မေမြို့သားဆိုတာ ဘာများကြောက်စရာကောင်းလဲလို့ ဖတ်လိုက်တော့ တစ်ချို့နေရာတွေ လွဲနေတယ်ထင်တယ်.. တစ်ကယ်တန်း မန္တလေးမှာ နာမည်ကြီးတာ ကိုယ်တို့ခေတ်အခါတုန်းကတော့ တစ်မျိုးပေါ့လေ.. လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကျော်က ပြောပါတယ်..

ပြောရမယ်ဆို နည်းနည်းတော့ ရှည်လမျောကြီးဖြစ်နေမပေါ့ကွယ်.. ဖတ်ရင်း ဘတ်လဘိုင်လိုက်သွားရင်တော့ မသိဘူးပေါ့

ဆိုတော့ကာ.. ကိုယ်တို့မှီလိုက်တဲ့ ကိုယ်တို့သိလိုက်တဲ့ ခေတ်တုန်းကပေါ့

အဲ့ဒီတုန်းက (ခုတစ်ခေါက်ပြန်ရောက်ခဲ့တုန်းကလို) မေမြို့သားတွေက ဖင်ကြားမှာ အင်ဂျင်တုန်းကြီးတွေ မညှပ်နိုင်သေးတော့ ပိုက်ဆံအနည်းငယ်တတ်နိုင်သူများက ဖီးဆင့်ဘီးကို နောက်ကယ်ရီယာဖြုတ်ပြီး နင်းတာကကို စမတ်ဂွမ်နေတာလား… မတတ်နိုင်သူများကတော့ ဆိတ်ငါးကောင်ဘီးကို နောက်ကယ်ရီယာခုံဖြုတ်၊ လူတင်ချင်တင်လို့ရအောင်ရယ်၊ အရေးကြုံလာရင် ဆော်ပလော်တီးရအောင်ရယ် သစ်သားဘားတန်းကို စက်ဘီးထိုင်ခုံတန်းမှာ ထိုးရင်း မေမြို့တစ်ခွင်ပါတ်နေရတာ။ စာမေးပွဲနောက်ဆုံးရက်တွေမှာတော့ ချိန်းဖုံးကြားမှာ ချိန်းကြိုးတွေပါ ပါတာပေါ့နော..

မေမြို့

ဆိုတော့… အဲ့ဒီကာလတုန်းများကပေါ့.. မေမြို့သားတွေမှာ တတ်နိုင်လွန်းပါတယ်ဆိုမှ စူပါကပ်လေးတွေပေါ့၊ ကျောက်စိမ်းလေးများ စီးလိုက်လို့ကတော့ ဆော်ကြည်ဘဲပဲ။ ဇွတ်အတင်း မရမက ပြောရမယ်ဆိုရင်များ ကိုယ်တို့မြို့မှာ ကိုယ်တို့မြို့သူ ထ(၂)က ဆရာမ မစန္ဒာရဲ့ ယောကျာ်း နိုင်ငံကျော် (ထိုခေတ်က နာမည်အတော်ကြီး) အငဲတောင် မေမြို့ရောက်ရင် သူ့ဆံပင်ဖားလျားကြီး၊ ဂလန်ဂလားကြီးနဲ့ လေးဖြူတို့ ဟာလေကြီးတွေစီးပြီး ဓါတ်ပုံအရိုက်ခံနေတာမှမထောက် မြို့အနှံ့ ဆူပါကပ်ဆိုင်ကယ်အပုလေးနဲ့ လျှောက်သွားနေလိုက်တာမှကွာ.. သိပ်ပြီး Rocker ကြီးပီသလွန်းလို့ သူများတွေ လေးဖြူကို အားကျနေရာကနေ အငဲကို အားကျလို့တဲ့ ဆူပါကပ်ပဲ တွင်တွင်ကျယ်ကျယ်စီးကြတယ်။ (အိတ်ဇောပိုက်တောင် ဖြုတ်လိုက်သေး.. အဲ့လို)

နောက်တစ်ခုကကွာ မေမြို့သားတွေမို့ ကြုံတုန်းလေး ပြန်အလွမ်းသင့်လိုက်ချင်ပါသေးတယ်.. မေခလမ်းထဲမှာကွာ လမ်းမဆုံးခင်ထောင့်ချိုးကွေ့လေး ဘယ်ဘက်ကတိုက်လေးက သီချင်း အနည်းငယ်ဆိုဖူးတဲ့၊ ခုဘယ်ရောက်နေမှန်းမသိတဲ့၊ ဒို့များခေတ်တုန်းက ထွဏ်းထွဏ်းတို့နဲ့ ခေတ်ပြိုင် ခရစ္စတိုဖာ ဆိုတာ ရှိဖူးတယ်ကွ၊ တစ်ချို့များတော့ သိမယ်ထင်တယ်။ သူတို့ဆို သိပ်ပြီး Rocker ပီသကြတာ။ အဲ့ဒီလမ်းတစ်လျှောက် အဲ့ဒီတုန်းက ကိုယ်ပိုင်ကားတွေ ရှိကြတယ်.. ညီတို့လို ကချင်နုထွားတွေရော၊ ကချင်မ နုထွားလေးတွေရောပေါ့။ ကိုယ်လဲ အဲ့ဒီလမ်းမှာ နေခဲ့ဖူးတယ်ဆိုတာ PM ကနေ တစ်ခါပြောခဲ့ဖူးပါတယ်..။ လိုရင်းကို ပြောမယ်ပေါ့ကွာ.. အဲ့ဒီခရစ္စတိုဖာတို့ မိသားစုက ROCK ဂီတကို သိပ်ပြီး မြတ်နိုးလွန်းတာရယ်၊ ကိုယ်နေဖူးတဲ့ အိမ်နောက်ဖေးကပ်လျက်က ကိုအငဲကို သိပ်အားကျတာရယ်ကြောင့် ဆူပါကပ်ကြီးပဲ ၅ စီးတောင် အိမ်သုံးအနေနဲ့ ထားထားသတဲ့။ ဖြစ်ပုံများ အဲ့လို။

