များသောအားဖြင့် ကိုယ့်အနေနဲ့ နိုင်ငံရေးစိတ်မဝင်စားတဲ့သူတွေကို ဝေဖန်တာ၊ အပြစ်တင်တာ လုပ်လေ့မရှိပါဘူး.. ဘာလို့လဲဆိုတော့ စိတ်ဝင်စားတယ်၊ မဝင်စားဘူးဆိုတာ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ဖြစ်ပြီး အဲ့ဒီအခွင့်အရေးကို သွားဝေဖန်ခွင့်မရှိဘူးလို့ယူဆထားလို့ပါ..

 

အခု ပုဒ်မ၄၃၆ ကိစ္စနဲ့ ပါတ်သတ်ပြီးလဲ ထောက်ခံတာ၊ ဆန့်ကျင်တာ၊ စိတ်မဝင်စားတာ၊ စိတ်ဝင်စားတာ ကိုယ်ပိုင်ရွေးချယ်မှုပဲ ဖြစ်လို့ ဝေဖန်ဖို့မရှိပါဘူး.. ဒါပေမယ့် နည်းနည်းပြောချင်တာ တချို့တော့ရှိတယ်.. ဆရာကြီးလုပ်တယ်ပဲဆိုပါတော့ (သူများမပြောခင် ကိုယ်ဟာကိုဦးအောင်ပြောထားရတာ)

 

ကျွန်တော်တို့ဆီမှာ ပြောနေ၊ကြားနေကြစကားက “သူများနိုင်ငံတွေဖွံဖြိုးတာကို အမှီလိုက်ဖို့ ကျွန်တော်တို့တွေ အများကြီးကြိုးစားရမယ်၊ သူများ ၁လှမ်းလှမ်းရင် ကိုယ်က ၁၀ လှမ်းလောက်လှမ်းနိုင်ရမယ်” ဘာညာပေါ့.. ဘာတွေ ၁၀ လှမ်းလောက်လှမ်းကြမလဲ.. ကိုယ်အခုလုပ်လက်စ အလုပ်တွေ ၁၀ စလောက်ကြုံးလုပ်လိုက်ရင်ပဲ နိုင်ငံကြီးတိုးတက်သွားမလား? (အလုပ်ရှင်ကတော့သဘောကျမှာသေချာတယ်) ကျွန်တော့်အမြင်ကတော့ အခု ၄၃၆ ပြင်တဲ့ကိစ္စမျိုးက အရေးကြီးတဲ့ ကနဦးခြေလှမ်းလို့ထင်တယ်.. ဒီလိုခြေလှမ်းမျိုးများများလှမ်းနိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်..

 

ဒါပေမယ့် တချို့ကျတော့လည်း စိတ်မဝင်စားကြဘူး.. နိုင်ငံရေးစိတ်မဝင်စားပါဘူး ပေါ့.. ဦးနှောက်သေးသေးလေးမို့ပါ ဘာညာပေါ့.. ဘာနဲ့သွားတူနေကြလဲဆိုတော့ စာမေးပွဲမအောင်သေးပဲ စာကျက်ပျင်းနေတဲ့ ကလေးတွေနဲ့တူပါတယ်.. စာကျက်ဖို့စိတ်မပါဘူး၊ ပျင်းတယ် အဲ့တော့ စာမေးပွဲမအောင်ဘူး၊ အသက်သာအိုသေသွားတယ် စာတတ်မသွားရှာဘူး.. အခုလည်း နိုင်ငံရေးစိတ်မဝင်စားဘူး၊ ပျင်းတယ် အဲ့တော့ နိုင်ငံရေးအပြောင်းအလဲလည်းမဖြစ်ဘူး၊ ကိုယ်တွေလည်း အသက်သာကြီးလာတယ် လူမွေးလူရောင်မပြောင်သေးဘူး.. တချို့လူတွေ နိုင်ငံရေးစိတ်မဝင်စားဘူး ဆိုတာက ကိစ္စမရှိဘူး.. အဲ့လူတွေက သူတို့သွားရာ လမ်း ဖြစ်အောင် ဖောက်နိုင်တယ်၊ နှာစီးချောင်းဆိုးဖြစ် စင်ကာပူ သွားကုနိုင်တယ်၊ သားသမီးတွေ ဖောရိမ်းပို့ကျောင်းထားနိုင်တယ်.. စာမေးပွဲအောင်ပြီးသားလူတွေလို့ပဲဆိုပါစို့.. ဒါပေမယ့် ကိုယ်အပါအဝင်၊ လူလတ်တန်းစားတွေ၊ အခြေခံလူတန်းစားတွေ အတွက်ကျ အပြောင်းအလဲကလိုပါတယ်.. ၄၃၆ က ပထမဆုံးအရေးကြီးတဲ့ အဆင့်မှာပါပါတယ်.. (ဘာကြောင့်အရေးကြီးတယ်ဆိုတာကတော့ တခြားလူတွေရေးပြီးသားရှိမှာပါ).. အဲ့တော့ စိတ်ဝင်စားတာ မဝင်စားတာနောက်ထား စာကိုကျိတ်မှိတ်ကျက်ပြီး စာမေးပွဲ အောင်အောင် ဖြေသလိုမျိုး ၄၃၆ ပြင်နိုင်ဖို့ လက်မှတ်ထိုးတာလေး၊ ဘေးတီးပေးတာလေးလောက်တော့ စိတ်မဝင်စားလည်း လုပ်သင့်ပါတယ်.. (စာရွက်တွေကိုင်ပြီး လမ်းဖို့ထွက်ဖို့ အထိမလိုပါဘူး၊ ကိုယ်လည်းမလုပ်နိုင်ပါဘူး)

