ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၅
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄
******************************************
အောက်တိုဘာလမှာ စာသင်ပေးနေတဲ့အစ်ကိုက တက္ကသိုလ်သွားတက်ပါတယ်။ ဒါကြောင့် ဆရာမရှိတော့လို့ ထိန်းပေးမယ့်သူ မရှိတော့တာက တစ်ကြောင်း၊ အခုချိန်ထိ ဇာတ်လမ်းတွဲတွေကို မလွတ်တမ်း ကြည့်နေသေးတာက တစ်ကြောင်း၊ အချိန်ရရင်ရသလို ကာတွန်းစာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေကို ငှားဖတ်နေတာက တစ်ကြောင်း၊ စိတ်မပါရင် ည (၉) နာရီလောက်မှာ ဝင်အိပ်တတ်တဲ့အကျင့်ကို မပြင်သေးတာက တစ်ကြောင်း၊ မနက်ဘက်ဆို ဘယ်လောက်ဆူညံအောင်နှိုးနှိုး (၆) နာရီမခွဲမချင်း ပေအိပ်နေတတ်တာက တစ်ကြောင်း စတဲ့ အကြောင်းပေါင်းများစွာကို အကဲခတ်ပြီး အမေက တစ်ချက်လွတ်အမိန့်တစ်ခုကို ထုတ်ပါတယ်။ ဂိုက်တစ်ယောက်ရှာတော့ တဲ့။ ဂိုက်ထပ်ခေါ်ရင် ပိုက်ဆံပိုကုန်မှာက တစ်ကြောင်း၊ ကျွန်မကိုယ်တိုင်လည်း စာတွေကို အလျင်မီအောင် ကျက်နိုင်တာက တစ်ကြောင်း၊ ဂိုက်နဲ့ဆို လုပ်ချင်တာတွေကို မလုပ်ရတော့မှာက တစ်ကြောင်း နဲ့ ကျွန်မဘက်ကလည်း အသည်းအသန် ပြန်ငြင်းပါတယ်။ ဒါပေမယ့် အမေကတော့ အရမ်းစိတ်ပူနေပါတယ်။ သူမလုပ်ပေးလိုက်ရလို့ တစ်ခုခုလွဲချော်ခဲ့ရင် ဆိုတဲ့ စိုးရိမ်စိတ်လည်း အပြည့်ပါပဲ။ ဒါနဲ့ပဲ နောက်ဆုံးမှာတော့ အိမ်မှာကျူရှင်တက်တဲ့ သူငယ်ချင်းရယ်၊ ကျွန်မရယ် နှစ်ယောက်စုပြီး ဆရာမတစ်ယောက်ကို ခေါ်ရပါတယ်။ တစ်ယောက်ကို (၁) သောင်းနဲ့ နှစ်ယောက်အတွက် တစ်လကို (၂) သောင်းပေါ့။ ဆရာမကတော့ ကျွန်မကို (၉) တန်းတုန်းက စာသင်ပေးတဲ့ ဆရာမပါ။ ကျူရှင်ချိန်တွေက (၉) နာရီခွဲမှပြီးတော့ ဆရာမက (၁၀) နာရီမှာ လာပါတယ်။
ဒီတော့ ကျွန်မမှာ အကျင့်တွေကို ပြင်ရပါတော့တယ်။ (မပြင်လို့လည်း မရတော့ဘူးလေ။) ကိုရီးယားကားတွေကလည်း လမ်းခွဲရတယ်။ အိပ်ငိုက်ရင်လည်း တတ်နိုင်သလောက် အစားပေါင်းစုံစားပြီး အားတင်းထားရတယ်။ မတတ်နိုင်တဲ့အဆုံးဆိုရင်တော့လည်း ဝင်အိပ်တာပါပဲ။ အမေနဲ့အဘွားရဲ့ ပွစိပွစိအသံတွေကို မကြားရအောင် နားတွေကို စောင်နဲ့ဖိပြီး အိပ်ရတာပေါ့။ ဒါပေမယ့် ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ နောက်နေ့မှာ စာတွေကို ကျက်ထားပြီး ရေးထားရတာ။ ပြန်ဖားရတယ်ပေါ့လေ။ ဆရာမကလည်း တကယ့်ဆရာမပဲ။ ည (၁၀) နာရီကနေ (၁) နာရီအထိ ဝင်ပေးတယ်။ (၁) နာရီလောက်မှ ပြန်တာ။ တစ်ခုကောင်းတာက ကန့်သတ်ချက်တွေကိုမုန်းတဲ့ ကျွန်မကို ဘာမှ မထိန်းချုပ်ဘူး။ ဘာကျက်ရမယ်၊ ဘယ်ဘာသာကို လုပ်ရမယ်လို့ မပြောဘူး။ ကျွန်မတစ်ယောက်တည်း စာကျက်စဉ်ကအတိုင်း စိတ်ပါတဲ့ဘာသာကို ကျက်တယ်။ ကျွန်မ ကျက်ပြီးသမျှကို ဆရာမကို ပြန်ဆိုတယ်၊ ရေးတယ်၊ ဆရာမက ပြန်စစ်ပေးတယ်။
အဲဒီကာလတစ်လျှောက်မှာ တကယ်ပင်ပန်းတာကတော့ အမေပါ။ ည (၁) နာရီလောက် ဆရာမ ပြန်ပြီဆိုရင် အမေ့ကို နှိုးတယ်။ အဖေကတော့ ရှားရှားပါးပါး တစ်ခါတစ်လေမှပါ။ အမေရယ်၊ ဆရာမရယ်၊ သူငယ်ချင်းရယ်၊ ကျွန်မရယ် ဆရာမအိမ်ကို အရင်လိုက်ပို့ကြတယ်။ ပြီးရင် သူငယ်ချင်းအိမ်ကို ဝင်ပို့ပေးတယ်။ (သူငယ်ချင်းအိမ်နဲ့ ကျွန်မအိမ်နဲ့က နီးတယ်လေ။) ပြီးရင် သားအမိနှစ်ယောက် ပြန်လာကြတာပေါ့။ နိုဝင်ဘာနောက်ပိုင်းဆိုတော့ ဆောင်းတွင်းဘက်ကို ရောက်နေပြီလေ။ အမေနဲ့ ဆရာမနဲ့က အနောက်မှာ လမ်းလျှောက်ရင်း စကားပြောတယ်။ ကျွန်မနဲ့ သူငယ်ချင်းက ရှေ့ကနေ တစ်လမ်းလုံး သီချင်းတွေအော်ဆိုသွားကြတာ။ (အဲဒါကြောင့်ပြောပါတယ်၊ ယောက်ျားလေးပဲ ဖြစ်ချင်ပါတယ်လို့။) တစ်လမ်းလုံး အေးချမ်းတိတ်ဆိတ်နေတော့ ဆိုလို့ကောင်းနေရောပဲ။ စိတ်လည်းကြည်တယ်။ (၂) နာရီဝန်းကျင်လောက် အိမ်ကိုပြန်ရောက်ပြီဆိုရင်တော့ ပြန်လန်းဆန်းလာပြီ။ သိပ်လည်းမအိပ်ချင်တော့ဘူး။ (၃) နာရီလောက်အထိ စာဆက်ကျက်တယ်။ မနက်ရောက်ရင်တော့ ဆရာ မလာမချင်း လာမနှိုးနဲ့တော့။ ဆရာလာမှ ကမန်းကတန်းမျက်နှာသစ်ပြီး စာသင်တာ။
တစ်ခါသား ကော်ဖီအရှိန်နဲ့ မျက်လုံးကြောင်ပြီး စာကျက်လိုက်တာ မနက် (၄) နာရီထိုးသွားတယ်။ (၄) နာရီမှ အိပ်တာဆိုတော့ ဆရာလာချိန် မနက် (၆) နာရီခွဲမှာ အိပ်မောကျနေတုန်းကိုး။ နှိုးတာကို တော်တော်နဲ့ မနိုးဘူး။ နိုးလာတော့လည်း ကြောင်နေတာ။ ဘာမှ မသိဘူး။ အမေက ဆရာကြီးရောက်နေပြီလို့ ပြောတော့ ကျွန်မက ဘယ်ကဆရာကြီးလဲ လို့ ပြန်မေးတယ်တဲ့။ ကြောင်တောင်တောင်နဲ့တဲ့။ အမေ့မှာ အတော်လေးလန့်သွားတာ။ သူ့သမီး စာကျက်လွန်ပြီး ဂေါက်သွားပြီထင်တာပေါ့။ အဲဒါနဲ့ ကျွန်မကို နာနာလေးရိုက်ပြီး သမီး..