ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု

 

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂

 

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃

 

**************************************************

 

ကျောင်းနဲ့၊ ကျူရှင်နဲ့၊ ဆရာတွေနဲ့ လိုက်ဖက်ညီလို့ ဆယ်တန်းနှစ်က ပျော်စရာကောင်းလားလို့ မေးရင် တစ်ဝက်ပဲ ပျော်စရာကောင်းတယ်လို့ ဖြေရမယ်။ အိမ်တွင်းရေးပြဿနာတွေကြောင့် စိတ်ညစ်ရတာက တစ်ဝက်လေ။ ကျွန်မ (၈) တန်းနှစ်လောက်ကတည်းက စီးပွားရေးတွေ အဆင်မပြေတာ (၁၀) တန်းနှစ်မှာ တော်တော်လေးကို ဆိုးလာတယ်လို့ ပြောရမယ်။ ကျွန်မရဲ့ ကျောင်းစရိတ်က အရမ်းကြီးနေပါတယ် ဆိုတဲ့ အချိန်မှာ အဖေက ဘုန်းကြီးဝတ်ပြီး တစ်ဝါဆိုလိုက်တော့ အိမ်က ဝင်ငွေက လုံးဝမရှိတော့သလို ဖြစ်သွားပါတယ်။ အစကတည်းကလည်း အဖေက အရက်တွေပဲ သောက်နေပြီး စီးပွားရေးကို ဂရုမစိုက်တာ ကြာပါပြီ။ (အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးပြဿနာအကြောင်းကို နောက်ပို့စ်တစ်ပုဒ်မှာ ရေးဖို့ စဉ်းစားထားပါတယ်။) ဒါနဲ့ ကျွန်မတို့ ငယ်ငယ်က အဖေ့ဆီမှာ ပညာလာသင်ဖူးတဲ့ အစ်ကိုတစ်ယောက်ကိုခေါ်ပြီး အိမ်က အလုပ်ကို လုပ်ခိုင်းရပါတယ်။ သူကလည်း ကျေးဇူးရှင်ဆိုပြီး မုန့်ဖိုးပဲယူပြီး လုပ်ပေးပါတယ်။ ဒါပေမယ့် စားလောက်ရုံပဲ အဆင်ပြေတော့ လကုန်လို့ ကျူရှင်လခတွေ ပေးရတော့မယ်ဆိုရင် အမေနဲ့အဘွားနဲ့ ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြပါပြီ။ ရှိတာလေးတွေကို ပေါင်သင့်တာပေါင်၊ လှည့်သင်တာလှည့်နဲ့ ကြံရဖန်ရပါတော့တယ်။

ဒါတွေကို မြင်နေရတော့ ကျွန်မလည်း အတော်လေး စိတ်ညစ်ပါတယ်။ ကျွန်မရဲ့ စိတ်ထဲမှာ အဖေမရှိလို့၊ အဖေအလုပ်မလုပ်လို့ ဒီလိုဖြစ်နေတယ်လို့ပဲ ထင်ပါတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းကို ခဏခဏသွားပြီး အဖေလူထွက်ဖို့ ပူဆာရပါတယ်။ အဖေကလည်း ဘုန်းကြီးဝတ်နဲ့ ပျော်နေတော့ မထွက်ဘူးချည်းပဲ ငြင်းပါတယ်။ တွေးကြည့်ရင်တော့ အတော်လေး ငရဲကြီးမလား မသိဘူး။ ကျွန်မမှာ အဖေဘုန်းကြီးကို ချော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ တစ်ချိန်လုံး နားပူနားဆာတိုက်ပါတယ်။ နောက်ဆုံးတော့ နားငြီးလာလို့လားမသိဘူး။ ဝါကျွတ်တော့ လူထွက်လာပါတယ်။ ဒါပေမယ့် လူထွက်တဲ့နေ့မှာပဲ အရက်သောက်ပြီး အိမ်ပြန်လာတော့ အမေရဲ့ ဒေါသက ပေါက်ကွဲပါတော့တယ်။ အဖေနဲ့ အမေရဲ့ ရန်ပွဲတွေက ကြုံနေကျဆိုတော့ မထူးဆန်းတော့ပေမယ့် စာသင်နေတဲ့အချိန်တွေ၊ စာကျက်နေတဲ့အချိန်တွေမှာ အောက်ထပ်က စကားများသံတွေ ကြားနေရတာကတော့ တော်တော်လေး အဆင်မပြေပါဘူး။ တစ်ခါတစ်ခါလည်း မကြားချင်ယောင်ဆောင်ပြီးနေတယ်။ သည်းမခံနိုင်တော့ရင်လည်း လှေကားထိပ်ကနေ “မတော်ကြသေးဘူးလား.. ဒီမှာ စာကျက်လို့မရတော့ဘူး” ဆိုပြီး ဆင်းအော်ရပါတယ်။

