အရင်တပတ်က ဗမာပြည်က ဆရာဝန်ကလေး ၂ ယောက် ကျုပ်နေတဲ့မြိုကိုရောက်လာလည်ကြရင်းနဲ့ လမ်းကြုံ ကျုပ်ကို လာတွေ့တယ်။ အကြောင်းထူး မရှိပါဘူး ။ America မှာ ရောက်နှင့်နေတာကြာပြီး သမ္ဘာရင့်နေပြီဖြစ်တဲ့ ဗမာဆရာဝန်မကြီးတယောက်က Guide လုပ် ဦးဆောင် ခေါ်လာတာပါ ။
ကျုပ်တို့မြို့ကလဲUS မှာတော့ Fun City အပျော်အပါးမြို့၊ Sin City ဒုစရိုက်မြို့၊ Entertainment City ဖျော်ဖြေရေးမြို့အဖြစ် ထင်ရှားတာကို…။ American တွေကိုယ်တိုင်ကလဲ  အနည်းဆုံး တခေါက်မှ မရောက်ဖူးရင် American မပီသသေးဘူးလို့ ယူဆတတ်ကြတာကို…။ သည်မှာ ဆရာမကြီးက တောသားဆရာဝန်ကလေး ၂ ယောက်ကို ကြွားခေါ်လာဟန် တူပါရဲ့။ ဗမာ ဗုဒ္ဓဘာသာ ဓမ္မစစ် ဖြစ်မဖြစ်တော့ မသိ။ ဗုဒ္ဓဘာသာဆိုရင် ကြွားပြစရာ အင်မတန်လှပခမ်းနားတဲ့ သာသနာ့ဗိမာန်ကျောင်းတော်ကြီးကလဲရှိသကိုး ။
မြတ်စွာဘုရားလက်ထက်က ကျောင်းအမကြီး ဝိသာခါ ဆောက်လုပ်လှူဒါန်းခဲ့တယ်ဆိုတဲ့ ဇေတဝန်ကျောင်းတော်ကြီးတမျှ… ရဟန်းသံဃာတော်များစွာနဲ့ ဘိက္ခူနီမများစွာလဲ  သီတင်းသုံး နေထိုင်နေကြတယ်ပေါ့ ။ဘုရားလက်ထက်က ဇေတဝန်ကျောင်းဆိုတာသာ နာမည် ကြားဖူးကောင်း ကြားဖူးမယ်။ သည် Las Vegas က ကျောင်းရဲ့နာမည် Chaiya Meditation Monastery ဆိုတာတော့ သိမှာ မဟုတ်ပေဘူး ။
ကျုပ်ကိုလဲဗမာပြည်က နိုင်ငံကျော်စာရေးဆရာကြီးတယောက် အသက်၈ဝ ကျော် ရှိတယ်ဆိုလို့သာ ကြုံတုန်းကြုံခိုက် ဝင်တွေ့တာနေမှာပေါ့ ။ ကျုပ်ရေးခဲ့တဲ့စာတွေ ၊ ရေးနေဆဲစာတွေတော့ တပုဒ်မှ ဖတ်ဖူးပုံ မရပါဘူး ။