သတိထားစမ်း… ဆရာကြီးလေ..စာသင်ဖို့လေ ဆိုတော့မှ ကျွန်မမှာ အသိပြန်ဝင်လာတာ။ အဲဒီအချိန်ကစပြီး အမေက ဆရာမကို ပို့ပြီးပြီဆိုတာနဲ့ စာဆက်မကျက်ခိုင်းတော့ဘူး။ အိပ်ခိုင်းတော့တာပဲ။ ရူးသွားဦးမယ်တဲ့။
ကျွန်မရဲ့ ပညာရေးမှာ အမေက မရှိမဖြစ်ပါပဲ။ အမေက တစ်ခွန်းပဲပြောတယ်။ စာသာကျက်နေ.. ဘာပဲလုပ်ပေးရ လုပ်ပေးရ တဲ့။ တကယ်လည်း ကျွန်မရဲ့ဝေယျာဝစ္စတွေကို အမေပဲ အကုန်လုပ်ပေးတာပါ။ မိန်းကလေးတတ်အပ်တဲ့ ချက်ပြုတ်လျှော်ဖွတ် အလုပ်တွေကို အဘွားကြောင့်သာ တတ်ခဲ့ရတာ။ အမေက ဘာမှမခိုင်းဘူး။ သင်နေရတာက အလုပ်ရှုပ်တယ်၊ ကိုယ်တိုင်ထလုပ်လိုက်တာက မြန်တယ် ဆိုပြီး သူပဲ အကုန်လုပ်သွားတာ။ အဘွားကသာ မိန်းကလေးဆိုတာ ဒါတွေတတ်ရမယ်ဆိုပြီး အနီးကပ်သင်ပေးလို့ တော်တော့တယ်။ စာမေးပွဲရက်ဆိုရင်လည်း အမေက ကျွန်မထက် ပိုအလုပ်ရှုပ်သေးတယ်။ ဘုရားပန်းလဲ၊ သောက်တော်ရေကပ်၊ ဆီမီးထွန်း၊ အမွှေးတိုင်ပူဇော်။ ကျွန်မက ထိုင်ရှိခိုးရုံပဲ။ ပြီးရင် သွားကာနီး ပရိတ်ရေလေးနဲ့ ခေါင်းကို သပ်ပေးပြီး မေတ္တာပို့ပေးတယ်၊ ပရိတ်ရေလေးကို စတိသောက်ခိုင်းတယ်။ နောက် ဆီမီးထွန်းတာကလည်း စာမေးပွဲတစ်ချိန်လုံး မကုန်မယ့် ဖယောင်းတိုင်နဲ့ ထွန်းပေးတာ။ နောက်ဆုံး ကျွန်မက ဘယ်လောက်တောင် အစွဲဖြစ်သွားသလဲဆိုရင် အခုချိန်ထိ စာမေးပွဲတစ်ခုခု ဖြေရတော့မယ်ဆိုရင် အမေ့ကို ဖယောင်းတိုင်ထွန်းပေးပြီး မေတ္တာပို့ပေးဖို့ လှမ်းပြောမိနေတုန်းပဲ။
အဖေ့ရဲ့ကဏ္ဍကျတော့ တစ်မျိုး။ ဘာစားချင်လဲ၊ ဘာလုပ်ချင်လဲ၊ သူအကုန်လုပ်ပေးမယ်၊ ပိုက်ဆံသာပေး ဆိုတဲ့ပုံစံဆိုတော့ အမေစိတ်ဆိုးမယ်ဆိုလည်း ဆိုးချင်စရာပဲ။ ကျွန်မက စာတွေအရမ်းကျက်ရတာရယ်၊ ငယ်ငယ်ကတည်းက ညောင်းတတ်တာရယ်နဲ့ပေါင်းပြီး စာကိုအာရုံစိုက်လွန်းပြီဆိုရင် အကြောတွေတက်လာရော။ မျက်လုံးအားနည်းတာလည်း ပါတာပေါ့။ အဲဒီအချိန်မျိုးဆို ဘယ်လိုမှ နေလို့မရဘူး။ အဖေက အမြဲတမ်းနှိပ်ပေးတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် မငြီးမငြူလုပ်ပေးတာ။ ကျွန်မ အိပ်ငိုက်ပြီဆိုရင်လည်း သမီးဘာစားချင်လဲ၊ ဘာဝယ်ပေးရမလဲ ဆိုပြီး