ဆရာမ ဂျူးက ပြောဖူးတယ်…

“အချစ်ဆိုတာ ဒီလိုလား..ဘီယာလိုပဲ…ခါးတယ်နော်…”တဲ့

အချစ်ဆိုတာ.. ဘီယာတစ်ခွက်လို ခါးသက်သက်လား…

အချစ်ဆိုတာ.. ဝိုင်တစ်ခွက်လို ရှတတ ယစ်မူးစရာလား…

အချစ်ဆိုတာ.. ပန်းသီးတစ်လုံးလို ချိုမြိန်လား…

မျက်မမြင်ပုဏ္ဏားတွေ ဆင်ကိုစမ်းသလို လူတွေဟာ သူ့ဟာသူနေနေတဲ့အချစ်ကို သူတို့ကြုံခဲ့၊ ခံစားခဲ့ဖူးတဲ့ စိတ်ခံစားမှုပေါ်မူတည်ပြီး အဓိပ္ပါယ် ဖွင့်ကြတာပဲ မဟုတ်လား…

အချစ်ဆိုတာ …. ရယူတာ

အချစ်ဆိုတာ…. ပေးဆပ်တာ

အချစ်ဆိုတာ…အနစ်နာခံတာ

အချစ်ဆိုတာ.. ပိုင်ဆိုင်လိုခြင်း….

ကျွန်မအတွက်တော့ အချစ်ဆိုတာ အဲ့ဒီအရာတွေ တစ်ခုမှ မဟုတ်ခဲ့ဘူး…။ ကျွန်မသတ်မှတ်လိုက်တဲ့ ချစ်ခြင်းဆိုတာ “လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါသာဖြစ်ပေါ်နိုင်တဲ့ ဘာနဲ့မှ မတူတဲ့ စိတ်ခံစားမှုတစ်ခု”ပဲ…။ ဒါဟာလူတိုင်းလဲ ခံစားဖူးချင်မှ ခံစားဖူးမှာပါ…။ (၃၁)ဘုံလို့ ခေါ်တဲ့ ထိုထိုဘုံဘဝတွေမှာ ချစ်ခြင်းရသကို ခံစားခွင့်ရှိတာ လူဆိုတဲ့သတ္တဝါတစ်မျိုးပဲ ရှိတာမဟုတ်လားရှင်..။ ဒါတောင် တချို့လူတွေဟာ အဲ့ဒီရသကိုတောင် ဘာမှန်းမသိလိုက်ဘဲ ထင်ယောင်ထင်မှား စိတ်အတွေးတွေနဲ့ပဲ ဘဝကိုဖြတ်သန်းပြီး သေဆုံးသွားကြတယ်…။ လူတစ်ယောက်ဟာ ကိုယ့်ဘဝမှာ တခြားလူတစ်ယောက်ကို တစ်ခါလောက်တော့ နင့်နင့်နဲနဲ ချစ်ဖူးကြည့်သင့့်တယ် မဟုတ်လား..။ ဒါမှလဲ လူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ ချစ်ခြင်းရသကို ခံစားဖူးနိုင်ခဲ့မှာပေါ့လေ…။

ဒါဆို သူ့ကျေးဇူးတွေ ကျွန်မအပေါ် ဘယ်လောက်တောင် များလိုက်လဲ…..

ကျွန်မ သူ့ကို ချစ်တယ်…။ ဒါဟာ အချိန်ကာလနဲ့လဲ မဆိုင်ဘူး၊ ဒါဟာ နီးခြင်း ဝေးခြင်းနဲ့လဲ မဆိုင်ဘူး။ သူဟာ တခြားလူတွေထက် တစ်ခုခု ပိုမိုသာလွန်တဲ့ အရည်အချင်း…ဒါနဲ့လဲ မဆိုင်ပါဘူး…။ သူဟာ…သူဖြစ်နေခြင်းကသာ…….

ဖျတ်ခနဲပေါ်လာတဲ့ စိတ်ခံစားမှုတစ်ခုကသာ ဆရာငြိမ်းမင်းစကားကို ယူသုံး၇ရင် ကျွန်မအတွက် ထာဝရ ကို ဖြစ်စေတယ်…။

တစ်ခါတစ်လေမှာ သူ့ဆီက ကျွန်မပျော်ရွှင်ကျေနပ်စေမယ့် စကားမျိုးတွေ ရခဲ့ဖူးပါတယ်…။ ကျွန်မပျော်ပါတယ်…။ ကျွန်မ အရမ်း ပျော်တာပဲ…။ ဒါပေမယ့် ဒါတွေဟာ အခိုက်အတန့်ကာလတစ်ခုအတွက် အားနာညှာတာမှုများလားလို့ တွေးမိတော့ ကျွန်မတုန်လှုပ်မိပြန်ရော…..