ဒါပေမယ့် အဲသည် ရောက်လာတဲ့ ဆရာဝန်ကလေး ၂ယောက်ထဲက တယောက်က လောလောဆယ် စစ်ကိုင်းမြို့က ပြည်သူ့ဆေးရုံမှာ တာဝန်ကျနေတာတဲ့ ။ မိတ်ဆက်ပေးတော့ သိလိုက်ရတယ်။ ဒါနဲ့ ကျုပ်က … မီးရထား စက်ခေါင်းပြင်စက်ရုံနဲ့ မီးရထားဝန်ထမ်းတွေ နေထိုင်ရာ စစ်ကိုင်းမြောက်ဖက်က ”ရွာထောင်”ကို ရောက်ဖူးလား၊ အဲသည် ရွာထောင်က ”ဘိုးဘွားရိပ်သာ”ကိုရော ရောက်ဖူးလား…လို့  မေးလိုက်မိတယ်။
ကျုပ်ရဲ့ ရည်ရွယ်ချက်က ဗမာပြည်က လူအိုရုံတွေ ဖြစ်ကြတဲ့ ရန်ကုန်က ”နှင်းဆီကုန်း ဘိုးဘွားရိပ်သာ”တို့ ၊ ”ကန်တော်ကလေး လူအိုရုံ”တို့ ၊ ”ရွာထောင် ဘိုးဘွားရိပ်သာ”တို့ စသည်နဲ့.. America က မြို့ကြီးတိုင်းလိုလိုမှာ ရှိကြတဲ့ Senior Living တို့ ၊ Senior Apartments တို့သာ ခေါ်ကြတဲ့ ဘိုးဘွားရိပ်သာတွေ မတူခြားနားတဲ့အကြောင်းတွေကို ကြုံတုန်းကြုံခိုက် လက်တွေ့ ပြသရင်း ပြောပြလိုက်ချင်တယ်လေ ။
လက်ဆင့်ကမ်း ဗဟုသုတ ဆိုပါတော့ ။ သိတယ်နော် ။ သည်က အခေါ်အဝေါ် အသုံးအနှုန်းကိုက Old Age သက်ကြီးရွယ်အို… Disabled မသန်မစွမ်း ဒုက္ခိတ…လို့ မသုံးဘူး ။ Senior – သက်ကြီးဝါကြီးလို့သာ သုံးတယ်။ စကားလုံး အသုံးအနှုန်းအနေနဲ့ကို စိတ်ဓါတ်မကျစေဘူး ။ တချို့ဆိုရင် Active Senior တို့ ၊ 55 + တို့တောင်  အားပေးစကားလုံး သုံးကြတယ်။

ကျုပ်တို့ ဗမာဗုဒ္ဓဘာသာဝင်တွေမှာ ”ဂုဏဝုဒိ္ဓ ၊ ဝယဝုဒိ္ဓ ” ဂုဏ်ကို လေးစားရိုသေရမယ် ၊ အသက်အရွယ်ကို လေးစားရိုသေရမယ်ဆိုတဲ့ အဆုံးအမ ရှိတယ်. ( ဂုဏ်ဆိုတာ ငွေကြေး၊ ဓနနဲ့ ရာထူး ဌာနန္တရကို ဆိုလိုတာ မဟုတ်ဘူး ။ သီလဂုဏ် ၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကိုသာ ဆိုလိုရင်း) ဒါပေမယ့် သည်အဆုံးအမကို ဘာသာရေးဆိုင်ရာ ပညာရေးဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာတွေကလဲ အထူးသဖြင့် လူငယ်တွေကို အလေ့အကျင့် လုပ်မပေးကြဘူး ။ စည်ကမ်းစနစ် ထားမပေးကြဘူး ။ သက်ကြီးရွယ်အို သို့မဟုတ် မသန်မစွမ်းကို လမ်းမှာကြုံရင်  တွဲပို့တာမျိုးတွေ…၊ ထိုင်စရာ မရှိရင် ထ နေရာဖယ်ပေးတာမျိုးတွေ…၊ ငယ်တာ ကြီးတာမရွေး ဒုတ်ကောက်ကိုင်ပြီး လမ်းဖြတ်ကူးနေတာတွေ့ရင် မောင်းနေတဲ့ကားကို အရေးပေါ်မီးဖွင့်ပြီး ရပ်ပေးတာမျိုးတွေ… ကျုပ်တို့တိုင်းပြည်မှာ ရှိကြသေးလို့လား။
‘ဂုဏဝုဒိ္ဓ ၊ ဝယဝုဒိ္ဓ ဆိုတာ မရှိတော့သလောက်ပါပဲ။ တချို့လဲ ဓနဝုဒိ္ဓ တို့ ၊ uniform ဝုဒိ္ဓတို့တောင် ပြောင်း ရိုသေကုန်ကြပြီ။