ပြာပြာသလဲပဲ။ ပိုက်ဆံမရှာတာက လွဲလို့ပေါ့။ အမေကလည်း အဲဒါကို စိတ်တိုတာ။ တစ်ခါတစ်ခါ အမေက ကျွန်မရဲ့ကျောင်းစရိတ်တွေက ဘယ်လိုဘယ်ညာဆိုပြီး အလုပ်ကြိုးစားလုပ်ဖို့ ပြောရင် မနိုင်ဝန်ထမ်းတာကိုး ဆိုပြီး ပြောတယ်တဲ့။ ကျွန်မမှာ ပြန်ကြားတော့ စိတ်လည်းဆိုး၊ စိတ်မကောင်းလည်းဖြစ်ပေါ့။ အဲဒီတော့ ကျွန်မမှာ အပျင်းထူပြီး စာမကျက်ချင်တော့ဘူးဆိုရင် အချက် (၂) ချက်နဲ့ ကိုယ့်ကိုကိုယ် အမြဲသတိပေးရတယ်။ ဒီနှစ် ငါ့ပြိုင်ဘက်ကို နိုင်မှဖြစ်မယ်၊ အခုခံစားနေရတဲ့ စိတ်ဆင်းရဲမှုတွေရဲ့ ဖြေရှင်းရာဖြစ်တဲ့ ငွေကိုရှာဖို့ ငါပညာတတ်မှ ဖြစ်မယ် ဆိုတာပါပဲ။
11 comments
Mr. MarGa
May 29, 2014 at 2:29 pm
အဟမ်း…..
ဝင်ကြည့်လိုက်တာ ဘယ်သူမှ မတွေ့လို့ ဝင်မန့်သွားတယ်
ဒီသမီးအတွက် ဒီလောက်အထိ လုပ်ပေးတဲ့ အမေကို လေးစားမိတယ်။
ပြီးတော့
ဒီလောက် ခေါင်းတွေပူနေတာတောင် ဆုံးဖြတ်ချက် ယိုင်မသွားလို့လဲ ပို့စ်ပိုင်ရှင်ကို လေးစားမိတယ်
ဒီပို့စ်တော့ ဒီလောက်သာ…. 🙂
black chaw
May 29, 2014 at 2:51 pm
သမီးရေ…(၆) လာဦးမယ်ပေါ့နော်…။
ကိုးရီးယားကားတွေလိုပေါ့နော်…။
ဦးဘလက်ကလည်း စေ့စေ့စပ်စပ် ဖတ်ဖို့ အချိန်မရှိတော့လေ
ထုံးစံအတိုင်း ဆယ်တန်းတုန်းက
ရည်းဇားဟောင်းတွေကိုပေါ့နော်…
ပြန်လွမ်းသွားပါတယ်လို့ပေါ့နော်
ဟေးဟေး…ဖတ်သွားပြီလို့ မှတ်လိုက်ပါ…။
🙂
ကေဇီ
May 29, 2014 at 3:12 pm
နာ့ ညီမလေး တနားတာ။
:hint:
အမေက တော်လိုက်တာ။
:chit:
alinsett (gazette)
May 29, 2014 at 5:20 pm
အင်းးး
ပညာတတ်ဖို့ကို
အချက်နှစ်ချက်နဲ့ တတ်အောင် လုပ်တယ်ပေါ့
တကယ်တော့ ပညာတတ်မှဖြစ်မှာဟာ
အကြောင်းအချက် နှစ်ချက်ထဲတော့ မဟုတ်ပါဘူးနော့
ကဲကဲ
ငါးကိုလည်း ဖတ်ပြီးပြီ
ခြောက် ကို သွားဦးစို ့
🙂
Kaung Kin Pyar
May 29, 2014 at 7:02 pm
အမွန်ရေ ကောင်းကင်ပြာတော့ ၁ဝ တန်းနှစ်မှာ ကော်ဖီ စစွဲတာပဲ။
