ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု
အားလုံးပဲ မင်္ဂလာပါ။ ပို့စ်တင်ချင်တာလည်း အရမ်းကြာနေပါပြီ။ ဘာတင်ရမှန်းမသိတာလည်း အရမ်းကြာနေပါပြီ။ အန်တီစနိုးရဲ့ စာကူးချဖူးတဲ့အကြောင်းကို ဖတ်ပြီးသကာလမှာတော့ ကျွန်မ ဆယ်တန်းဘဝလေးကို သွားသတိရမိတယ်။ ကျောင်းဖွင့်ရာသီလည်း ရောက်တော့မယ်ဆိုတော့ ကျွန်မရဲ့ ဆယ်တန်းကျောင်းသူဘဝလေးကိုပဲ အမှတ်တရ ပြန်ရေးမိလိုက်ပါတယ်။
ဆယ်တန်းအကြောင်းကို ပြောဖို့ဆိုရင် ကိုးတန်းက အရင်စရမယ် ထင်ပါတယ်။ ကျွန်မတို့ဆီမှာ ငါးတန်းကနေ ကိုးတန်းအထိ ကျောင်းဆရာမတွေရဲ့ စာသင်ဝိုင်းတွေ ရှိပါတယ်။ မနက်ကျောင်းမသွားခင်နဲ့ ညနေကျောင်းဆင်းချိန်ဆို တစ်အိမ်အိမ်မှာ စုပြီး သင်ကြတာပေါ့။ တစ်နှစ်မှာ သုံးဝိုင်းလောက်တော့ သင်ကြပါတယ်။ ကျောင်းကသင်တဲ့ ဆရာတွေအကုန်နီးပါး သင်ပါတယ်။ ကျွန်မ မှတ်မိသလောက်တော့ မေးခွန်းမရပါဘူး။ အရေးကြီးတာတွေကိုတော့ ပိုကျက်ဖြစ်တာပေါ့။ ကျွန်မလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းကျူရှင်ဝိုင်းကို တက်ပါတယ်။ ကျူရှင်ကပြန်ရင် အိမ်နားက ဆရာမအိမ်မှာ စာသွားကျက်ပါတယ်။ ည (၉) နာရီခွဲလောက် အထိပါ။
ကိုးတန်းလည်း ရောက်ရော သူငယ်ချင်းတစ်ယောက်က သူ့အိမ်မှာ ဆယ်တန်းအပြင်ကျူရှင်သင်တဲ့ ဆရာတွေကို ခေါ်သင်မယ်လို့ ပြောပါတယ်။ အခြေခံပါအောင်လို့တဲ့။ အဲဒီအချိန်ကတည်း ကျွန်မတို့တွေဟာ ကျောင်းကဆရာတွေကို မယုံကြည်ကြတာ ထင်ရှားပါတယ်။ ကိုးတန်းမှာ အခြေခံပါပြီး ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ဖို့ဆိုရင် အပြင်ဆရာတွေနဲ့ သင်မှရမယ်လို့ သတ်မှတ်ထားကြပါတယ်။ ကျွန်မ မေးကြည့်လိုက်တော့ အဆင့် (၁၀) အတွင်းက စာတော်တဲ့ သူငယ်ချင်းတွေက အဲဒီမှာ တက်ကြမှာပါ။ အဲဒီတော့ ကျွန်မလည်း အိမ်နဲ့တိုင်ပင်၊ စာသွားကျက်တဲ့ ငယ်ဆရာမနဲ့ တိုင်ပင်ပြီး အဲဒီမှာ သွားတက်ပါတယ်။ အားလုံးပေါင်း (၁၀) ယောက်ပေါ့။