ကျွန်မ သူ့ချစ်ခြင်းကိုရော မပိုင်ချင်ဘူးလားလို့ မမေးနဲ့…။ ပိုင်ချင်တာပေါ့ရှင်…။

သူ ကျွန်မကို Online ပေါ်တွေ့တဲ့အချိန် စ နှုတ်ဆက်တာလဲ သူ့ကို ဖြစ်စေချင်တယ်..

သူ့အတွေးထဲမှာလဲ ကျွန်မ အမြဲရှိစေချင်မိတယ်…။

ကျွန်မပြောတဲ့စကားတွေကိုလဲ လေးလေးနက်နက် နားထောင်စေချင်ပါတယ်….။

သူ တင်တဲ့ Status တွေဟာလဲ ကျွန်မနဲ့ ပတ်သတ်နေတာဆိုရင် သိပ်ကောင်းမှာပဲ….။

ဒါပေမယ့်… အဲ့ဒီအရာတွေ တစ်ခုမှ ကျွန်မ မရခဲ့ပါ…။

မျှော်လင့်တာနည်းရင်…မျှော်လင့်ချက်မဲ့တာ နည်းတယ်…။ ကျွန်မ သူ့ဆီက လိုချင်တာတွေများလာလို့ တောင်းဆိုမိတာတွေဖြစ်လာရင် သူစိတ်အနှောင့်အယှက်ဖြစ်သွားမလား…။ ဟင့်အင်း.. ဒါဆိုရင်တော့ ကျွန်မသူ့ကိုချစ်တာ ဘယ်ဟုတ်တော့မလဲနော်….။

ဆရာအတ္တကျော်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်…။ မိ်န်းခလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို ချစ်မိရင် နီးစပ်ဖို့တွေ၊ လက်ထပ်ဖို့တွေ မကြိုးစားပါနဲ့…။ သူလိုအပ်တာလေးတွေ ဖြည့်ဆည်းပေးတာကသာ ကိုယ့်အတွက် တစ်သက်လုံးစာ စိတ်ချမ်းသာမှုကို ဖြစ်စေတယ်…တဲ့..။ အိုးးးးးကျွန်မ စိတ်မကောင်းလိုက်တာ…။ ကျွန်မဆီမှာ ဒီလိုလုပ်နိုင်တဲ့အခွင့်အရေးလေးတောင်မှ ဘာလို့ မရှိရတာလဲ…။

သူ့ဘေးမှာ တခြားကောင်မလေးတစ်ယောက်ရှိတယ်…။ သူဟာ..သံယောဇဉ်ဆိုတဲ့စကားတွေကြားမှာ…၊ တစ်ယောက်အကြောင်းတစ်ယောက်သိဆိုတဲ့ အသိတွေကြားမှာ…၊ သူငယ်ချင်းတွေရဲ့ စေ့စပ်မှုတွေကြားမှာ.. သူတောင့်ခံထားနိုင်မှာလား..။ ကျွန်မ ရင်တွေ ပူလိုက်တာ…။ နောက်ထပ် ထပ်ဝန်ခံရရင် ကျွန်မလိုချင်သမျှ အခွင့်အရေးတိုင်းကို အပိုင်ရထားတဲ့ အဲ့ဒီကောင်မလေးနေရာ ကျွန်မ ဖြစ်ချင်တာလေ…။

အဲ့ဒါ သိတဲ့ညက ကျွန်မတစ်ညလုံး ငိုခဲ့တယ်…။ မျက်လုံးတွေ မို့ဖောင်းနေလို့ နောက်နေ့ ရုံးတက်ဖို့တောင် ခက်ခဲခဲ့တဲ့အထိပဲ….။

ကျွန်မ အချိန်တိုင်း သူ့အကြောင်းတွေးတယ်…။ ကျွန်မ သူ့အကြောင်းတွေးပြီး တခြားသူပြောတဲ့စကား မကြားခဲ့ဖူးတာလဲ ရှိတယ်..။ တခြားတစ်ယောက်ကို သူ့နာမည် အော်ခေါ်ခဲ့ဖူးတာလဲ ရှိတယ်..။ လစာ စာအိတ်ထဲထည့်ရမယ့် Pay Slip တွေကို စာအိတ်ပေါ်မှာ တော်တော်များတဲ့ထိ ကပ်ခဲ့ဖူးတာလဲ ရှိပါတယ်..။ ဒါပေမယ့် ကျွန်မ ပျော်ပါတယ်…။ သူနဲ့အတူဆိုတဲ့ စိတ်ကူးယဉ်မှုတွေ၊ သူနဲ့တွေ့ရင်ဆိုတဲ့ အိပ်မက်တွေ….အဲ့ဒီခံစားမှုတွေကလေ.. ငြိမ်ငြိမ်လေးနဲ့ ငြိမ့်ငြိမ့်လေး……။ ဒါပေမယ့်… သူပြောတဲ့..ရိုး ရိုး သား သား ဆိုတဲ့ စကားလေး ၄ လုံးကြားမှာပဲ ကျွန်မအိပ်မက်နန်းတော်လဲ ပြိုပျက်သွားတော့တယ်…။

