သူမမျက်နှာအား သေသေချာချာငုံ့ကြည့်နေမိသည်။ သူမအား တစ်ခါဖူးမျှ မမြင်ဖူးခဲ့ပေ။ တစ်ရံတစ်တစ်ခါများသော်မျှ ရင်းနှီးဖူးသည်ဟု ခံစားမိခြင်း အလျဉ်းမရှိ။ အဘယ်သို့နည်းနှင့်များ သူမအား သူငုံ့ကြည့်နေမိပါသနည်း??? သူမသည် သူ၏ရှေ့မှောက်သို့ မဖိတ်ခေါ်ပါပဲနှင့် ရောက်လာလေသော မုန်တိုင်းတိုက်ပြီးစ လေပြေလေညှင်းလေအလား။ အေးမြစေအောင် တိုက်သော်လည်း လေ ဆိုသည်နှင့် ကြောက်နေသူများအား ခြောက်လှန့်နေသော တစ္ဆေတစ်ကောင်လေအလားပင်။

သူစိမ်းနှစ်ယောက် သူစိမ်းဆန်စွာတွေ့ဆုံခြင်းများမှာ အနည်းငယ်တော့ လောက၀တ်လေးတော့ ရှိသင့်ပေသည်မလား။

ခုများတော့ အရင်းနှီးဆုံးသူစိမ်းတွေ တွေ့ဆုံခြင်းမှာ စိမ်းစိမ်းကားကားနှင့်..။

” ရော်….

ခက်လိုက်တာ
အပြုံးတစ်ပွင့်သာရယ်ပ ခပ်ဟဟ သူ(မ)ရယ်ပြတာ
ဘဇာကြောင့်များ တုန်ခြောက်ခြားလဲ
မျက်နှာမှာ အပြုံးတွေ ခိုတွဲနေတာပဲ
အဓိပ္ပါယ်တွေ ဖွင့်မနေပါနဲ့တော့
ဟက်တက်ကွဲရင်ကြီးကိုဖွင့်ပြီးပဲ
ရဲရဲကြီး ကြိုလိုက်ပါကွယ်
လွမ်းရမယ့်သူတွေမှ မဟုတ်ပဲ “

++++++++++++++++++ ရှူံးနိမ့်မှုများနဲ့.. လူ ++++++++++++++++++

သူမမှ တိုးညှင်းငြင်သာစွာ ပြောလေ၏။ ပြောဆို နောက် မိနစ်အနည်းငယ်မှာပင် သူမ ထပ်မံပျံသန်းရပေဦးတော့မည်။

” သူ..
ဒီနေ့ဆို ၄ နှစ်ပြည့်ပြီနော်
သူ မေ့နေပေမယ့် အမှတ်တရအနေနဲ့ ပြောမယ်နော်
သူ့ကိုပဲ သိပ်ချစ်ပါတယ် ”

ဆစ်ကနဲ ဖြစ်သွားသည့် ရင်ဘတ်ကြီးကြောင့် တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ နှစ်ခွသော လျှာတစ်ခု နှုတ်ခမ်းစွန်းမှ အဆိပ်ရည်တစ်ချို့ကို အသာသိမ်းကျုံးယူရင်း မြိုချလိုက်သည်ကို မြင်လိုက်မိသည်။

တစ်ချိန်တုန်းကများတော့ ထိုနေ့များသည် သူတစ်ယောက်တည်း Celebrate ကျင်းပခဲ့ရသည့် ရူးသွပ်ခြင်း အိမ်မက်နေ့ညရှည်များ….

ထိုနေ့ရက်များတွင် သူမသည် လှပစွာ ရွှင်မြူးနေလေ၏။
ထိုနေ့ရက်များတွင် သူမသည် အလှဆုံးအပြုံးများနှင့်
ထိုနေ့ရက်များတွင် သူမသည် အတောက်ပဆုံးမျက်ဝန်းများနှင့်
ထိုနေ့ရက်များတွင် သူမသည် ချစ်ခြင်းများကို အလှဆုံးနှုတ်ခမ်းများနှင့် ခွန်းဆို ချိုစကားလေးများ ဖွဲ့သီလျက်သားနှင့်

” ရင်တစ်စုံ
ကျွမ်းလောင်ကာရယ်မှ
လွမ်းသမျှ အဆိပ်ရည်တွေနဲ့ ပြည့်နေတာလား
မပြောလိုဘူးကွယ်
မျိုချမိခဲ့တာတွေက ချိုချိုမြမြတွေပဲမလား
နေ့ရက်တိုင်း လှနေတာမှမဟုတ်တာ
လှခဲ့တာတွေတိုင်းလဲ နေ့ရက်တွေမဟုတ်မှတော့
ငါတို့တွေ
ခပ်ပြင်းပြင်း အရက်တွေပဲ ဖြတ်သန်းစေကြည့်မယ်
သူ့လောက်တော့ စာမဖွဲ့လောက်ပါဘူး။ “