အဲဒီအချိန်က ကျွန်မတို့မြို့မှာ ဝိုင်းကျူရှင်ဆိုတာ စပြီး ခေတ်စားတဲ့ အချိန်ပါ။ အရင်ကတော့ ဆရာတစ်ယောက်ယောက်က ဦးစီးပြီး ဖွင့်တဲ့ ကျူရှင်မှာ သွားတက်ကြပါတယ်။ လူလည်း များတယ်၊ လူလည်း စုံတယ်။ ကျွန်မတို့ကတော့ ဆက်ရှင် (Section) လို့ ခေါ်ပါတယ်။ နောက်ကျတော့ မိဘတစ်ယောက်ယောက်က ဦးစီးပြီး အဆင်ပြေတဲ့ ကျောင်းသား (၁၀) ယောက်လောက်နဲ့ ဆရာတွေအိမ်ခေါ်သင်တဲ့ ဝိုင်းကျူရှင်တွေ ဖြစ်လာပါတယ်။ အဲဒီမှာ ဦးစီးတဲ့ အိမ်ပိုင်ရှင်က အစစအရာရာ တာဝန်ရှိပါတယ်။ ဘာသာစုံခေါ်သင်တဲ့အတွက် ဈေးလည်းများပါတယ်။ လူ (၁၀) ယောက်လောက်ရှိမှ အဆင်ပြေမှာပါ။ လူလျော့ရင် လျော့သွားတဲ့သူအတွက်ကို အားလုံးက မျှခံရင်ခံ၊ မဟုတ်ရင် အိမ်ပိုင်ရှင်က စိုက်ရပါတယ်။
မှတ်မှတ်ရရ ကျွန်မ ကိုးတန်းနှစ်မှာ အဲဒီလို ခေါ်သင်တဲ့ဝိုင်းက ကျွန်မတို့တစ်ဝိုင်းပဲ ရှိပါတယ်။ ဆယ်တန်းဝိုင်းတွေတော့ ရှိတာပေါ့။ ကိုးတန်းက ကျွန်မတို့ တစ်ဝိုင်းပါပဲ။ ကျွန်မလည်း အဲဒီမှာ တက်ရတာ အရမ်းပျော်ပါတယ်။ သူငယ်ချင်းတွေ စာပြိုင်ရင်လည်း အတူတူ၊ ဗရုတ်ကျရင်လည်း အတူတူ၊ ဆော့ကြရင်လည်း အတူတူနဲ့ ပျော်စရာကြီးပါ။ ဒါပေမယ့် ကျွန်မရဲ့အပျော်တွေက ကြာရှည်မခံလိုက်ပါဘူး။ ကျောင်းတွေပြန်ဖွင့်ခါနီး ကျောင်းကျူရှင်တွေဖွင့်တော့ ငယ်ဆရာမက ပြောပါတယ်။ သူက ကျောင်းမှာ ဆရာမဖြစ်နေတဲ့အတွက် သူ့တပည့်ဖြစ်တဲ့ကျွန်မက အပြင်ဝိုင်းမှာ တက်နေတာ ဆရာမအချင်းချင်း အားနာရတဲ့အကြောင်း၊ နောက် ကိုးတန်းဆရာတွေထဲမှာ ကျွန်မရဲ့အိမ်နီးချင်းဆရာမတွေ၊ အမျိုးတော်တဲ့ဆရာမတွေ ပါနေတော့ အားနာစရာလည်း ဖြစ်နေတဲ့အကြောင်း၊ ဒါကြောင့် နှစ်တိုင်းတက်နေကျအိမ်မှာပဲ ကျောင်းကျူရှင်ပြောင်းတက်ရင်ကောင်းမယ့်အကြောင်း နားချပါတယ်။ ဆရာမရဲ့စကားဆိုတော့ ကျွန်မလည်း မပယ်ရှားပါဘူး။ စိတ်မကောင်းဖြစ်ဖြစ်နဲ့ပဲ ကျူရှင်ပြောင်းလိုက်ပါတယ်။ ကျွန်မရဲ့ အဓိက ပြိုင်ဘက် အိမ်ပါ။
ကျွန်မ ဝိုင်းကျူရှင်ကနေ ထွက်တော့ ဦးစီးတဲ့အိမ်က မိဘက အရမ်းစိတ်ဆိုးပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ တစ်ယောက်ထွက်သွားတာနဲ့ သူတို့လည်း အခက်အခဲဖြစ်တာပဲလေ။ ကျွန်မက ပိုတောင် မထွက်ချင်သေးတယ်။ အပြင်သွားလို့ သူတို့အဖွဲ့တွေ ရယ်ရယ်မောမောလျှောက်သွားနေကြတာမြင်တိုင်း