ သတိထားမိမှာ မဟုတ်သည့်အပြင် ရှာမှရှားသူလေးဟုပင် ဖြစ်လာစရာရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆိုခဲ့ပြီးသည့် အတိုင်း ပေါ်ပေါ်ထင်ထင် ကာမအရသာ ခံစား စံစားနေသူများကြားတွင် သူက တွဲရုံပဲ တွဲခဲ့သည်ကိုး။

ဒါပေမယ့် ပတ်ဝန်းကျင်က ထားသည့် တန်ဖိုးချင်းမတူ။ ဒီတော့ ခံရပြီ။ ပြောလို့တော့ ရချင် ရနိုင်သည်။ ယောကျာင်္းလေးများ မှားသည်။ တွဲတုန်းက တွဲပြီး ဒီလိုတော့ မလုပ်သင့်။ မြန်မာ့စနစ်က မှားသည်။ အမေရိကန်စနစ်က မှန်သည်။ ဒါပေမယ့် ဒါတွေက ကာယကံရှင်အတွက်တော့ ဘာမှ မဟုတ်တော့။ လက်တွေ့ကတော့ သူ စိတ်ကူးယာဉ် မျှော်လင့်ခဲ့သည်များ မဖြစ်နိုင်တော့ပြီ။ သူ နစ်နာရပြီ ဆိုသည့် အချက်ကို သိစေလိုခြင်း ဖြစ်သည်။

စာရေးသူ အမြင်အရ ထိုမိန်းကလေး သတိလွတ်သွားသည်မှာ သူ ရွေးချယ်ထားသော ယောကျာင်္းလေးများမှာလည်း အားသာချက် ကိုယ်စီရှိသူများ ဖြစ်ရာ သူတို့ဘက်ကလည်း သူတို့ ဇနီးလောင်းအတွက် စံများ ရှိမှာသေချာသည်။ ထိုစံများထဲတွင် အရှုပ်အရှင်း ကင်းသူဖြစ်ရေး ဆိုတာကလည်း ပါခဲ့မည် ထင်သည်။

စာရေးသူ အနေနဲ့ မိန်းကလေးများကို အကြံပြုချင်သည်မှာ လက်မထပ်ခင် လိင်ကိစ္စကို ရှောင်ပါတို့ ဘာတို့ ပြောလိုခြင်းမဟုတ်။ စဉ်းစားကြည့်ပြီး ကိုယ့်ကို နောက်ပိုင်းတွင် နစ်နာစရာ ဖြစ်လာနိုင်သည်ဟု စဉ်းစားမိလျှင် သတိထားဖို့သာ ဖြစ်သည်။

အမှန်မှာ သမီးရည်းစား သက်တမ်းနည်းနည်း ကြာပြီး တယောက်နဲ့ တယောက် ရင်းနှီးမှု ပိုလာသော အချိန်တွင် လိင်ကိစ္စ ဖြစ်လာစရာရှိသည်။ ယောကျာင်္းလေးများရဲ့ တောင်းဆိုမှုလို့ ပြောနိုင်ပေမယ့် အမှန်တော့ မိန်းကလေး ကိုယ်တိုင်ကလည်း ထိုအချိန်တွင် စိတ်ယိုင်နေပြီ ဖြစ်သည်။ နစ်နာစရာရှိလျှင် ယောကျာင်္းလေးထက် မိန်းကလေးဘက်က နစ်နာမှု ပိုများသဖြင့် အတတ်နိုင်ဆုံး ဆင်ခြင်ပါဟုသာ တိုက်တွန်းလိုပါသည်။

မိန်းကလေးများ အနေနဲ့တော့ ရည်းစားမထားခင် အတတ်နိုင်ဆုံး သေသေချာချာ အကဲခတ်ပြီးမှတွဲ ခရီးလွန်ချင်သည်ဆိုလည်း ကိုယ့်ကို ယူဖို့ သေချာသလားဆိုတာ အကဲခတ်ပြီးမှလွန်ကြ။ မလွန်အောင် ထိန်းနိုင်ရင်တော့ ပိုကောင်းသည်လို့ စာရေးသူ ထင်ပါသည်။ စီးပွားရေးသမားတွေ ပရိုမိုးရှင်းဆိုပြီး မြှောက်ပေးတိုင်း စင်ပေါ်တတ်ပြီး ဒါကျမ ချစ်သူပါပဲဆိုပြီး အော်တော့မည်ဆိုရင်တော့ စဉ်းစားဦး။ သေချာရဲ့လားလို့။ ဒီသကောင့်သားနဲ့ အဆင်မပြေတော့ဘူး ဆိုရင် ဒါက သမိုင်းကျန်ရစ်ပြီ ဖြစ်သည်။

