စူပါကော်ဖီမစ်ရဲ့ ကြော်ငြာလေးတခုကတော့” စောစောအိပ်လို့ စောစောထလို့ စောစောကော်ဖီသောက်ပါစို့တဲ့”…

ကျန်းမာရေးအတွက် ဆောင်ပုဒ်ကလေးပေါ့… ” စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ “…

ကျွန်တော့် အသိ အန်တီ နဲ့ ဦးလေး တယောက် အတွက်ကတော့ ” စောစောအိပ်လို့ စောစောထလို့ စောစောကားတိုက်ခံကြပါစို့ ” တဲ့ဗျာ…

 

ဖြစ်စဉ် ( ၁ )

နာမည်အရင်းပါ ပြောင်းမထားပါဘူး ဒေါ်ခင်စန်းဝေတဲ့… မျက်နှာချို… ဘာသာရေး သာရေး၊ နာရေး တွေဆို တွေ့နေကြ…

ကျွန်တော့်ကိုဆို အောင်ငယ် ဘယ်နှတန်းရောက်ပြီလဲ၊ ဘယ်မှာ အလုပ်လုပ်နေလဲ၊ လစာ ဘယ်လောက်ရပြီလဲ… မေးနေကြ…

အမျိုးမတော်ပေမဲ့ အဖေတို့နဲ့ ရပ်ဆွေ ရပ်မျိုးတွေ ဆိုတော့ ရန်ကုန်ရောက်တော့လဲ အမျိုးတွေနဲ့  ဘာပွဲလုပ်လုပ်လာနေတော့ ခင်နေတာ…

နေတော့ သူက အလုံ သစ်တောလမ်းမှာ…

မနက်ပိုင်းဆို သူနေတဲ့ သစ်တောလမ်းကနေ အထက်ကြည့်မြင်တိုင်လမ်းမကြီးကို တက်… အဲကနေ အလုံလမ်း ရောက်ရင် ညာချိုး၊ ပြည်သူ့ရင်ပြင်ကို သွားပြီး ကျန်းမာရေးလေ့ကျင့်ခန်း သွားလုပ်နေကြ…

ဟိုမှာက ရွှေတိဂုံဘုရားကိုလဲ ဖူးရင်း.. သူငယ်ချင်းရွယ်တူတွေနဲ့ အားကစားလုပ်ရင်း… လေကောင်းလေသန့်ရှုမယ်ပေါ့…

အဓိကကတော့ အသက်ကလေး ကြီးလာတော့ ကျန်းမာရေးကောင်းအောင် အသက်ရှည်အောင် လမ်းလျှောက်တဲ့ သဘောပေါ့…

တနေ့….

သူသွားနေကျအတိုင်းလေး သွားပါတယ်.. လမ်းဘေးလဲ ကပ်လျှောက်ပါတယ်.. ဒါပေမဲ့ တညလုံးကဲပြီး မူးမူးနဲ့ ကားက သူ့ကို ဖြတ်တိုက်သွားပါတယ်….

အုံးးးးးးးးးးးးးးး ကနဲပါပဲ..

ဘယ်လောက်တောင် အသံကျယ်လဲဆိုရင် အဲနားက အလုံရဲစခန်းကပါ ကြားရတယ်…

ဖြစ်တာက အရင် ဟာမိုနီ ကေတီဗွီ အထက်ကြည့်မြင်တိုင်လမ်းမ နဲ့ အလုံလမ်းထောင့်မှာ… ကြားတာက အလုံရဲစခန်းနားဆို ဘယ်လောက် ပြင်းလဲ ဆိုတာ စဉ်းစားသာကြည့်ပေတော့ပဲ…

တိုက်တဲ့ကောင်က ပြေးတာပဲ.. တော်သေးတယ်… အဲနားက စည်ပင် ၀န်ထမ်းက အမှိုက်လှည်းနေရင်းတွေ့လို့ အော်တော့..

ပတ္တရောင်လှည့်တဲ့ ရဲက လိုက်ဖမ်းတော့ မိသွားတယ်…

လူငယ်ပါပဲ… ဒါပေမဲ့ စည်းကမ်းမရှိတဲ့ လူငယ်ပေါ့…

သူ့ပဲ အပြစ်တင်ရမလား… သေမင်းပဲ အပြစ်တင်ရမလား… စောစောထလျှောက်တဲ့ အန်တီကပဲ ကံဆိုးတာလားတော့ မသိ….