ဘယ်လောက်ပဲ စိတ်ညစ်ပါစေ၊ ကျွန်မရဲ့ အာရုံတွေကို တစ်ခြားအရောက်မခံပါဘူး။ စာကိုပဲ ရအောင်ကျက်ပါတယ်။ ကျွန်မ ပညာတတ်မှသာ၊ အောင်မြင်မှသာ၊ ဒီဒုက္ခတွေက လွတ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့မိသားစုအကြောင်းကို မြင်နေရတဲ့ အမျိုးတွေဆို ကျွန်မကို အမြဲတမ်း သတိပေးတယ်။ “စိတ်ညစ်ပြီး မဟုတ်တာတွေကို လျှောက်မလုပ်နဲ့ဦးနော်” တဲ့။ စိတ်ချပါ။ ကျွန်မဟာ အသိဉာဏ်မဲ့ပြီး စိတ်အလိုလိုက်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ကျွန်မရဲ့ အရည်အချင်းကို အဆုံးအဖြတ်ပေးမယ့် ဒီပွဲမှာ ဘာအကြောင်းကြောင့်မှ အလွဲချော်မခံပါဘူး။ ကျွန်မ အရမ်းစိတ်ညစ်လာရင် ညနေဘက်အားတဲ့အချိန် တံတားပေါ်မှာ စက်ဘီးစီးတယ်။ ဆရာတစ်ယောက်ယောက်ဆီသွားပြီး စာလုပ်တယ်။ စကားပြောတယ်။ တစ်ချို့တွေကို ကျွန်မကို တစ်ချိန်လုံး အပြင်မှာပဲ တွေ့နေလို့ စာမကျက်ဘူးလို့တောင် ထင်ကြတယ်။ ဘယ်သူတွေ ဘာပဲထင်ထင် ကျွန်မကတော့ ဂရုမစိုက်ပါဘူး။ ကျွန်မအကြောင်းကို ကျွန်မအသိဆုံးပဲလေ။

ကျွန်မမှာ ဘယ်လိုပဲ အခက်အခဲရှိနေပါစေ၊ ပညာရေးနဲ့ပတ်သက်ရင် ကူညီမယ့်သူတွေ ရှိနေတာကတော့ ကျွန်မရဲ့ အတိတ်ကံကြောင့်ပဲ ထင်ပါရဲ့။ ကျွန်မတို့မြို့မှာ (၄) တန်း၊ (၈) တန်း နဲ့ (၁၀) တန်းအတွက် ထူးချွန်စာမေးပွဲဆိုတာ ရှိပါတယ်။ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့် ဆိုပြီး ဖြေရတာပေါ့။ ကျွန်မကတော့ အဲဒီစာမေးပွဲတွေကို အရမ်းအလေးထားပါတယ်။ (၄) တန်း နဲ့ (၈) တန်းမှာတုန်းကတော့ ဆုလိုချင်လို့ ကြိုးစားခဲ့တာပါ။ (၈) တန်းမှာတော့ မြို့နယ်အဆင့်ကိုယ်စားပြုပြီး ပုသိမ်ကို သွားဖြေဖူးတယ်။ ဆုတော့မရဘူး။ ရဖို့ကလည်း သိပ်တော့ မလွယ်ပါဘူး။ ကိုယ့်အကြောင်းလည်း ကိုယ်သိပါတယ်။ အခု (၁၀) တန်းမှာတော့ ဆုလိုချင်လို့ ဆိုတာထက် တိုင်းအဆင့်မေးခွန်းကို ဖြေကြည့်ချင်တာ။ တစ်ခြားမြို့နယ်က လာဖြေမယ့်သူတွေကို တွေ့ချင်တာ။ အဲဒါကြောင့်လည်း ဘာသာစုံဖြေခွင့်ရဖို့အတွက် ကျောင်းစတက်ကတည်းက ပြင်ဆင်ထားတာ။ ကျောင်းစာမေးပွဲတွေကို သေချာဖြေခဲ့တာ အဲဒါကြောင့်လည်း ပါတယ်။