ကြုံတုန်းလေး ပြောပြချင်လာပြန်ရော.. ပြောရရင် ကိုအငဲတို့ခြံနောက်ဘက်မှာ သင်္ဘောသီးပင်တွေ စိုက်ထားသကွ၊ အပင်တွေကလဲ အတော်လေးရှည်တယ်ပေါ့.. ဒီတော့ ခြံစည်းရိုး ကျော်နေတယ်ပေါ့ကွာ.. ဆိုတော့ နေ့တိုင်း မြင်နေရတယ်ပေါ့။ ဖင်ချင်းပေါက်အိမ်တွေဆိုတော့။ တစ်နေ့တော့ ကိုယ်တို့တွေ (ဆိုတော့ တစ်ယောက်တည်းမဟုတ်ဘူးပေါ့) အကြံရလာပါရော။ ရဆို အဲ့ဒီတုန်းက လူငယ်တွေဘဝကိုးကွ။ သင်္ဘောသီးတွေခူးပြီး သုတ်စားကြမယ်ပေါ့။ ပြောရမယ်ဆို အဒေါ်ကို ရှင်မဿ ဲကို လိုက်ပို့ပြီးတော့ တစ်ညနေလုံးအားနေတာလဲပါတာပေါ့။ ကိုယ်က သူ့ကို ထမ်းပြီးတော့တင်၊ သူမကလဲ တစ်လုံးလားဖြုတ်ရသေးတယ်၊ ဆရာမ မစန္ဒာက မြင်သွားပြီးအော်တာနဲ့ ပြေးလိုက်ရတာ၊ သူမလက်ထဲမှာ သင်္ဘောသီးစိမ်းတစ်လုံးနှင့်။

အဲ့ဒီတုန်းက စားလိုက်ရတဲ့ သင်္ဘောသီးသုတ်လေးက ခုထိတိုင် မှတ်မိနေတုန်းပဲ….။

ဪ.. သူမလား? မေးမနေပါနဲ့တော့ကွယ်… ကိုယ့်သူငယ်ချင်းတစ်ယောက်က သူမကို မာတာမိခင် ဖြစ်ခွင့်ပေးလိုက်တယ်တဲ့။ ပြန်ရောက်တုန်းတောင် မဆုံဖြစ်လိုက်ကြဘူး။ အဲ့လို။

ပြောနေရင်းနဲ့ ဘယ်ရောက်သွားတယ်မသိ။

ဪ… မှတ်မိပြီ Rocker ကြီးတွေဆိုတဲ့အကြောင်း။

ဆိုတော့ ကိုယ်တို့တွေ ဂေါ်ခဲ့ကြတယ်ဆိုတာပေါ့နော်.. ဂျင်းဘောင်းဘီဖင်ကျပ်၊ အောက်မှာခေါင်းလောင်းဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ဒဲ့ပွတွေပေါ့နော်၊ ဆံပင်တွေကတော့ လူတိုင်း အရှည်နီးပါးထားကြတယ်.. ရာသီဥတုကလဲကောင်းတာကိုး။

ပြောရရင် ကိုယ့်ညီရာ.. အဲ့ဒီတုန်းက မေမြို့ကန်တော်ကြီးဆိုတာ သစ်တောဌာနကပိုင်တာကွ.. ဘာမှ ပြင်ဆင်မှုမရှ်ိ၊ သဘာဝအတိုင်းထားတာ.. ညီတို့ခုဝင်နေရတဲ့ ဆင်လမ်းရွာနားကနေ ဝင်ရတာမဟုတ်ဘူး… ကန်တော်လေးကနေတက်လာတာနဲ့ ကန်တော်ကြီးဆိုတာကို တန်းတန်းမတ်မတ်ဝင်ရတာ.. ဝင်ခက ကလေး ၁၀၊ လူကြီးကြီး မကြီးကြီး ၁၅ ကျပ်ပေါ့။ ဝင်လိုက်တာနဲ့ ခု ကိုယ့်ညီတို့မြင်နေရတဲ့ ငှက်ပြခန်းဆိုလားဆိုတာ နယ်နမိတ်အဆုံးပေါ့.. အဲ့ဒီနောက်မှာ တောအုပ်ကြီး ဟီးနေတာပဲ… ကန်တော်ကြီးနဲ့၊ ကန်တော်လေး ဘောင်ပိတ်ထားတဲ့အခြမ်းက ဝင်မယ်ဆိုရင် ညာဘက်ခြမ်းမှာ ကန့်သတ်နယ်မြေ မဝင်ရ ဘာဖြစ်သည် ညာဖြစ်သည်တောင် ပါသေး.. ဟေးဟေး