တကယ်လို့ မတတ်သာပြီ ဆိုလျှင်တော့ အတတ်နိုင်ဆုံး သိုသိုဝှက်ဝှက်သာ လုပ်ပေတော့ဟု အကြံပေးလိုသည်။ ဘယ်လောက်ပဲ လျှို့ဝှက်သည်ဆိုဆို ဒီလို ကိစ္စမျိုးကတော့ ပေါ်လာတတ်သည် ဖြစ်ရာ သိပ်တော့ စိတ်မချရဟု ထင်ပါသည်။

တချို့က နိုင်ငံခြားမှာ ဒီလို လုပ်တဲ့ မြန်မာမလေးတွေ အိမ်ထောင်ဖက်ကောင်း ရပါတယ်ဆိုတာနဲ့ မယုံလေနဲ့။ အသိုင်းအဝိုင်းချင်း မတူသဖြင့် သူ့အရပ်နဲ့ သူ့ဇတ်။ တကယ်လို့ ကိုယ်က ဒီလို နေချင်သည် ဆိုလျှင်တော့ အဲဒီနေရာရောက်အောင် အမြန်ဆုံးကြိုးစား။ ဒါမှမဟုတ် မြန်မာပြည်မှာလည်း အဲဒီလို အတွေးအခေါ်မျိုးတွေ အားလုံး ရှိလာတဲ့အထိ ဘာမှ မလုပ်ပဲ စောင့်နေပေါ့။ အထက်ပါအတိုင်း မလုပ်နိုင်သေးဘူး ဆိုရင်တော့ ကိုယ်နေရာတဲ့ နေရာက သတ်မှတ်ထားတဲ့ စံနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင်နေဟု ဆိုရန်သာ ရှိပါသည်။

စာရေးသူ အထင်တော့ မြန်မာယောကျာင်္းလေးများ အရှုပ်အရှင်းကင်းသူ မိန်းကလေးကို ပိုနှစ်သက်သည့်စံမှာ တော်တော်နဲ့ ပြောင်းမှာမဟုတ်လို့ ထင်သည်။ ဘာလို့လည်းဆိုတော့ ဒါက ဘယ်အစိုးရမှ ဥပဒေ ပုဒ်မကြီးနဲ့ သတ်မှတ်ထားတာ မဟုတ်။ လူက ကိုယ့်ဘာသာကိုယ် အတွင်းစိတ်ထဲမှာ သတ်မှတ်ထားသည့် စံဖြစ်ရာ ဘယ်သူမှ အတင်းအကျပ် ပြောင်းလို့ မရပေ။ လက်ရှိ လူပျိုပေါက် ဖြစ်နေသူ ကောင်လေးများကို တောက်ကြည့်တော့လည်း သူတို့ ဒီစံနှုန်းကို ဒီအတိုင်း လက်ခံထားဆဲ ဆိုတာ သိလိုက်ရသည်။ ဒါဆို လာမည့် နှစ်ပေါင်း နှစ်ဆယ်အတွင်းတော့ ပြောင်းမှာမဟုတ်လို့ တွက်နိုင်ပြီ ဖြစ်သည်။

ယောကျာင်္းလေးများက ထိုစံနှုန်းအတိုင်း လက်ခံထားဆဲ ဆိုလျှင် သားရှင်မိဘများလည်း ထိုစံနှုန်းကို ကိုင်ထားမည်မှာ သေချာသည်။ ဘယ်သူမှ ကိုယ့်သားကို အရှုပ်အရှင်းမကင်းသည့် မိန်းကလေးနဲ့ လက်ထပ်တာကို သဘောကျတော့မှာ မဟုတ်။ ကန့်ကွက်တော့မှာ သေချာသည်။