ဒီဇင်ဘာလလောက်ရောက်တော့ ထူးချွန်စာမေးပွဲတွေ စလာပြီ။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ ဘာသာစုံဖြေချင်တဲ့သူက တစ်မြို့လုံးမှာ ကျွန်မတစ်ယောက်ပဲ ရှိတယ်။ ကျွန်မကလည်း စာရလွန်းလို့ ဖြေချင်တာ မဟုတ်ဘူး။ ဖြေမယ့်ဖြေ ဘာသာစုံလုံးကို အတွေ့အကြုံရအောင်ယူမယ်ဆိုပြီး ဖြေချင်တာ။ တစ်ခြားသူတွေကတော့ အချိန်ကုန်မခံချင်ဘူး၊ တစ်ဘာသာပဲဖြေမယ် ဆိုတဲ့သူတွေပဲ ရှိတယ်။ အဲဒီတော့ ကျွန်မက ပြိုင်ဘက်မရှိဘဲ ပုသိမ်ကို သွားရမှာ သေချာနေပြီ။ အဲဒီမှာတင် အမေက တားပါလေရော။ ပိုက်ဆံကုန်တယ်၊ မသွားနဲ့တဲ့။ ဝင်မဖြေနဲ့တဲ့။ အမေ့ခမျာလည်း အိမ်စရိတ်၊ ကျောင်းစရိတ်တွေကို တစ်ယောက်တည်း ဖြေရှင်းနေရတော့ အပိုထပ်ကုန်မှာ စိုးရိမ်တာ သဘာဝကျပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေက မြို့နယ်က ပေးမှာ။ အုပ်ထိန်းတဲ့ဆရာ လိုက်မယ်။ ခရီးစရိတ်တွေ အကုန်ရှင်းပေးမယ်။ စားစရိတ်လည်း တစ်ရက်ကို (၁၅၀၀) လားမသိဘူး ပေးဦးမယ်။ အိမ်က ပိုက်ဆံပေးလိုက်စရာ မလိုဘူး။ ဒါပေမယ့် ဘယ်လိုပဲ ရှင်းပြရှင်းပြ၊ အမေက လုံးဝလက်မခံဘူး။ ပိုက်ဆံမပေးဘဲနဲ့လည်း မလွှတ်လိုက်ချင်ဘူး၊ အများကြားမှာ မျက်နှာငယ်မယ်ပေါ့။ ပေးလိုက်ရအောင်ကလည်း မပေးနိုင်ဘူး။ ဒီလိုနဲ့ စိတ်ကြီးတဲ့အမေက ဘူးဆိုဖရုံမသီးဘူး ဆိုတော့ ကျွန်မမှာ ငိုလိုက်ရတာ။ အိမ်မှာစာသင်တဲ့ ဆရာတွေကလည်း ဖြေစေချင်ကြတယ်။ ဒါနဲ့ သူတို့တွေပြောပေးတယ်။ မရဘူး။ နောက်ဆုံးတော့ ဆရာတွေက အမေ့ကို