အမေက နယ်မှာ။ စာမေးပွဲဖြေဖို့ ၃လ လောက်နေမှ ရောက်လာတာပါ။ အမေလာတဲ့အချိန် ကောင်းကင်ပြာစာအုပ်ဆိုတာ အသစ်အတိုင်းကို ရှိသေးတာ။ အမေခေါ်ပေးတဲ့ဂိုက်ကိုလဲ ကောင်းကင်ပြာက နိုင်လိုက်သေးတယ်။ ဘာစာရင် ဘယ်လိုက်ပို့ပေးရမယ် နော် ဆိုတာ တစ်မျိုး၊ စာအတူသင်တဲ့ထဲမှာ ဘယ်သူ့ကို ပိုချစ်လဲ မေးပြီး အတူတူပဲ ဖြေရင် ကောက်မဆုံးနဲ့ ပုံစံတူစာအုပ်ထဲ အဖြေတွေ ကူးထားပြီး စာပြန်ရေးခိုင်းရင် စာအုပ်ပြုတ်ကျသလိုနဲ့ စာအုပ်ချင်းလဲတာလဲ တစ်နည်း၊ အိမ်နဲ့စိတ်ကောက်ရင် သူ့အိမ်သွားဂျီတိုက်တာက တစ်ဖုံ အမျိုးစုံ ဒုက္ခပေးပြီး ၃လ နေမှ စာအုပ်ကို မမြင်ဖူးသလို ပြူးပြဲ ကြည့်ရတာရယ်
အဲ့တုန်းက နေ့ပိုင်းဆို ကော်ဖီ ၃ခွက် ညဘက်၅ ခွက် တစ်နေ့ ၈ ခွက်နဲ့ မဂေါက်ခဲ့တာ ကံကောင်းပဲ အမွန်ရေ့
Kaung Kin Pyar
May 29, 2014 at 8:02 pm
အဲ အမွန် ရေးထားတဲ့ ဆောင်ပုဒ်လေးကို သဘောကျတယ်ကွယ်။
padonmar
May 29, 2014 at 11:20 pm
အမေက အတော်ချစ်ဖို့ကောင်းတာပဲ။
သူ့ကို ပြန်ချစ်ပြဖို့ ဝန်မလေးပါနဲ့ကွယ်။
Foreign Resident
May 30, 2014 at 3:44 am
အင်းးးးးး ။
မွန်မွန် ရဲ့ ” ဆယ်တန်းဘဝ ” ကို ဖတ်ပြီး ပြောနိုင်တာကတော့ ၊
၁ ။
ဆယ်တန်း ဘဝ မှာ ၊ အဘ ရဲ့ ကြိုးစား အားထုတ်မှုဟာ ၊
မွန်မွန် ရဲ့ ကြိုးစား အားထုတ်မှု ရဲ့ တစ်ဝက်တောင် မရှိခဲ့ပါဘူး ။
( စာကျက်တာ ည ၁ဝ နာရီ ဟာ လက်ကုန်ဘဲ )
( ဆယ်တန်း စာမေးပွဲ ဖြေနေရင်းကို ပင်ပေါင် သွားကစားနေလို့ ၊
အိမ်က လိုက်ခေါ်ရတာ မှတ်မိသေး ။ ဟီ ဟိ )
၂ ။
အဘ ရဲ့ မိဘ တွေက ၊ မွန်မွန် ရဲ့ မိဘတွေ ရဲ့ ၊
တစ်ဝက်လောက်တောင် အဘ ကို ဂရုမစိုက်ခဲ့ကြပါဘူး ။
ဘာသိဘာသာ ပါဘဲ ၊ ကျလဲ နောက်တစ်နှစ် ထပ်ဖြေပေါ့ ဆိုတဲ့ သဘော ။
( အဘ ဆယ်တန်း အောင်စာရင်း သွားကြည့်ပြီး အိမ်ပြန် နောက်ကျတော့ ၊
အိမ်က အဘ ကို ဆယ်တန်း မအောင်ဘူး လို့ကို တွက်ထားတာ ၊ ဟီ ဟိ )
kyeemite
May 30, 2014 at 9:04 am
ဘဘမိုက် ဆယ်တန်းအောင်မဲ့နှစ်က ဆိတ်ကျောင်းရင်းစာကျက်ခဲ့ရတာ..
ကျူရှင်တွေ ကျူသေတွေမတက်နိုင်ပါဘု… :hint: :hint:
snow smile
May 31, 2014 at 11:03 am
ခု မှ ဖတ် ဖြစ် တယ် မွန် မွန် ရေ
ပိုစ် အ စ က တဲ က ပြော ပြီး သား
မွန် မွန် ့ အ မေ တ ကယ် တော် တယ်
ပို ပြီး ဂ ရု စိုက် ပေး ပါ
manawphyulay
June 2, 2014 at 10:12 am
အမေဆိုတာ ပညာရေးမှ မဟုတ်ပါဘူးညီမလေးရယ်။ သားသမီးတိုင်းအတွက် နေရာတကာမှာ မရှိမဖြစ်လိုအပ်နေတဲ့သူတစ်ဦးပါ။ အမေကို ပိုဂရုစိုက်ပေးနော်။