 

စင်ကာပူလိုမျိုး (အားအားရှိ သူတို့ကိုပဲ ဥပမာပေးနေရတယ်)လူမူ့စီးပွားရေးအခြေအနေ အဆင့်တစ်ခုရှိလာတဲ့အချိန်ကျရင် နိုင်ငံရေးစိတ်မဝင်စားလဲ ရတယ်.. သူတို့ဆီမှာက အစိုးရအပြောင်းအလဲဖြစ်တောင် ကိုယ့်အလုပ်ရှင် အပြောင်းအလဲဖြစ်တာလောက် ကိုယ့်အပေါ် effect ရှိချင်မှရှိမှာ.. ကိုယ်တွေဆီကျတော့ ကိုယ့်ကိုနွှာမယ့် အစိုးရတက်လားမလား၊ ပျော့ပျော့နဲ့ နှပ်ချမယ့် အစိုးရ တက်လာမလား၊ တကယ်ဦးဆောင်ပေးမယ့် အစိုးရလားတက်လာမလားဆိုတာက ကိုယ်တွေရဲ့ အားထုတ်မှုပေါ်မူတည်တယ်.. စိတ်မဝင်စားလို့ အားမထုတ်ပဲ ဝေးဝေးနေတယ်ဆို ဒုံရင်းဒုံရင်းဘဝနေနေပြီး စာကျက်ပျင်းလို့ အတန်းတက်မလာတဲ့ ကလေးတွေ ဘဝရောက်နေရလိမ်မယ် (ကိုယ့်ဘဝတိုးတက်ရေး ကိုယ်ဟာကိုလုပ်လို့ရတာက အတိုင်းအတာတပိုင်းပေါ့)..

 

၄၃၆ လေးပြင်တာနဲ့ ဘယ်လောက်တိုးတက်သွားမှာလဲ၊ ဘာပြောင်းလဲသွားမှာမို့လဲ? တချို့ကလည်း စိတ်မဝင်းစားဘူးဆိုတာထက် မထူးပါဘူးဆိုတဲ့ စိတ်မျိုးရှိတာ.. သူငယ်တန်းအောင်တာနဲ့ ဆရာဝန်တန်းဖြစ်သလား၊ ဘယ်လောက်ချမ်းသာသွားမှာမို့လဲ လို့ မေးတာနဲ့တူနေပါတယ်.. သူငယ်တန်းအောင်တာနဲ့ဘာမှမထူးပေမယ့် Phd လောက်ရဖို့ဆိုလည်း ဒီအဆင့်ကပဲစရမှာပါ၊ မီးနင်းလေးတစ်လုံး၊ သင်္ချာပုဒ်စာလေးတစ်ပုဒ် စီနဲ့ ပဲတဆင့်ချင်းသင်ခဲ့၊ စာမေးပွဲတွေအောင်ခဲ့ကြတာပါပဲ.. အခုလည်း ပုဒ်မလေးတစ်ခုလောက်၊ တစ်ပိုဒ်လောက်ပြင်ရင်း၊ မဲပေးရင်း၊ အားပြိုင်ရင်းနဲ့ပဲ ပြောင်းယူကြရတာပေါ့.. ကိုယ့်မျိုးဆက်မှာ မမှီတောင် ကိုယ့်သားမြေးတွေအလှည်ကျ တိုးတက်နေရင်ပဲ မဆိုးပါဘူး.. အခုစာဖတ်နေသူတွေကို ကလေးတစ်ယောက် အစာငတ်နေလို့ ၁၀၀၀ လောက်လာပေးပါဆိုရင် ပေးမယ့်သူချည်းပါပဲ.. ဒါဆို နောက် အနှစ် ၂၀ မှာ အစာငတ်နေမယ့် ကလေး ၁ သန်းလောက်ကို ကယ်ဖို့ ကနဦးအဆင့် လက်မှတ်လေး တစ်ချက်လောက်ထိုးဖို့လိုတယ်ဆိုရင်ကော ပင်းပန်းတယ်၊ ပျင်းတယ် ဆိုမလား..

 

 

ဇော်သန့်

၂၉-၅-၂၀၁၄

About Zaw Thant

Zaw Thant has written 9 post in this Website..