နင်မပေးနိုင်ရင် ငါတို့တပည့်ကို ငါတို့ပေးလိုက်မယ်၊ နင်သာ ခွင့်ပြုပေးလိုက် ဆိုပြီး ပြောတော့မှ လျှော့ပေးတော့တယ်။ ဒါပေမယ့်လည်း မိဘလေ။ မပေးဘဲ ဘယ်နေမလဲ။ နောက်ဆုံး အမေက တစ်သောင်း၊ ဆရာနှစ်ယောက်က တစ်ယောက်ကို တစ်သောင်းစီနဲ့ စုစုပေါင်း ငွေသုံးသောင်းကို ကိုင်ပြီး ပုသိမ်ကို လိုက်သွားရတယ်။ ဟိုရောက်တော့လည်း  ဘာမှ မကုန်ပါဘူး။ အိမ်ကနေ အမဲကြော်နဲ့ ငါးပိကြော် ယူသွားတော့ တစ်နေ့ကို (၁၅၀၀) က ပိုတောင်ပိုနေသေးတယ်။ အုပ်ထိန်းတဲ့ဆရာမကတော့ စိတ်ဆိုးသေးတယ်။ နေ့တိုင်း ငါးပိကြော်စားမနေနဲ့တဲ့။ မြို့နယ်က အလုံအလောက်ပေးလျက်သားနဲ့ ငါးပိကြော်စားပြီး အားပြတ်ရင် နင်မလွယ်ဘူးတဲ့။ အမေပေးတဲ့ ပိုက်ဆံကို လုံးဝမသုံးဘူး။ ဆရာတွေပေးတဲ့ ပိုက်ဆံရယ်၊ စားစရိတ်က ပိုတဲ့ပိုက်ဆံရယ်နဲ့ ဆရာတွေအတွက် ဟာလဝါတို့ ဘာတို့ ပြန်ဝယ်သွားတာပေါ့။ အဲဒီမှာဖြေတဲ့ စာမေးပွဲကတော့ တကယ့်စာမေးပွဲကြီးအတိုင်းပဲ ဖြေရတာ။ ဆုမရနိုင်မှန်း သိလို့ စိတ်လျှော့ပြီးဖြေတာတောင် စာမေးပွဲခန်းထဲဝင်တော့ ရင်တွေဘာတွေ ခုန်နေသေးတယ်။ လိုချင်တဲ့အတွေ့အကြုံတွေလည်း ရခဲ့သလို စာ စာ စာ ဆိုပြီး စာထဲနစ်နေရတဲ့ ကျွန်မအတွက် ခရီးထွက်ရလို့ စိတ်အပြောင်းအလဲလည်း ဖြစ်တာပေါ့။ အသွားတုန်းက ကားနဲ့ သွားပေမယ့် အပြန်ကျတော့ ပုသိမ်-မအူပင်ကို သင်္ဘောစီး၊ မအူပင်-ဖျာပုံ၊ ဖျာပုံ-ဒေးဒရဲ ကားပြန်စီးရတဲ့အတွက် ကျွန်မဘဝရဲ့ ပထမဆုံး သင်္ဘောစီးအတွေ့အကြုံလည်း ဖြစ်ခဲ့ပါတော့တယ်ရှင်။