ပြောလို့တော့ ရသည်။ ဒါက ယောကျာင်္းမိန်းမ တန်းတူညီမျှမှု မရှိတာ သက်သက် မတရားတဲ့ ကိစ္စလို့ ထင်စရာရှိသည်။ ထိုသို့ ဖြစ်လာစေသော အကြောင်းများ ရှိပါသည်။ သေသေချာချာ မစဉ်းစားမိလို့ ဖြစ်ပါလိမ့်မည်။ အခု ပြောမည့် အချက်များသည် ဘယ်စာအုပ်ထဲတွင်မှ စာရေးသူ မဖတ်ဖူးပါ။ စဉ်းစားမိသည်တို့ကို ရေးခြင်း ဖြစ်ပါသည်။ ရေးရတာ ဝန်လေးလေးနဲ့ ရေးခြင်း ဖြစ်ပါသည်။ မြန်မာ မိန်းကလေးများ ထိုအချက်ကို မစဉ်းစားမိဟုတောင် ထင်ပါသည်။ ဘာလို့ ယောကျာင်္းလေးတွေက အပျိုစစ်စစ် ဖြစ်မှလို့ တောင်းဆိုခွင့် ရှိနေရတာလည်း ?။ စဉ်းစာလို့ မရရင် ဆက်ဖတ်ကြည့်ပါ။

ပထမဆုံး အချက်မှာ လစ်ဗင်းတူဂဲသားကို လက်ခံလိုသော အဖွဲ့၏ အကြောင်းပြချက်များကို ဖတ်ကြည့်သောအခါ သမီးအတွက် အားကိုးလောက်စရာ ရှာရမည်ဆိုသော အချက်ကို သွားတွေ့သည်။ အဓိက လိုချင်သည်မှာ သမီးအတွက် ဘဝလုံခြုံမှုပေးရန် (ဝါ) ချမ်းချမ်းသာသာ ထားနိုင်ရန် ဖြစ်သည်။ ခိုင်းနွားကောင်းကောင်း ရှာရမယ် ဆိုတဲ့ သဘောတောင် ပါပါသည်။ မြန်မာအမျိုးသမီး အများစု ခင်ပွန်းရွေးတာလည်း ထိုစံကိုပင် အဓိက ကိုင်ပါသည်။

စာရေးသူ နားလည်သလောက် မြန်မာအမျိုးသမီး အများစုမှာ ကိုယ်ဘယ်လောက် ချမ်းသာသည် ဖြစ်ဖြစ် ပညာတတ်သည် ဖြစ်ဖြစ် လင်ယောကျာင်္းအပေါ် မှီခိုလိုသော သဘောထား အပြည့် ရှိပါသည်။ မိန်းမပီသသော စိတ်ထား ဖြစ်သဖြင့် စာရေးသူ သဘောတောင် ကျမိပါသည်။

စာဖတ်နေသော မြန်မာမိန်းကလေးများ ခဏရပ်ပြီး ဟုတ် မဟုတ် စဉ်းစားကြည့်ပါ။ အားကိုးရချင်လို့ ယောကျာင်္းယူတာလို့တောင် ပြောတတ်ကြပါသည်။ အိမ်ထောင်ရှိပြီးသား အမျိုးသားများလည်း စဉ်းစားကြည့်ပါ။ ကိုယ့်ဇနီးသည်က ကိုယ့်ကို အားကိုးလို့ ယူတာ ဟုတ် မဟုတ်။ ထို အားကိုးချင်သော အဓိပ္ပါယ်ပါသော စကားမျိုးကို တကြိမ် သို့ နှစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ် ပြောဖူးပါလိမ့်မည်။ စကတည်းက အိမ်ထောင်အတွက် ငွေရှာပေးရေး ဆိုသော အရေးကြီးသည့် တာဝန်ကြီးကို အမျိုးသားများ လက်ထဲ ထည့်လိုက်ပေပြီ။

အဲဒီမှာ စတာပါပဲ။ ကိုယ်က သူ့ကို ကိုယ့်စံနှုန်းနဲ့ အကဲဖြတ်မှတော့ သူကလည်း သူကိုင်ထားသော စံနဲ့ ပြန်ကြည့်ပါတော့မည်။