မျက်ရည်ကျရပါတယ်။ ဒါပေမယ့် ရောက်တဲ့နေရာမှာတော့ အဆင်ပြေအောင် နေတာပါပဲ။ ဘယ်လိုပဲ အဆင်ပြေအောင်နေနေ ကျောင်းတော်က ရန်စတွေနဲ့ ကျွန်မ နဲ့ ကျွန်မရဲ့ ပြိုင်ဘက်တို့ အကြီးအကျယ်ရန်ဖြစ်ကြပြီး နှစ်လယ်လောက်မှာ အဲဒီကျူရှင်ကနေ ထွက်ခဲ့ပါတယ်။ (ဒီအကြောင်းကို မောဟမျဉ်းပြိုင်နှစ်ကြောင်းရဲ့ ရာဇဝင် ပို့စ်မှာ ကျွန်မ ရေးဖူးပါတယ်။) ငယ်ငယ်ကတည်းက ကျူရှင်နဲ့ အသားကျခဲ့တဲ့သူဆိုတော့ ကျူရှင်မရှိတော့ အားငယ်ပါတယ်။ ဒါကြောင့် ကျူရှင်တစ်ခုခုမှာ တက်ရဖို့ စုံစမ်းရပါတယ်။ အမေရော၊ ဆရာမရောက ပထမထွက်ခဲ့တဲ့ ဝိုင်းကျူရှင်မှာပဲ တက်စေချင်ကြပါတယ်။ ကျွန်မလည်း အဲဒီမှာပဲ တက်ချင်ပါတယ်။ (ကျွန်မ တက်ခဲ့တဲ့ ကျူရှင်နှစ်ခုမှာပဲ စာတော်တဲ့သူတွေ ရှိတာပါ။) ဒါနဲ့ အမေတို့သွားပြောတော့ လူပြည့်နေလို့ လက်မခံတော့ပါဘူးတဲ့။ ကျွန်မ အရမ်းကို နာကျည်းသွားပါတယ်။ သူ့ဘက်ကလည်း ထွက်ချင်တိုင်းထွက်၊ ဝင်ချင်တိုင်းဝင် လို့ မရဘူးဆိုတဲ့ ပုံစံနဲ့ ကျွန်မကို ငြင်းလိုက်တာ ဖြစ်သလို ကျွန်မဘက်ကလည်း ကျွန်မတစ်ယောက် သွားတက်ရင် စာပြိုင်ဘက်တစ်ယောက် တိုးလာလို့ ပိုတောင် ကောင်းဦးမှာကို ငြင်းပစ်လိုက်လို့ စိတ်နာပါတယ်။
ဒီလိုနဲ့ မတတ်သာတဲ့အဆုံး အပြင်ဆရာမတစ်ယောက် ဖွင့်ထားတဲ့ ကျူရှင်ကို သွားတက်ပါတယ်။ ညီအစ်မနှစ်ယောက် သင်တာပါ။ လူကလည်းများများ၊ စာတော်တဲ့သူလည်း သိပ်မရှိတဲ့ အဲဒီကျူရှင်ကို မတက်ချင်တက်ချင်နဲ့ သွားတက်လိုက်ရပေမယ့် တကယ်တမ်းတက်ပြီးတဲ့ အခါမှာတော့ အဲဒီကျူရှင်ကို ရောက်အောင်ပို့ပေးခဲ့တဲ့ ကံတရားကို အရမ်းကျေးဇူးတင်ခဲ့မိပါတယ်။ ဆရာမနှစ်ယောက်စလုံးက အရမ်းကို စာသင်ကောင်းပြီး တော်ကြလို့ပါ။ စပ်စပ်စုစုနဲ့ သိချင်တာတွေများတဲ့ ကျွန်မရဲ့ မေးခွန်းတွေကိုလည်း ချက်ချင်းဖြေပေးနိုင်ကြပါတယ်။ တစ်ခါတစ်ခါ အများနဲ့တစ်ယောက် ကွဲထွက်နေပေမယ့်လည်း ကျွန်မ စိတ်မညစ်တော့ပါဘူး။ ရလာဒ်အနေနဲ့ကတော့ ကျူရှင်ပြောင်းပြီးနောက် ဖြေတဲ့ လပတ်စာမေးပွဲမှာ ကျွန်မရဲ့အဆင့်ကနေ လုံးဝမကျခဲ့တာပါပဲ။ ကျွန်မလည်း ဝမ်းသာပြီး အားတက်သွားသလို ဆရာမတွေကလည်း သူ့ကျူရှင်မှာတက်တဲ့သူတစ်ယောက် အဆင့်ဝင်တယ်ဆိုပြီး ပိုဂရုစိုက်ကြပါတယ်။ ဒီလိုနဲ့ ကိုးတန်းနှစ်ကို အခြေခံကောင်းကောင်းနဲ့ အောင်မြင်ပြီးဆုံးခဲ့ပါတယ်။