ငယ်ငယ်က သူငယ်ချင်းတွေပေးတဲ့.. “ရေးပေးပါ” ဆိုတဲ့ စာအုပ်ထဲမှာ “သင်စိတ်အညစ်ဆုံးအချိန်” ဆိုတဲ့ နေရာမှာ ကျွန်မဖြည့်ခဲ့တာ “ကိုယ်လိုချင်တာ မရတဲ့ အချိန်”လို့…

ကျွန်မ သူ့ချစ်ခြင်းကို လိုချင်တယ်…

ကျွန်မ သူ့ဘေးနား နေချင်တယ်…

ကျွန်မ သူနဲ့ အေးချမ်းသာယာတဲ့ ဘဝလေးတစ်ခုမှာ ထာဝရအတူ ရှိချင်တယ်…။

အခု

ကျွန်မ စိတ်ညစ်နေပါတယ်…။

ရက်တွေများလာပြီး အိပ်မရတဲ့ ညတွေရှိလာတော့ ကျွန်မလုပ်သင့်တဲ့လမ်းစ တစ်ခုကို ရှာတွေ့လိုက်တယ်…။

ကျွန်မ သူ့ကို ချစ်ပါတယ်…။ ဒါကြောင့် သူ့ဆီက လိုချင်မှုတွေ၊ မျှော်လင့်မှုတွေကို ကျွန်မ တစ်ခုချင်း ဆုတ်ဖြဲပစ်လိုက်တယ်…။ အဲ့လို ဆုတ်ဖြဲပစ်လိုက်တဲ့ တစ်ချိန်တိုင်း ကျွန်မအသဲနှလုံးတွေလဲ ဆုတ်ပြဲသွားကြတယ်…။

ကျွန်မ သူ့ကိုချစ်ပါတယ်..။ ထာဝရ ကျွန်မသေသည်အထိချစ်မှာ…။ သူရည်းစားထားရင်လဲ ကျွန်မ သူချစ်တဲ့ကောင်မလေးကိုပါ ချစ်ပေးပါ့မယ်…။ သူ အိမ်ထောင်ပြုသွားရင်လဲ ကျွန်မ သူ့မိသားစုလေးကိုပါ ချစ်ပေးမှာပေါ့…။ ကျွန်မ သူ့ဆီက မျှော်လင့်မိတာရှိရင်တောင် သူပျော်ရွှင်နေဖို့၊  ဒီတစ်ခုလေးပါပဲ…။

မိန်းမခိုးပြေးတော့မယ့် သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုယ်ကို အားတင်းစာရေးတော့ ကျွန်မပြောဖူးတယ်…။ စစ်မရောက်ခင် မြှားမကုန်စေနဲ့လို့…။ ခုတော့ ကျွန်မမှာ ဘာမြှားမှ မရှိတော့ပါ…။

ငယ်ငယ်က သိခဲ့တဲ့ အသိတစ်ခုက ကိုယ်လိုချင်တာရှိရင် ကြိုးစားရင်.. ရကို ရတယ်..။ ဒါပေမယ့် သူဟာ ရုပ်ဝတ္ထုပစ္စည်းမဟုတ်သလို ဘွဲ့လက်မှတ်တစ်ခုလဲ မဟုတ်ပါ..။ ကျွန်မသိခဲ့တဲ့အသိမှာ သူဟာ ချွင်းချက်တစ်ခု ဖြစ်တယ်…။

ကိုယ်ချစ်တဲ့သူရဲ့ ဘေးမှာ နေခွင့်ရတဲ့ လက်ထပ်ခွင့်ရတဲ့သူတွေကို ကျွန်မ သိပ်အားကျတာပဲ….။ ကျွန်မလဲ ဖြစ်ချင်ပါတယ်…။ ဒါပေမယ့်လေ…

ကျွန်မ ချစ်တတ်သွားအောင် သူသင်ပေးခဲ့တာလေးတစ်ခုနဲ့တင်…ကျွန်မ သူ့ကို သိပ်ကျေးဇူးတင်တာပဲ………။………..။

 

ကောင်းကင်ပြာ

 

About Kaung Kin Pyar

Kaung Kin Pyar has written 49 post in this Website..