စဉ်းစားကြည့်ပေါ့ ခင်ဗျာ။ အိမ်ထောင်ရေးမှာ တခါတရံ အရောင်းအဝယ် သဘောလည်း ပါပါသည်။ ကိုယ်က တဘက်လူကို ကိုယ့်ကုန်စည်ကို ဈေးနှုန်းမြင့်မြင့် ထားလိုက်ကတည်းက တဘက်လူကလည်း သူ့စံ သူ့အကြိုက်နဲ့ ညီ မညီ ကြည့်ခွင့် ရသွားပါပြီ။ ကိုယ်က ဈေးနှုန်း မြင့်မြင့်တောင်းရင် တဘက်လူကလည်း ပေးရတာ တန်ရဲ့လား ဘရန်းဒက် စတန်းဒက်ရော ဟုတ်ရဲ့လား ဘရန်းနယူးရော ဟုတ်ရဲ့လား good second-hand ခေါ် သုံးပြီးသားပစ္စည်းကို သူ့ကို အသစ်ပုံစံနဲ့ ညာရောင်းနေတာလား လားပေါင်းများစွာနဲ့ ကြည့်မှာ သေချာသည်။

ရော့ ဒီ Laptop က ဘရန်းဒက် စတန်းဒက် အမှန်ပါပဲ။ ဒါပေမယ့် ခြောက်လလောက်တော့ သုံးပြီးပါပြီ။ အားလုံးကောင်းပါသေးတယ်။ အသစ်ဈေးတော့ ပေးပါလို့ တောင်းရင် ဝယ်သူက ပေးမည် ထင်ပါသလား ခင်ဗျာ။ လုံးဝမရပါ။ တပတ်ရစ်ဈေးသာ ရလာစရာ ရှိပါသည်။

အမှန်တော့ စာရေးသူ အနေနဲ့ မြန်မာမိန်းကလေးများ ခင်ပွန်းသည်ကို အားကိုးချင်စိတ်ကလေး ရှိတတ်ကြသည်ကို အပြစ်မတင်ပါ။ သဘောတောင် ကျမိပါသည်။

ဆိုလိုချင်သည်က မြန်မာမိန်းကလေးများ အတွက် ဘဝ လုံခြုံမှုပေးနိုင်သော အိမ်ထောင်ဖက် ဆိုသည်မှာ အဓိက စံဖြစ်သကဲ့သို့ ယောကျာင်္းလေးများအတွက်လည်း တတ်နိုင်သမျှ အရှုပ်အရှင်းကင်းသော မိန်းကလေးကို လိုချင်သည်မှာ အဓိကစံ ဖြစ်နေပါသည်။

နိုင်ငံခြား အမျိုးသမီးများတော့ စာရေးသူ မသိပါ။ ကြားဖူးတာတော့ ကိုယ်ပိုင် ဘဏ်ကဒ်ဖြင့် နေကြသည်လို့ ကြားဖူးပါသည်။ သူ့ကဒ်ကို ခင်ပွန်းလည်း ထိလို့မရ။ ခင်ပွန်းသည်၏ ဘဏ်ကဒ်ကိုလည်း သူမထုတ်လို့ ကြားဖူးပါသည်။ ဒီအတိုင်း အမှန်ဆိုရင် သူတို့ ကြည့်ရတာ လင်ယောကျာင်္းကို မြန်မာမိန်းကလေးတွေလောက် အားမကိုးသလို မှီလည်း မမှီခိုပဲ ဟိုဟိုဒီဒီ ကိစ္စများအတွက် အဖော်အဖက်လောက်ပဲ သဘောထားသလားတောင် မသိပါ။ ဒီတော့ သူတို့ ယောကျာင်္းကလည်း သူတို့ဆီမှ တောင်းဆိုခွင့် နည်းသွားပါပြီ။

မြန်မာအမျိုးသမီးများကျတော့ လက်ထပ်လိုက်တာနဲ့ အိတ်ကိုင် အခွင့်အရေး ခေါ် နိုင်ငံခြားသားများပင် အံ့သြသော ခင်ပွန်းသည်၏ ဝင်ငွေများကို ထိန်းချုပ်ပိုင်ခွင့် တရားဝင် ရသွားပါပြီ။ နိုင်ငံခြားရှိ ပညာတတ် မြန်မာမိန်းကလေးများပင် ခင်ပွန်းသည်၏ ဘဏ်ကဒ်ကို ထိန်းချုပ်သည်ကို တွေ့ဖူးပါသည် ခင်ဗျာ။ ဆိုတော့ နိုင်ငံခြားက စနစ်တွေကိုချည်း လှမ်းကြည့်မနေနဲ့။ ကိုယ်တိုင်လည်း နိုင်ငံခြားက လူတွေနဲ့ ကွာသော အနေအထားများ ရှိတာကို သဘောပေါက်စေချင်တာသာ ဖြစ်သည်။