America မှာကတော့ … ကျုပ်အမြင် အမှန်အတိုင်းပြောရရင် သက်ကြီးရွယ်အိုတွေ ၊ ဒုကိ္ခတတွေကို ရိုသေလေးစား ကူညီတာက အရိုးစွဲနေပြီ။ ငယ်ကတည်းက အကျင့်ဖြစ်နေပြီ။  အစိုးရ အုပ်ချုပ်ရေးဆိုင်ရာတွေကလဲ ဥပဒေစည်းကမ်းတွေ လုပ်မထားပါဘူး ။ ကိုယ့်အကျင့်နဲ့ကိုယ်သာ လူမှုရေးစည်းကမ်းတခုလို လိုက်နာနေကြတာပါ။
မယုံနိုင်စရာ ပြောရရင် ကြက်၊ ငှက် သတ္တဝါ ပိုးမွှားကလေးတွေက အစ… ဘယ်သူကမှ မသတ်ကြတော့ဘူး ။ အများအနားယူအပန်းဖြေရာ Park တွေမှာ အစာကောက်စားနေကြတဲ ခိုအုပ်၊ စင်ယော်အုပ် ၊ ရေဘဲအုပ်ထဲကို ကစားချင်တဲ့စိတ်နဲ့ မတ်တတ်ပြေးကလေးငယ်က ဖြတ်ပြေးရင် မိဘအုပ်ထိန်းသူတွေက လိုက်ဆွဲကြတယ်။ ဖမ်းဖို့ မဆိုထားနဲ့ ။ အနှောင့်အယှက်တောင်  မပေးစေကြဘူး ။America မှာ နေနေကြတဲ့ နေခဲ့ကြဖူးတဲ့ ဗမာတွေ သိပါတယ်။

ကျုပ်က သည်လူငယ် ဆရာဝန်ကလေးတွေကို ဆန်စင်ရာ ကျည်ပွေ့လိုက် အများကြီး မပြောချင်ပါဘူး ။ ဒါပေမယ့် ကျုပ်ရှိရာအထိ တကူးတကနဲ့ လာတွေ့တယ်ဆိုတော့ ကြုံတုန်းကြုံခိုက် ကျုပ်နေနေတဲ့နေရာကလေးအကြောင်းကို ကျေးဇူးတင်တဲ့အနေနဲ့ နည်းနည်း ဗဟုသုတပေးလိုက်ချင်တယ်။
ခေါ်လာတဲ့ဆရာမကြီးကို်ယ်တိုင်လဲ သိမှသိရဲ့လား မသိ။ အမှန် ကျုပ်နေတဲ့  Senior Apartments ဆိုတာကိုက ဘိုးဘွားရိပ်သာပါပဲ။
မြင်သာအောင် ပြောရရင် ရန်ကုန်က လူလတ်တန်းစား ပညာတတ် ဝန်ထမ်းတွေ အများအပြားနေထိုင်ကြတဲ့ Condominium တိုက်ခန်းမျိုးပါပဲ။ ဒါပေမယ့် အထပ် ၂ ထပ်သာ ရှိပြီး ကွန်ကရစ်ထုထည်က ကြီးမားပါတယ်။ ပုံစံသဘောပြောရရင် ၄ဘက်၄တန်(လေးဘက်လေးတန်) မျက်နှာပြု စတုရန်းကျကျ လေးထောင့် အဆောက်အဦကြီးတွေပါ။ တတိုက်တကိုက်မှာလဲ  အပေါ်ထပ် ၄ ခန်း ၊ အောက်ထပ်  ၄ခန်းနဲ့ တမျက်နှာတခန်းဆိုတော့ တိုက်တတိုက်မှာ ၃၂ ခန်း ရှိပါတယ်။
ကျုပ်နေတဲ့တိုက်က အမှတ် ၁ဝ ဖြစ်ပြီး စုစုပေါင်း တိုက်ကြီး ၁၂ တိုက် ရှိပါတယ် ။ ဆိုတော့ကာ ကျုပ်နေတဲ့ Destination  ဆိုတဲ့ Campus မှာ တိုက်ခန်းပေါင်း ၃၀၄ ခန်း ရှိတယ်။ တိုက်ရဲ့ ဥပစာတိုင်းမှာ ကားရပ်ထားဖို့ အမိုးနဲ့ တန်းလျားကလေးတွေလဲ ဆောက်ထားပေးတယ်။  တိုက်တွေရဲ့ ဒေါင့်ခန်းတွေက 2 Room ၂ ယောက်ခန်းတွေဖြစ်လို့ ဘိုးဘွားစုံတွဲတွေ နေနိုင်တယ်။  နေကြတယ် ။ ကျန်အခန်းဟူသမျှကတော့ တယောက်တည်းသမားတွေပေါ့ ။