18 comments

  • black chaw

    May 23, 2014 at 3:25 pm

    အတွေ့အကြုံ အပိုင်း ၄ ကို စောစော စီးစီး
    အားပေးသွားပါတယ်ဗျာ…။
    ပြီးတော့ ငယ်ချစ်ဦး လေးငါးခြောက်ယောက်လောက်ကိုလည်း
    ထုံးစံအတိုင်း သတိရသွားတယ်ပေါ့…။
    ဒါနဲ့ စကားအတင်းစပ်…။
    မနေ့က ၁ဝ လ ပြည့်…
    အမေမသိအောင် ခိုး တွေ့ဖြစ်ကြသေးလား…။
    :mrgreen:

    • တွေ့လား..
      သများကို တရားခံရှာပြန်ပြီ.. မဒမ်နဲ့ တိုင်ပြောမယ်..

      ဟဲ.. ၁ဝ လပြည့်ကတော့ တောဇီးကွက်ပေါ့နော်.. ဟိဟိ..

  • nozomi

    May 23, 2014 at 3:26 pm

    အမေ ငယ်ငယ်က အဘိုး အရက်မူးလာရင် ဂျီကျ ဒုက္ခပေးတဲ့ ဒဏ် ခံခဲ့ရတာမို့

    အဖေနဲ့ ယူခါနီး ရှင် အရက်မသောက်ရဘူး ဆိုတဲ့ တားမြစ်ချက် တစ်ခုကို တောင်းဆိုခဲ့ဘူးတယ်တဲ့

    မွန်မွန်လေးရော အခု ဘာတောင်းဆိုထားလဲ ဟင်

  • Mr. MarGa

    May 23, 2014 at 3:46 pm

    လောလောဆယ် ခေါင်းထဲရောက်လာတာ ဆယ်တန်းမှာ ဂိမ်းနှိပ်သေးလားဆိုတဲ့အတွေး
    ပြီးတော့ (ကပြောင်းကပြန်) သတိရမိတာက အတန်းပိုင်ဆရာမ
    ပြီးတော့ ဘာသာရပ်ဆိုင်ရာ ဆရာမတွေ
    အဆိုးထဲမှာ မပါခဲ့ပေမယ့် နည်းနည်းလောက်တော့ နှိပ်စက်ခဲ့ဖူးသေးတယ်လေ….

    အင်းး သူများအကြောင်းဝင်ဖတ်ပြီး ကိုယ့်အကြောင်းကိုယ်ပြောရတာလည်း တစ်မျိုးကောင်းသဟ အဟိ :mrgreenn:

    • ငါကတော့ ဂိမ်းမနှိပ်ဖူးဘူးတော့်.. ဟိဟိ..

      များများလာပြောနော်..ပွိုင့်လေးဘာလေး တိုးအောင်လို့.. 🙂

  • myat pearl phyu

    May 23, 2014 at 5:17 pm

    မွန်မွန်ရဲ ့ ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှုတွေကို ခံစားသွားပါတယ်…
    ဒီလိုပါပဲ ဘဝတွေဟာ အဆင်ပြေလိုက် အဆင်မပြေလိုက်နဲ့ …
    လောကဓံတရားက ဘယ်သူ့ကိုမှ မျတ်နှာသာမပေးပါဘူးလေ…
    အကောင်းအဆိုးဒွန်တွဲနေတာပေါ့…
    အတိတ်ကာလကို သင်ခန်းစာဆိုရင်
    အနာဂါတ်ဘဝသာယာဖို့ကတော့
    လက်ရှိကိုယ်တိုင်ကြိုးစားအားထုတ်မှုပဲလိုပါတော့တယ်လို့ ….
    ခင်မင်သော
    MPP

    • ကွန်မန့်လေးနဲ့ အားပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ်နော်..

      MPP ကိုဖတ်လိုက်တာ..MPT တဲ့.. ဟီး..
      လွဲတာကလည်း အကြီးကြီး :mrgreen:

  • snow smile

    May 23, 2014 at 6:46 pm

    ရင် နဲ နဲ ကြပ် လာ ပြီ အ မွန် လေး ရေ
    အ ဟင်း အ ဟင်းးးးး

  • ကေဇီ

    May 23, 2014 at 7:14 pm

    ဒါတွေသိတော့ အမွန်လေး စိတ်ကို ပိုနားလည်မိတယ်။

  • အရီးမုတ်ဆိတ်

    May 24, 2014 at 3:41 am

    လုံမရေ
    အတွဲလိုက်ဖတ်ပြီး ပြန်လာမယ် နော်။
    အခုတော့ အချိန်စေ့ပြီမို့။
    ချစ်တဲ့
    အရီး :-)))

  • Swal Taw Ywet

    May 24, 2014 at 5:33 am

    ကောင်းလိုက်တဲ့ ဘဝမှတ်တမ်း။ ကျနော့်ပို့စ်လေးတွေရပ်ထားမိတာတောင်သတိရမိသေး။ လောကဓံ လှိုင်းပုတ်လိုက်လို့ ရွှေမန်းမှာ သောင်တင်နေတာမို့ ဟစိဟစိဘွ။ ကိုရီးယားကားတွေထဲကလိုအော်ပေးလိုက်မယ် မွန်မလေးလုံလုံရေ။ Fighting.
    With respect,
    Swal Taw Ywet.