အိမ်ထောင် မကျခင် လိင်ကိစ္စကို ပေါ်ပေါ်ထင်ထင် လုပ်တာကတော့ မြန်မာမိန်းကလေးများ အတွက် တချိန်တွင် အန္တရယ် ဖြစ်လာနိုင်ကြောင်း သိသာလောက်ပါပြီ။

LT ကိစ္စကို ဆက်ပြီး စဉ်းစားကြည့်လျှင် မင်္ဂလာမဆောင်ပဲ အတူနေကြသည် ဆိုပါစို့။ မြန်မာ့ထုံးစံအရ အသိသက်သေ ရှိသည်နဲ့ လင်မယားအရာ မြောက်ပြီ ဆိုသဖြင့် ငွေရေးကြေးရေးအရ မင်္ဂလာပွဲ မလုပ်သေးပဲ လင်မယား အဖြစ်နေသည် ဆိုပါစို့။ တကယ်တော့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပလိုသည်မှာ ယောကျာင်္းလေး မဟုတ်ပဲ မြန်မာမိန်းကလေးများ ဖြစ်ပါသည်။ ဟုတ် မဟုတ် ပြန်စဉ်းစားကြည့်ပါ။ အိမ်ထောင်ကျဖူးသော အမျိုးသားများလည်း သိမည် ထင်ပါသည်။ ဘာလို့လည်းဆိုတော့ မြန်မာ့ထုံးစံအရ ကုန်ကျငွေကို ယောကျာင်္းလေးဘက်က ကျခံရသဖြင့် ခမ်းခမ်းနားနား လုပ်လိုသည်မှာ မိန်းကလေးဘက်ကသာ ဖြစ်လေ့ ရှိပါသည်။ တခါတရံ တသက်မှာ တခါ အိမ်ထောင်ပြုရတာမို့ ဒီလောက်တော့ လုပ်မှာပေါ့ ဆိုတာတောင် ပြောတတ်သေးသည်။

အဲဒီ မင်္ဂလာပွဲ မလုပ်ချင်တဲ့ ကိစ္စကတော့ မိန်းကလေးဘက်က သိပ်ပြီး အတင်းအကျပ်ဆိုလျှင် အမျိုးသားများဘက်မှ ငြင်းမှာ မဟုတ်လို့ ထင်ပါသည်။ မိန်းကလေးများ ဘက်ကလည်း ကိုယ့်ကိုကိုယ် ထိုကဲ့သို့ ဖြစ်စေချင်သလားဟု စဉ်းစားကြည့်နိုင်သည်။ စာရေးသူတော့ မထင်မိပါ။ ကိုယ့် မင်္ဂလာပွဲကို အပေါင်းအသင်း ဆွေမျိုးများကြားတွင် ထည်ထည်ဝါဝါ လုပ်လိုခြင်းဟူသော စံမှာ မြန်မာမိန်းကလေးများ စိတ်ထဲတွင် ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ပါသည်။ တကယ် ထိုအစီအစဉ် လုပ်ဖြစ်လျှင် ကန့်ကွက်သူမှာ မိန်းကလေးများ ပိုများနိုင်ပါသည်။

ယခု ပြောလိုသော အချက်များသည် မြန်မာပြည်တွင်နေသော မိန်းကလေးများ အတွက်သာ ဖြစ်ပါသည်။ နိုင်ငံခြားမှာ နေရသည် ဆိုလျှင်လည်း မြန်မာပြည်က ဆွေမျိုးအသိုင်းအဝိုင်းနဲ့ မကင်နိုင်သူများလည်း ပါပါသည်။

ထိုကဲ့သို့ လင်မယား အနေနဲ့ မဟုတ်ပဲ အစမ်းသဘော ပေါင်းသင်းကြည့်မည် ဆိုပါတော့။ ဒါလည်း သိပ်တော့ မထင်လှပါ။ ဆိုခဲ့သည့်အတိုင်း သေသေချာချာ လေ့လာနိုင်သည် ဟူသော အားသာချက်တော့ ရှိပါသည်။ အတူနေကြည့်ပြီး လေ့လာနိုင်သည် ဆိုသဖြင့် ရည်းစားဘဝ လေ့လာမှုများ မလုပ်တော့ဟု စဉ်းစားကြည့်ပါ။ ထိုအစီအစဉ် လုပ်လျှင် တကယ် ရင်ပူရမှာက မိန်းကလေးဘက်က ပိုများပါသည်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားတွင် ကိုယ်မကြိုက်သော အချက်များတွေ့လို့ သူနဲ့ လမ်းခွဲလိုက်ပြီ ဆိုပါတော့။