ကျွန်တော့်ကို ချစ်သော အန်တီ တယောက်ဆုံးရှုံးခဲ့ရတယ်… သူသာ ရှိခဲ့ရင် ကျွန်တော့ မင်္ဂလာဆောင် ကျိန်းသေလာမှာဗျ… :(

 

ဖြစ်စဉ် ( ၂ )

 

ဒါကလဲ လတ်လတ်ဆတ်ဆတ် သတင်းပဲ… ညကမှ အစ်မက အဖေ့ကို ဖုန်းဆက်တယ်….

” ဦးအောင်စိုး ဆုံးပြီတဲ့.. သိပြီးပြီလား… ” တဲ့…

ဘယ်လိုဖြစ်တာလဲ…?

လမ်းလျှောက်ထွက်ရင်း  ကားက ခေါင်းကို ကြိတ်မိပြီး သေသွားတာတဲ့….

ဘုရား ဘုရား ဘုရား… အဲဒီ ဦးလေးက အဖေတို့ ကျေးဇူးရှင်ဆိုလဲ မမှားဘူး…

အရင် အဖေတို့ အလုပ်လုပ်တုန်းက သူက အ၀ယ်တော်လေ…

ရန်ကုန်ရောက်တော့လဲ  ကျွန်တော်တို့ အခက်အခဲဖြစ်တုန်းကလဲ သူပဲ ကူညီခဲ့တယ်…

ပိုက်ဆံတွေပါ ချေးခဲ့တာဗျ..  အမေတို့ ဘုရားရှိခိုးတိုင်း သူ့နာမည်ကိုထည့် ဆုတောင်းတော့  လူကို သိပ်မတွေ့ရပေမဲ့ နာမည် ရင်းနှီးနေတာ…

ကျွန်တော်တို့ မင်္ဂလာဆောင်တော့လဲ သူလာပြီး ချီးမြှင့်သေးတယ်…

အခုတော့…….. ဆုံးသွားပြီတဲ့….. စိတ်မကောင်းဘူးဗျ…..  ကျွန်တော် ရင်းနီးတဲ့ သူတွေ သေသေကုန်ကြတယ်….. သေတာမှ…… သေချင်း    ဆိုးခဲ့ကြတယ်….

၂ ယောက်လုံး ဘုရားနဲ့ တရားနဲ့ နေတဲ့သူတွေ… စိတ်ကောင်း နှလုံးကောင်း လူတွေချည်းပဲ… :(

ဖြစ်တာက… သူလဲ လမ်းလျှောက်ထွက်တာပဲတဲ့…

နေတာက ၄၇ လမ်းမှာဆိုတော့… ဗိုလ်တထောင်ကနေ ကြည့်မြင်တိုင် ဟုမ်းလမ်းထိပေါက်တဲ့ ကွန်တင်နာ လမ်းမကြီးက မနက်ဆို ကားရှင်း၊ လူရှင်းပေါ့…

ဒီတော့ လူက ကြီးလာတော့ ကျန်းမာရေး အနေနဲ့ လမ်းလျှောက်ထွက်မှာပေါ့…

တကယ်တော့ အဲဒီလမ်းတွေဆိုတာ  ကွန်တင်နာကားတွေ သီးသန့် အမြန်မောင်းလို့ ရအောင် သက်သက်ကို ဖောက်ထားတာဗျ..

ဒါကို ဦးလေးက မသိရော့သလား…. ဖြစ်ချိန်တန်လို့ ဖြစ်တာလား… ကားသမားကပဲ အိပ်ရေးပျက်ပြီး ကြောင်နေတာလား… မူးနေတာလားဆိုတာ…. အခုထိ မသိရသေးပါဘူး….

မနက်ကတည်းက ထွက်သွားတာ မလာလို့ ရှာတာ… ညမှ တွေ့တာ ဆိုတော့…. တရားခံလဲ မိမယ် မထင်ပါဘူးဗျ….

ကျွန်တော့ကို ချစ်တဲ့ ခင်တဲ့ သူတွေ   ဆုံးရှုံးသွားရတာ အမှန်ကို  ၀မ်းနည်းတယ်ဗျာ….

 

အဲဒီတော့ ကျန်းမာ အသက်ရှည်အောင် ဆိုပြီး… လမ်းလျှောက်ကြတဲ့ အန်တီ နဲ့ ဦးလေးအတွက်ကတော့….

” စောစောအိပ်လို့  …..    စောစောထလို့…..    စောစော ကားတိုက်ခံကြပါစို့…… ” ဆိုသလို ဖြစ်နေပါပြီဗျာ…..     feeling sad  :(  :(   :(

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...