ပြောချင်တာက ဒီမှာစမှာ၊

မန်းသားတွေက အဲ့ဒီတုန်းက ဒိုတွေ ဖင်ကြားညှပ်တယ်ပေါ့ကွာ၊ ဒိုခရမ်းတွေပေါ့
ဒို့မေမြို့သားတွေကလဲ ဖင်ကြားမှာ ဖီးဆင့်တို့ ဆိတ်ငါးကောင်တို့နဲ့ပေါ့
ဒါပေမယ့် ကိုယ်တို့က စည်းထားပါတယ်။ ဆံပင်ရှည် ဂျင်းဘောင်းဘီကြီးတွေနဲ့ စက်ဘီးကိုနင်းပြီး မန္တလေးကို မဆင်းကြဘူး၊(အဲ့လို စည်းကမ်းရှိတာ) သူတို့မန်းသားတွေသာ ကိုယ်တို့ဆီ မနေနိုင် မထိုင်နိုင်လာကြတာလား။ ဆိုတော့ကာ ကန်တော်ကြီးထဲမှာ ကဲကြတယ်ပေါ့။ တစ်ချို့ကလဲ ကန်တော်ကြီးထဲက တောအုပ်တွေကို သဘောကျလို့ သူတို့စကီလေးတွေနဲ့ လာကြတယ်ပေါ့။ ကိုယ်တို့က မြို့ခံတွေဆိုတော့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားပါတယ်။

ဒါပေမယ့် တစ်ချို့တွေကတော့ ကိုယ်တို့မြို့သားတွေကိုတွေ့ရင် နှိမ်ချင်ကြသကွ။ လူငယ်သဘာဝ သွေးဆူနေတာလဲ ပါမှာပေါ့။ သူတို့ကိုယ်သူတို့ အဖွဲ့တောင့်တယ်လို့ထင်တာလဲပါမယ်ထင်ပါတယ်။ ကန်တော်ကြီးထဲမှာ ရုတ်ရုတ် ရုတ်ရုတ် မကြာခဏဖြစ်တတ်ကြတယ်။ ဖြစ်ပြီဆို ကိုယ်တို့ဘက်က တစ်ယောက်ထဲချည်းပဲ။ ချယ်ရီဓါတ်ပုံတိုက်က လူတွေဆို သိကြပါတယ်။ ခုထိ သူတို့က ရိုက်ကူးခွင့်ရထားတုန်း။ ကိုယ်တို့ကပြောရရင်ကွာ ကိုယ့်အထာနဲ့ကိုယ်နေကြတာလား။ ဥပမာ ရကက ၅ မှာ ရကက ၁ ကလူတွေ ရေမြွေလို နေရသလို ရကက ရ ကို ရကက ၃ ကလူတွေသွားရင်လဲ ကုပ်ကုပ်လေး နေကြရတယ်။ သွားတော့ မစလေနဲ့၊ အများနဲ့ တစ်ယောက် ပထမ ခံချင်ခံလိုက်ရမယ်၊ စုရပ်က TEA ဆိုင်ကို အဖော်ပါတဲ့ တစ်ယောက်က သွားသတင်းပေးလိုက်တာနဲ့ အဲ့ဒီအဖွဲ့ ထွက်ပေါက်မရှိ ဖြစ်သွားတတ်ကြတယ်။

အဲ့လိုပေါ့ကွယ်.. လူငယ်သဘာဝ ငြိကြတယ်ပေါ့၊ ငြိကြတာနဲ့ မန်းသားတွေ ကန်တော်ကြီးကနေ အနီးစခန်းရောက်တဲ့ထိ ရင်တစ်မမသာနေကြပေတော့ပဲ၊ သူတို့က အင်ဂျင်တုန်းကြီးတွေ ဖင်ထဲညှပ်ထားပေမယ့် မေမြို့သားတွေကတော့ ဂျောက်ဂျက်၊ ဂျောက်ဂျက်နင်းရင်း ပြန်လမ်းတစ်လျှောက်ကနေ ဆီးလို့ကြိုဆိုနေတတ်ကြလို့ပါ။

ပြောလိုရင်းက ဒါပါပဲကွယ်.. ကိုယ်တို့ ခေတ်အခါတုန်းကများပါ။

(သူငယ်ချင်းများဆီမှ ပြောဆိုခဲ့သည်များကို ပြန်လည်မျှဝေခြင်းသာ)


ရှုံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ႀကီး

စဆရ ႀကီး has written 160 post in this Website..