သို့ဆိုလျှင် မြန်မာ့လူဘောင် စံနှုန်းအရ ထိုမိန်းကလေးမှာ တခုလပ် တလင်ကွာ အဖြစ်သာ သတ်မှတ်ခံရပါတော့မည်။ လူတယောက်နဲ့ ခြောက်လလောက် တနှစ်လောက် အတူတူနေတာကိုလည်း ပတ်ဝန်းကျင်က မသိအောင် အပေါင်းအသင်းတွေ မသိအောင် အုပ်ဖို့ မဖြစ်နိုင်ပါ။ တန်ဖိုး လျော့သွားပါပြီ။

နားနဲ့မနာ ဖဝါးနဲ့နာပါ ခင်ဗျာ။ သားအိမ်မကလို့ ဘာပဲ ခြစ်ထုတ် ခြစ်ထုတ် အကြောင်းမထူးတော့ပါ။ မှတ်တမ်းဝင်သွားပါပြီ။

ဘယ်လိုမှ သူ နောက်တကြိမ်တွင် မျှော်လင့်သော အိမ်ထောင်ဖက်ကို ရဖို့ မလွယ်တော့ပါ။ ဆိုပါတော့ နောက်တခါဆိုလျှင် ချမ်းတော့ ချမ်းသာမည်။ သို့သော် အသက်ကြီးသော မုဆိုးဖို ယောကျာင်္းကြီး ကိုယ့်မိဘထက်ပင် အသက်ကြီးသေးသည် ဆိုတာမျိုး ဖြစ်လာစရာ ရှိပါသည်။ ထိုသို့ ဖြစ်လျှင် နှစ်သက်ပါ့မလား ကိုယ့်ကိုကိုယ် ပြန်မေးနိုင်ပါသည်။

စာရေးသူကတော့ မြန်မာမိန်းကလေးများ အတွက် တွဲမယ့် ရည်းစားကို မတွဲခင်ကတည်းက သေသေချာချာရွေး ရည်းစားဘဝမှာလည်း အတတ်နိုင်ဆုံး အကဲခတ် သေချာပြီဆိုလျှင် မိဘကိုပါ အကဲခတ်ခိုင်းပြီး ယူတဲ့ စနစ်က ရာခိုင်နှုန်းပြည့် စိတ်မချရ ဆိုပေမယ့် LT စနစ်ထက်တော့ မြန်မာ မိန်းကလေးများအတွက် လုံခြုံမှု ပိုပေးနိုင်ဆဲလို့ ထင်ပါသည်။

အမှန်တော့ စာရေးသူ စိတ်ထင် အိမ်ထောင်ရေးမှာ အလောင်းအစား သဘောလည်းပါပြီး(၂၀ ရာခိုင်နှုန်းခန့်)  ရာနှုန်းပြည့် စိတ်ချရဖို့တော့ မလွယ်ဟု ထင်ပါသည်။

တကယ်က လူ့သမိုင်းတွင် လက်ထပ်မှုနဲ့ ပက်သက်ပြီး လူမျိုးနဲ့ နေရာဒေသအလိုက် စံအမျိုးမျိုး ရှိသည်။ ကိုယ့်ဘာသာကြိုက်လို့ယူတာ ကိုယ်ကြိုက်တာကိုပဲ မိဘကပါ ဝိုင်းအကဲဖြတ်ပြီး ယူတာ မိဘရွေးပေးတာကိုပဲ စိတ်ချလက်ချ ယူတာ အခု ပြောသွားသလို အစမ်းသဘော ပေါင်းကြည့်ပြီးမှ ယူတာ အပြင် နောက်ထပ်လည်း တကယ် လေ့လာရင် စံနှုန်း မြောက်မြားစွာ ရှိသေးသည်။