ကိုးတန်းပြီးလို့ ဆယ်တန်းတက်မယ့်အချိန်မှာ စိတ်ညစ်ရတော့တာပါပဲ။ ကျွန်မ တက်ချင်တဲ့ဝိုင်းက ကျွန်မကို လက်မခံတဲ့အိမ်ဖြစ်နေတော့ ဘာမှမတတ်နိုင်ပါဘူး။ တစ်ခြားဝိုင်းတွေကို စုံစမ်းကြည့်တော့လည်း လူတွေက ပြည့်နေတော့ အဆင်မပြေပါဘူး။ ဒါနဲ့ အမေက အကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ အိမ်မှာ ဝိုင်းခေါ်သင်မယ်တဲ့။ တကယ်တော့ အမေက ကိုးတန်းနှစ်ကတည်းက စဉ်းစားထားတဲ့အတွေးပါ။ ကျွန်မ ငြင်းခံလိုက်ရကတည်းက အမေလည်း စိတ်နာသွားပုံရပါတယ်။ နောက်နှစ် ငါ့သမီးကို အိမ်မှာ ခေါ်သင်ပေးမယ်ဆိုတဲ့ အတွေး တွေးထားပုံပါ။ အမေက ခေါ်သင်မယ် ပြောပေမယ့် ကျွန်မက လက်မခံချင်ပါဘူး။ အရမ်းတာဝန်ကြီးလို့ပါ။ အိမ်က စီးပွားရေးအခြေအနေကလည်း ကျွန်မက အသိဆုံးဆိုတော့ ကျွန်မက အသည်းအသန်ငြင်းပါတယ်။ ဒါပေမယ့် အပြင်မှာသွားတက်ဖို့ကလည်း ဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေပါ။ ဒါကြောင့် အိမ်မှာခေါ်သင်မယ်ဆိုပြီး သူငယ်ချင်းတွေကို လိုက်စုကြည့်တော့ ငယ်ဆရာမအိမ်မှာ ကျွန်မနဲ့ စာအတူတူကျက်ခဲ့တဲ့ သူငယ်ချင်းယောက်ျားလေး (၂) ယောက်ပဲ ရှိပါတယ်။ ကျွန်မနဲ့မှ (၃) ယောက်ပေါ့။
အဲဒီအချိန်က ဆက်ရှင် (Section) မှာ တက်ရင် တစ်လကို (၃၀၀၀) လောက်ပဲ ပေးရပါတယ်။ အိမ်မှာ ဝိုင်းခေါ်သင်ရင် ဆရာ (၆) ယောက်ကို တစ်ဝိုင်းစာ (၈၇၀၀၀) ကျပါတယ်။ ဆယ်ယောက်ဆိုတော့ တစ်ယောက်ကို (၈၇၀၀)။ ၂၀၀၅ ခုနှစ်က နယ်မြို့တစ်မြို့အနေနဲ့ကြည့်ရင် ဈေးကြီးတယ်လို့ ပြောလို့ရပါတယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေတောင် (၈၇၀၀) ကို တန်ဖိုးကြီးတယ်ဆိုပြီး ပေးသင်နေတဲ့အချိန်မှာ အမေက အိမ်မှာ (၃) ယောက်တည်းနဲ့ ခေါ်သင်ပြီး ကျွန်မအတွက် တစ်လကို သုံးသောင်းနီးပါး ပေးမယ်ဆိုတော့ ကျွန်မ အတန်တန်ငြင်းရပါတယ်။ ကျန်တဲ့နှစ်ယောက်က ချမ်းသာလို့ ပေးနိုင်ပေမယ့် အမေ့အတွက်ကတော့ တကယ့်ဝန်ထုပ်ဝန်ပိုးပါ။ ဒါပေမယ့် ခေါင်းမာပြီး ကျွန်မအတွက် ပုံအောပေးမယ်လို့ ဆုံးဖြတ်ထားတဲ့အမေ့ကို မလွန်ဆန်နိုင်တဲ့အဆုံး အိမ်မှာပဲ ခေါ်သင်ဖို့ သေချာသွားပါတော့တယ်။