စည်းကမ်းက အသက် ၅၅ နှစ်နဲ့အထက် ဘယ်သူမဆို အိမ်လခပေး ငှားရမ်းနေထိုင်နိုင်တယ်။  တယောက်ခန်း ဒေါ်လာ ၇၅ဝ နဲ့ ၂ ယောက်ခန်း ၁၁၀ဝ ပေးကြရတယ်။ အခန်းတိုင်းမှာ American အဆင့်အတန်းနဲ့အညီ ၄ လုံးတွဲ လျှပ်စစ်မီးဖို ၊ ရေခဲသေတ္တာ ၊ ပန်းကန် အိုးခွက် ဆေးစက်၊ အဝတ်လျှော်စက် ၊ အဝတ်ခြောက်စက် ၊ လေအေး / ပူ စက် ၊ ပန်ကာ ၊ လျှပ်စစ်မီး အကုန် အပြည့်အစုံ တပ်ဆင်ပေးထားတယ် ။ အခန်းငှားနေသူက ပရိဘောဂနဲ့ Microwave ရယ် ၊ TV ရယ် ၊ Telephone ရယ်ပဲ ကိုယ့်စိတ်ကြိုက် ဝယ်ထည့်သုံးနိုင်တယ်။
လျှပ်စစ်မီတာခ ၊ Gas Meter ခ ၊ Internet အခနဲ့ Telephone ခတွေကတော့ ကိုယ့်ဘာသာကိုယ် ပေးဆောင်ရမယ်။

Senior Housing Campus သို့မဟုတ် Senior Village လို့ ခေါ်ကြတဲ့ ကျုပ်တို့ နေကြရာ တရွာလုံးကို ကျန်းမာရေးနဲ့ ညီညွတ်သန့်ရှင်းနေစေဖို့ … အမြဲတမ်းစုံနံ့သာမြိုင် ရဂုံတွင်းတမျှ ထုံသင်းကြိုင်လှိုုင် စိုပြေလှပနေစေဖို့ အတွက်ကတော့… ကာယကံရှင် သူဌေးကုမ္ပဏီက ကာယ ဉာဏဝန်ထမ်း ပေါင်းများစွာနဲ့ တာဝန်ယူ ဆောင်ရွက် တယ်။
အမှန်တော့လဲ ကျုပ်တို့ နေလက်စ လူတွေအတွက်ချည့် မဟုတ်လောက်ပါဘူး။ သည်လို Campus ကြီးတွေ တည်ဆောက်ကြပြီး…အပြိုင်အဆိုင် အကောင်းပြင် အလှပြင် ..ကြော်ငြာ လူခေါ်နေကြတာရယ် ။ အတွင်းအပြင် ရောင်စုံဓာတ်ပုံ ရိုက်ပြထားတဲ့ Post Card တွေ ပို့လိုပို့ ။ လူသူလုံးဝ မနေရသေးတဲ့ တိုက်ခန်းအသစ်တွေပါပေါ့ ။
လူမနင်းရသေးတဲ့ ပန်းကော်ဇော အမွှေးထူတွေနဲ့ အသစ်ကျပ်ချွတ် ဝယ်ယူထည့်ပေးထားတဲ့ Appliances တွေပါပေါ့ ။ အရေးအပါဆုံးနဲ့ အဆွဲဆောင်နိုင်ဆုံးကြော်ငြာကတော့ ထုံးတမ်းစဉ်လာ တနှစ်အနည်းဆုံး နေမည် ကတိပြုပြီး လာရောက် ငှားရမ်းနေထိုင်မယ်ဆိုရင် ပထမဆုံးလအတွက် အိမ်ခန်းလခကို Free ပေါ့ ။ ပြီး ကိုယ်ကတဆင့် နောက်တဦးကို ကိုယ့်လို Apt တခန်းငှားနေဖို့ မိတ်ဆက်စည်းရုံးခေါ်လာနိုင်မယ်ဆိုရင်လဲ  ငွေ ၅၀ဝ ဆုပေးဦးမယ်တဲ့ ။ နောက်ဆုံး မက်လုံးပေးကြော်ငြာကတော့ အကယ်၍ တခြား Campus တရွာရွာကသာ ပြောင်းရွှေ့လာမယ်ဆိုရင် ပစ္စည်းပစ္စယတွေ ပြောင်းရွှေ့စရိတ်အတွက် ငွေတထောင် ပေးအုံးမယ်ဆိုတာပဲ။