အမှန်မှာ စနစ်တိုင်းတွင် ကောင်းကွက်များ ဆိုးကွက်များ ရှိပြီးသား ဖြစ်သည်။ ပိုသိသာအောင် လစ်ဘရယ် ဒီမိုသမားများ ကြိုက်မည် ထင်ရသော စနစ်တချို့ကိုလည်း တင်ပြပါမည်။ ရှေးရိုးစွဲအဖွဲ့ကတော့ ရိုးရိုးပဲ ရှေးတုံးက သူတို့ လူ့အဖွဲ့အစည်းက လုပ်ခဲ့သော စည်းကမ်းများအတိုင်း သွားမည်ဟု ဆိုချိန်တွင် လစ်ဘရယ် အုပ်စုအနေနဲ့က ယာဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာ ခေါက်ထားပြီး ကိုယ့်အတွက် စီးပွားရေးအရ အခြားအချက်များအရ အဆင်ပြေရင်တော့ ထုံးစံမရှိလည်း ကျင့်သုံးမယ်ဆိုတာက ထင်ရှားလို့ ဖြစ်သည်။ အခု တင်ပြမည့် စနစ်များကတော့ ရှေးရိုးစွဲအဖွဲ့က ဗဟုသုတ အနေနဲ့သာ ဖတ်ပြီး လစ်ဘရယ်ဒီမို အဖွဲ့ကတော့ သုံးသင့် မသင့် စဉ်းစားဖို့ ဖြစ်သည်။

စာရေးသူကတော့ လုံးဝ မသုံးပါ။ တကယ့်ကို ကွန်ဆာဗေးတစ် တဦး ဖြစ်သည်။ အောက်ဖော်ပြပါ စနစ်ကို လစ်ဘရယ် ဆိုသူများ နှစ်သက်လိမ့်မည် ထင်ပါသည်။

ကိုယ်ကျင့်တရားစံနှုန်းများတွင် လူ့အဖွဲ့အစည်း တခုနဲ့တခု မတူတတ်သဖြင့် အလွန်လည်း ကျယ်ပြန့်သလို တခါတရံ ဘယ်သူက မှန်တယ်ဆိုတာ ပြောရခက်သည်။ လူအများ အသိနည်းသေးသော အခြား အိမ်ထောင်ရေးစနစ် တခုမှာ မိန်းမတဦးတည်းက လင်များစွာယူသော ပိုလီယန်ဒရီ(Polyandry) စနစ်ဖြစ်သည်။ ထိုစနစ်ကို တိဗက် အိန္ဒိယတောင်ပိုင်းနဲ့ အက်စကီမိုးတို့ နေထိုင်ရာ ဒေသများတွင် ကျင့်သုံးခဲ့သည်။ ကလေးတဦးသည် အဖေတယောက်ထက်ပိုပြီး ရှိနိုင်ခွင့် ရှိသည်ဆိုသော အဖွဲ့အစည်းများတွင် ထွန်းကားခဲ့သည်။

ကောင်းကွက်များကိုသာ ရှာကြည့်မည်ဆိုလျှင် ဒီစနစ်တွင်လည်း ကောင်းသော အချက်များကို တသီကြီး တွေ့ရသည်။

ပထမအချက်မှာ မိန်းကလေး တဦးသည် လင်ယောကျာင်္း များစွာ ရှိသဖြင့် တယောက်တည်း အပေါ် မှီခိုနေရခြင်းမှ လွတ်ကင်းစေသည်။ ငွေရေးကြေးရေးအရ အထောက်အပံ့များကို ပိုပြီး ရရှိစေသည်။ အိမ်ထောင်အတွက်လည်း ပြည့်စုံစေသည်။

ဒုတိယမှာ မွေးလာသော ကလေးသည် အဖေများစွာ ရှိသဖြင့် ထောက်ပံ့မယ့်လူ များစွာရှိသည်။ မပူမပင်ရပေ။ အဖမဲ့သားဟု အပြောဆို ခံရစရာ အကြောင်းလုံးဝ မရှိပေ။

တတိယမှာ လူဦးရေကို ထင်သလို အတိုးအလျှော့ ပြုလုပ်နိုင်သည်။ အထူးသဖြင့် တရုတ်ပြည်လို မိန်းကလေးရှားပါးသော နိုင်ငံများနဲ့ ဒီစနစ်မှာ အလွန်သင့်တော်သည်။ မိန်းကလေးတဦးလျှင် လင်ယောကျာင်္း ငါးယောက်နဲ့ အထက် တာဝန်ယူထားသဖြင့် တရုတ်ပြည်လို နိုင်ငံမျိုးတွင် အမျိုးသားများ အိမ်ထောင်ဖက် ရှားပါးခြင်း သူများနိုင်ငံမှ မိန်းကလေးများကို ပြန်ပေးဆွဲသလို တင်သွင်းရလို့ နာမည်ပျက်ခြင်း စသည်များ လုံးဝ မဖြစ်နိုင်။