  • အရီးမုတ်ဆိတ်

    May 24, 2014 at 8:20 pm

    လုံမ က တကယ်စာရေးကောင်းတာနော်။
    ကိုယ့်ဘဝ စဉ်လေးကို စိတ်ဝင်စားအောင်ချရေးပြနိုင်တာ နည်းတဲ့ ပါရမီ မဟုတ်ဘူး။
    အရမ်းအဆင်ပြေတဲ့ ဘဝ မှာ နေရင်း အောင်မြင်တာ နဲ့ ရုန်းကန်ပြီး အောင်မြင်ရတာ အရသာ ကွာမှာ အသေအချာပါ။
    အရီးတို့ အချိန်တုန်းက ကျူရှင်တွေ ဂိုက်တွေ မရှိသလောက်ပါ။
    ကျောင်းကို ဘဲ အားကိုး ရတော့ မိဘတွေမှာ ဝန်သိပ်မပိဘူး။
    အကပ်ကောင်း မှ အမှတ်ကောင်း ဆိုတာ အရမ်းရှားပါတယ်။
    ကြိုးစားရင်ကြိုးစားသလောက် ဖြစ်ပါတယ်။
    ဒါပေမဲ့ အဲဒီထဲက နယ်ဖက်က လူတွေ မှာ ဆရာကောင်း ကျောင်းကောင်း လိုနေတာ။
    တစ်ချို့နယ်တွေ အထက်တန်းကျောင်းဆရာမရှိဘူး။
    အခုတော့ ပိုဆိုးပေါ့။
    ကိုယ်ပိုင် အရည်အချင်း ရှိရင်တောင် ထွက်လာနိုင်ဖို့ ခက်နေသလားဘဲ။
    ဆက်ရေးပါ။
    အားပေးနေတယ်။ စိတ်လဲ ဝင်စားတယ်။
    လုံမ ဘယ်လို တိုက်ပွဲဝင်ခဲ့တယ် ဆိုတာ။
    အခုလဲ ပျော်ပျော်ကြီး တိုက်ပွဲဝင်နေဆဲလို့ ယုံပါ့။

    ချစ်တဲ့
    အရီး

  • alinsett (gazette)

    May 25, 2014 at 5:47 pm

    မွန်မလေးလုံလုံက တကယ့်ကို စာရေးကောင်းတာပါ
    ခင်ရာမင်ကြောင်းမို့အကောင်းရွေးပြောခြင်းမဟုတ်ပါဘူး
    ကိုယ့်ဘဝတစိတ်တပိုင်းတွေကို အဲ့သလို စိတ်ဝင်တစားဖတ်လို့ရအောင် ရေးပြနိုင်တာ နည်းသလား
    ဖတ်တဲ့သူအတွက် သုတရော ရသပါ ရတာ. . .

    ထပ်တွေးမိတာက
    အခု မောင်သူရရဲ့ညီငယ်က ဆယ်တန်းတက်မှာ
    သူ ဘွဲ့တစ်ခု ရပြီးချိန်ကျရင်
    သူ့ဘဝတစ်ဆစ်ချိုး ဆယ်တန်းတက်စဉ်ကကို
    အခု မွန်မွန်ရေးပြသလို ရေးခိုင်းကြည့်ဦးမယ်. . .

    🙂

    ခင်မင်လျက်

  • surmi

    May 26, 2014 at 10:14 am

    တခါတလေ ပြန်တွေးပြန်ပြောချင်တဲ့ အတိတ်တွေရှိသလို
    တခါတလေ ရှောင်ပုန်းချင်မိတဲ့အတိတ်တွေလည်း ရှိနေတတ်ပါတယ်
    ဒါကြောင့်
    ရှောင်ပြေးနေတာပါကွယ်တို့ :kwi:

  • aung moethu

    May 29, 2014 at 8:40 am

    မိသားစုဘဝ မပြေလည်တဲ့ဘဝမှာ ဘဝနာခဲ့တဲ့ အပိုင်းအစလေးတွေပေါ့။ ဘဝနာခဲ့တဲ့သူတွေဟာ လောကဓံကို ကောင်းကောင်းရင်ဆိုင်နိုင်တယ်။ မွန်မွန်ရေးမှ သတိရတယ်။ ကျတော့် ဘဝက ပြောရင် ယုံမှာတောင်မဟုတ်ဘူး။ ခုတော့လည်း ဘဝဆိုတာ ဒါပါလားလို့ ညည်းတွားမိပါရဲ့

Leave a Reply