18 comments
Mr. MarGa
May 19, 2014 at 1:09 pm
တိန်
ဆယ်တန်းဘဝ ဆိုပြီး ကိုးတန်းအကြောင်းပဲ ပါသေးတယ်
အခန်းဆက်လား ဟင် 🙂
စကားမစပ် ကိုးတန်းမှာ founder ဆရာနှစ်ယောက် အခန့်မသင့်လို့ ကွဲကြပြီး ဟိုဘက်ကို ပါသွားတော့
ဒီဘက်ကျူရှင်က ဆရာက တကူးတက ကို လိုက်ခေါ်သဗျ။
အဲ့ကတည်းက ဆရာတပည့် လုံးသွားတာ အခုထိ သွားသွား နှိပ်စက်နေတုန်း :mrgreenn:
လုံမလေးမွန်မွန်
May 19, 2014 at 4:07 pm
အွန်း. . . အခန်းဆက်ရယ်။ သိပ်မဆက်ပါဘူး။ များနေလို့ အပိုင်းခွဲလိုက်တာ ။
ဆရာက လိုက်ခေါ်တယ်ဆိုတော့ တော်ရုံအဆင့် မဟုတ်ဘူးပေါ့
Mr. MarGa
May 19, 2014 at 4:14 pm
ဘယ်ကလာ တော်ရုံပါပဲ
ဘာကြည့်ပြီး လိုက်ခေါ်တယ်မသိ
အခုထိလဲ ယောင်ချာချာ ရယ်.. :mrgreenn:
alinsett (gazette)
May 19, 2014 at 1:10 pm
ယှဉ်ပြိုင်မှုတွေ နေရာတိုင်း အချိန်တိုင်းမှာ ရှိသလို
မေမေ့မေတ္တာတွေကလည်း အချိန်တိုင်း ရှိနေတယ်ပေါ့. .
လုံမလေးမွန်မွန်
May 19, 2014 at 6:00 pm
အမေက သူရဲကောင်းပဲ..
surmi
May 19, 2014 at 3:16 pm
ကျောင်းတုန်းကအကြောင်းတွေ ပြန်မပြောချင်ဘူးကွယ်
မေ့ထားတာ 🙁
အခန်းဆက်ကို စောင့်နေမယ်နော
ပြန်လာခဲ့ပါမယ်
လုံမလေးမွန်မွန်
May 20, 2014 at 10:25 am
ပုံမပြောနဲ့နော် အူးဆာ
ပြန်လာခဲ့ဘာာာာ
naywoon ni
May 19, 2014 at 4:09 pm
အော် သူလည်း မိဝိုင်းစိန်ပဲကိုး တို့တုံးကတော့ ဝိုင်း ဆိုတာ ခင်မောင်တိုး သီချင်းထဲမှာပဲကြားဖူးတာ ခုတော့ရှုပ်ပါ့ စာကျက်ဝိုင်းတဲ့ စာသင်ဝိုင်း တဲ့ တော်သေးတယ် စာဖြေဝိုင်းဆိုတာမရှိသေးလို့
လုံမလေးမွန်မွန်
May 20, 2014 at 10:27 am
ဝိုင်းရဲ့ ဘွားအေတွေထဲမှာ အနော်တို့ ပါခဲ့တယ်လို့ ပြောလို့ရမယ် ထင်တယ် 🙂
မဟာရာဇာ အံစာတုံး
May 19, 2014 at 5:24 pm
သူလည်း …
ငါ့ အကျင့်တွေ ကူးကုန်ပီ ထင်ရဲ့ …
လုံမလေးမွန်မွန်
May 22, 2014 at 2:56 pm
အွန်း.. ဖစ်နိုင်ဒယ်..