နောက်ပြီး လူဦးရေ များသော နိုင်ငံများတွင် အမျိုးသားတဦးလျှင် တအိမ်ထောင်လုပ်ပြီး ကိုယ်ပိုင် သားသမီး မွေးကြပါက တအိမ်ထောင် နှစ်ယောက်ဆိုရင်တောင် ငါးအိမ်ထောင်ဆို ဆယ်ယောက်လောက် ဖြစ်သွားပြီ။ လူဦးရေ ပေါက်ကွဲမှု ဖြစ်မည်။ အခုဆို အမျိုးသား ငါးယောက်လောက်ကို တအိမ်ထောင် ဖြစ်သဖြင့် ကလေးနှစ်ယောက်လောက် မွေးပြီး အဖေငါးယောက် ဆိုပါက နှစ်ဦးနှစ်ဘက် အဆင်ပြေမည်။

လူဦးရေ လိုအပ်နေသလား။ ဒါဆိုလည်း လင်ယောကျာင်္းတိုင်း အတွက် သီးသန့်ကလေးများ မွေးလို့ရသည်။ ဒီခေတ်မှာ ဆေးပညာ တိုးတတ်နေသဖြင့် ထုံဆေး ထိုးထားပါက ကလေးမွေးရင်းပင် ဖုံးပြောလို့ ရနေပြီ ဖြစ်သည်။

လိင်ဆက်ဆံဖက်များလို့ ရောဂါဖြစ်မှာ ကြောက်ပါသလား။ ကာကွယ်ဆေး ထိုးထားရုံနဲ့ သားအိမ်ခေါင်းကင်ဆာ လုံးဝမဖြစ်နိုင်။ တသိန်းလောက် အကုန်ခံလိုက်ရင် ရပြီ ဖြစ်သည်။

နောက်တချက်မှာ အမျိုးသားများ ရည်းစားလုဘက် ဖြစ်ပြီး မုန်းကြသည် ဆိုတာမျိုး လုံးဝ မဖြစ်နိုင်။ အတူနေ အတူစား ညီလေး အကိုကြီး စနစ် ဖြစ်သဖြင့် အမျိုးသား စည်းလုံညီညွှတ်မှုကို တည်ဆောက်ပြီးသား ဖြစ်သည်။

နောက်တချက်မှာ လူ့အခွင့်အရေးနဲ့ တကယ်ကို ညီညွှတ်သည်။ အမျိုးသမီးများ ကိုယ့်ခန္ဓာနဲ့ကိုယ် သုံးစွဲ ခံစားသည်ကို မည်သူကမျှ ပိတ်ပင်လို့ မရပေ။

ဖတ်ကြည့်ပြီး မည်သို့ နေပါသနည်း။ ကောင်းကွက်များ တွေ့သဖြင့် သုံးသင့်သည်ဟု ထင်ပါသလား။ ကွန်ဆာဗေးတစ်များ သုံးမည် မဟုတ်သည်မှာ သေချာသည်။

နောင်တွင် ဒီစနစ် ကောင်းလှသဖြင့် သမီးလေး အရွယ်ရောက်ရင်တော့ ပိုလီယန်ဒရီ စနစ်ကို ကျင့်သုံးစေမည် ဆိုသည့် လစ်ဘရယ် သမီးရှင်များ ထွက်လာလိမ့်မည် ထင်ပါသည်။

ဆိုလိုသည်မှာ ကိုယ်ကျင့်တရားစံများ မတူသည်ကို သိစေလိုခြင်းသာ ဖြစ်ပါသည်။ သူများ ကျင့်သုံးတယ်ဆိုတိုင်း ကိုယ်ကျင့်သုံးလို့ မရတာကို သိစေလိုခြင်း ဖြစ်ပါသည်။ ဖတ်ကြည့်ပြီး အတွေးပွားကာ အချင်းများကြပါကုန်။

About San Hla Gyi

San Hla Gyi has written 21 post in this Website..