++++++++++++++++++ ရှူံးနိမ့်မှုများနဲ့.. လူ ++++++++++++++++++

မွန်းကျပ်ခြင်းနေ့ရက်များဆိုသည်မှာ ပိတ်လှောင်နေခြင်းကို ဆိုလိုခြင်းတော့ မဟုတ်ပေ။ သူတစ်ယောက် ကျယ်ပြောလှသော သဲကန္တာရကြီးထဲ လျှောက်ကြည့်သည်။ စိတ်ထဲပိုကျပ်လာသည်။ အသက်ပင်မနည်းရှူနေရသည်။ ပြင်ပ နေ ကြောင့်တော့မဟုတ်။ ရင်တွင်း နေအစင်းတစ်ရာကြောင့်ဖြစ်သည်။

တစ်ယောက်တည်းဖြစ်နေရသည့်ကြားထဲ တစ်လောကလုံးတစ်ယောက်ထဲ ရှိနေသယောင်ယောင်။

ကမ်းခြေတစ်ခုသို့ စောစောစီးစီး ရောင်နီလင်းစသွားမိသည်။ ဆားနံ့ပါသော ပင်လယ်လေများရှူရှိုက်မိလျင် အသက်ရှူမ၀သော ရင်ဘတ်ကြီးတစ်ခု ရင်များချောင်သွားမလားဟု။

တစ်ကယ့်တစ်ကယ်များမှာတော့ ရင်ချင်းအပ် ချစ်ခြင်းပြိုင်နေသည့် ကမ်းစပ်မှ လှိုင်းရိုက်သံများကြား ချစ်ကြည်နူးမြူးပျော်နေသူများ……
လက်ချင်းကိုတွဲ… ထွန်းသစ်စ နေမင်းကြီး တောက်ပလာသည်ကို စောင့်မျှော်နေရင်း ပင်လယ်၏ တေးသံ လှိုင်းသံလဲ့လဲ့လေးများကို နားထောင်ရင်း အနာဂါတ်အတွက် မျှော်လင့်ရင်ခုန်ရင်း ချစ်သူလက် မြဲမြဲမြံဆုပ်ကိုင်ထားသူများ…..

ထိုသူများနှင့် မလှမ်းမကမ်းမှာတော့

သူတစ်ယောက် တစ်ကိုယ်ထဲ စိတ်တိုင်းကျ ချမ်းခိုက်တုန်နေရင်း အသက် တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ၊
အို… နောင်လာမည့်အချိန်တွေကုန်ဆုံးသွားနိုင်ဖို့အရေး သူ့ထွက်သက်ကြီးများ အကြီးကြီးတွေချနေရင်း၊ ချနေရင်းနှင့်

သူ့တစ်ယောက် အိမ်မက်တွေ

ပျက်ကြေပြိုလဲ ပျောက်ဆုံးလွင့်ဝဲ….

နေလုံးကြီးတစ်လုံးတော့ ဟိုးတစ်နေရာ မိုးကုပ်စက်ဝိုင်းအောက်၊ ပင်လယ်ကြီးရဲ့အောက်မှ တစ်နေ့တာသူ့တာဝန်ကျေဖို့အရေး ပျံဝဲတက်လာလေ၏။

” နေတစ်စင်း
သူ့ချည်းပဲထွန်းလင်းမှ ပူတာရယ်မှ မဟုတ်တာ
လ အစင်းတစ်ရာ လင်းထိန်သော်မျှ
ရင်ဘတ်ကြီးတစ်ခု မီးဟုန်းဟုန်းတောက်နေတာ

လှိုင်းသံတစ်ချက်နဲ့တော့ ဒီရင်တစ်ခု
အေးလိမ့်မယ်မထင်ဘူး
မျှော်လင့်ခြင်းတွေစိုရွှဲ
အိမ်မက်ဝတ်ရုံလွှာလေးခပ်ပါးပါးလွှမ်းခြုံ
အနာဂါတ်တွေ
အိပ်ရာက နိုးထတိုင်း
နေ့တစ်နေ့တာကို အစပြုတိုင်း
လုပ်ငန်းခွင်ဝင်တိုင်း
တစ်နေ့တာပြီးဆုံးတိုင်း
အနားနားရှိနေမှ လွမ်းမောခြင်းအိမ်မက်ရှည်
ချုပ်ငြိမ်းမယ်ထင်ရဲ့

ခုများတော့
ငါ့ဖာသာတစ်ယောက်တည်း
နေ၀င်လိုက် မိုးချုပ်လိုက်နဲ့
ဘဝ
ဂယောင်ရယ်တဲ့မှ ခြောက်ခြား။ ။ ”

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..