snow smile
May 19, 2014 at 7:07 pm
ဆက်ဖတ် ချင် နေ ပြီ
မြန် မြန် လေး
snow smile
May 20, 2014 at 8:32 am
အ မွန် ့ မေ မေ ရဲ့ မေ တာ္တာ တရား ကို
စာ ထဲ မှာ တွေ့ လိုက် မိ တယ်
လက် မ ခံ မှာ မှန်း သိ ရဲ့ သား နဲ့ သ မီး အ တွက် သွား ပြော ပေး ခဲ့ တာ
လက် မ ခံ နိုင် ဘူး ပြော လိုက် တဲ့ အ ချိန် မှာ
သူ ့ သမီး ကို သူ ဘယ် လို ပြန် ပြော ရ ပါ့ မ လဲ လို ့
အ ပြန် လမ်း တ လျှောက် လုံး သူ စဉ်း စား ခဲ့ ရ မှာ ဘဲ
နေင် နှစ် အ တွက် ကြို တင် စဉ်း စား ခဲ့ တာ က လဲ လေး စား စ ရာ
”သ မီး ကို ဖြစ် စေ ချင် လွန်း တဲ စိတ် ”
မွန် မွန် ့ အ မေ တ ကယ် တော် သူ
TNA
May 20, 2014 at 1:14 pm
ဝိုင်းကတော့ ဒို့ခေတ်ကတဲကစတယ်ပြောရမယ်။ ဆယ်တန်းကိုကျောင်းသိပ်မတက်တော့ပဲ ( ကျောင်းက လဲ ကျောင်းခေါ်ချိန်ဖြည့်ပေးထားလို့ ) အိမ်မှာပဲ ဆယ်ယောက်ဝိုင်းပြီး တနှစ်လုံးအိမ်မှာပဲစာသင်ဖြစ် ခဲ့ပါတယ်။ အမွန်ပြောသလိုပဲ ငှားတဲ့ဆရာကြေးပေါ်မူတည်ပြီးဆယ်ယောက် အညီပြန်ခွဲရတာမို့ ဆက်ရှင်နဲ့တော့ဈေးအတော်ကွာတာတွေ့ရတယ်။ ဒါပေမဲ့ ဉာဏ်ရည်တူဆယ်ယောက်ဆိုရင်တော့ ညှိနှိုင်း စာကျက်ရတာ အဆင်ပြေပေမဲ့ ဉာဏ်ရည်ကွာရင်ကျတော့ အတော်လေးအဆင်မပြေလို့ လူမနဲရွေးခေါ်ရတဲ့ ဒုတ်ခတော့ရှိသတော့
မိုက်ကယ်ဂျော်နီအောင်ပု
May 20, 2014 at 1:44 pm
. ကျော်ကတော့ ခြောက်တန်းဘဲအောင်တော့ ဆယ်တန်းအကြောင်းမသိဘူးအမ
. ကျော်ငါးတန်းတုန်းက ဆယ်တန်းက အစ်ကိုကြီးက မုန်းဘိုးပေးလို့
. ဆယ်တန်းက အမကြီးကိုတော့ စာသွားပေးဘူးတယ်
. နောက်မကြာဘူး အဲ့သည်အစ်မကြီးလည်း ကျော့်ကိုမုန့်ဘိုးပေးပြီး
. အဲ့သည်အစ်ကိုကြီးကို စာသွားပြန်ပေးခိုင်းဘူးတယ်
. ဘါဒေမှန်းမသိဘူး ရှုပ်နေတာဘဲ
ကေဇီ
May 20, 2014 at 7:06 pm
သများလည်း ၁ဝ တန်း ဇာတ်လမ်း အများကြီးပဲ။။
အဟွာ။
စာသင်ပြသနာတွေ ပြောတာ။
နောက်မှ ရေးဦးမယ်။
မွန်ကလေးနဲ့ ၁ဝ တန်း အတင်လိုက်တက်လိုက်ဦးမယ်။
ကိုပေါက်(မန္တလေး)
May 20, 2014 at 10:08 pm
ဒီ ပိုစ် လေး ကို မန်း ချင် လို ဝင် တာ ခြောက် ခေါက် မြောက် မှ ရ သဗျာ။
ကျုပ် တို့ ခေတ် က တော့ ဝိုင်း ခေတ် မဟုတ် ဘူး။
အဲတော့ ဒီ လို မျုးိ တော့ မ ကြုံ ခဲ့ ရ။
ကျောင်း က ဆ ရာ တွေ စာ မသင် ဘူး လာ း ဆို တော့ သင် ပေး ကြ ပါ တယ်။
ဒါ ပေ မယ် ့ ဟို ကိစ္စ ဒီကိစ္စ တွေ နဲ့ ဆို တော့ စာ ကို ကောင်း ကောင်း သင် ရ တယ် မ ရှိ တာ များ ပါ တယ်
ဝိုင်း ကျူ ရှင် ရဲ့ နောက် ဆက် တွဲ က တော့ ဂိုက် ဆ ရာ တွေ ပေါ် လာ တယ် ထင် တာ ပ ါဘဲ.
သိသူ တွေ က ပြော ကြ ရေး ကြ ရင် ကောင်း မယ်။
ဂိုက် ဆ ရာေ တွ လဲ ထော တယ် နော်
padonmar
May 23, 2014 at 9:38 pm
ဟိဟိ ..ဝင်ကြွားလိုက်အုံးမယ်။
အခပေးရတဲ့ ကျူရှင်ကို တခါမှ မတက်ဖူးပါကြောင်း…
(မွန်မွန့်အမေက သမီးကို တော်တော်ချစ်တာပဲ)