ပြောရရင် ကျုပ်နေတဲ့ မြို့က Booming City လေ။ စည်ပင်ဖွံ့ဖြိုးပြီး တိုးချဲ့တည်ဆောက်နေတဲ့ နိုင်ငံကျော်မြို့လေ ။ ၆၂ နှစ်နဲ့အထက် အငြိမ်းစားသက်ကြီးဝါကြီးတွေမှ မဟုတ်ဘူး ။ လူတကာ အခြေချနေချင်တတ်ကြတဲ့မြို့။
ဆိုတော့ သာမန် အရွယ်မျိုးစုံ …အဆင့်အတန်းမျိုးစုံ အလွယ်တကူ ဝယ်နေနိုင်ကြဖို့ Condominium တိုက်ကြီးက တိုက်ခန်းတွေ ၊ ကိုယ်ပိုင်လုံးချင်း တိုက်ကလေးတွေကလဲ ဆောက်လို့ မလောက်ဘူး ။ ကျုပ်ရောက်လာခါကက ၁ဝ မိုင်ပတ်လည်လောက်သာ ရှိခဲ့တဲ့ မြို့ကလေးက အခု မိုင်တရာပတ်လည်လောက် ရှိနေပြီ။ အရင်က တောင်ပတ်လည် ဝိုင်းနေတဲ့မြို့က အခုတောင်တွေပေါ်အထိ တိုက်တွေ တက်ဆောက်ကုန်ကြပြီ။

ဆိုတော့ကာ ကျုပ်နေနေတဲ့ Senior Village မျိုးတွေကလည်း အခု ရွာပေါင်း ၇ဝ ကျော်သွားပြီ။ အရင်က အသက် ၆၂ နှစ်နဲ့အထက် အရွယ်မှသာ လက်ခံခဲ့ကြတဲ့ သည် Senior Living Apartments တွေကလဲ အခု ၅၅ + ဆိုရင် လက်ခံကုန်ပြီ။ ကျုပ်နေနေတဲ့ Destination Senior Village ဆိုရင် … တရွာလုံးမှာမှ Building အဆောင်အဦ ၁၂ လုံးတည်း ရှိတာရယ်။
အဆောက်အဦကြီးတွေကတော့ မျက်စိထဲ  မြင်လွယ်အောင် အလွယ်တကူ ပြောပြရရင် ရန်ကုန်တို့ မန္တလေးတို့က စည်ပင်သာယာအဖွဲ့ရုံး အဆောက်အဦလို ၄ ဘက် ၄တန် ( လေးဘက်လေးတန်)  မျက်နှာပြု စတုရန်းပုံပေါ့ ။
ဒါပေမယ့် ကျုပ်တို့က ၂ ထပ်တည်းရယ်။ မျက်နှာတဖက်မှာလဲ အပေါ် ၄ ခန်း ၊ အောက် ၄ ခန်း ၊ ၈ ခန်းသာ ရှိတယ်။ ဒါပေမယ့်  ၄ ဘက်ဆိုတော့ တတိုက်မှာ ၃၂ ခန်း ရှိတယ်။ ၁၂ တိုက်ဆိုတော့ မြှောက်လိုက် Apt ပေါင်း ၃၈၄ ခန်း ရှိတယ်။ တခန်းမှာ တယောက်တည်းနေတာ ဆိုပေမယ့် ၊ ထောင့်ခန်းတေါက ၂ ယောက်ခန်း။ တချို့ ဆုတောင်းကောင်းကြလို့ ခုထက်ထိ ခိုင်မြဲနေကြသေးတယ်ဆိရင် အဖိုးနဲ့အဖွား တွဲရက်နေကြတာပေါ့ ။

ခု ဒါက ကျုပ်နေတဲ့ Destination မှာနော်။ ကျုပ်သိတာလောက်ကလေး ပြောရရင် ကျုပ်တို့ ရွာပိုင်ရှင် သူဌေးက Billionaire လား ၊ Trillionaire  လားသာ မသိတယ် ။ သည်မြို့ Las Vegas မှာတွင် နောက်ထပ် Destination ရွာပေါင်း ၉ ရွာလောက် ပိုင်သေးတာတဲ့။ မအံ့ဩနဲ့ ။  America မှာ ချမ်းသာတယ်ဆိုတာ သည်လို ချမ်သာကြတာရယ် ။ ကျုပ်တို့မှာလဲ  စကားပုံရှိတယ်လေ။ သစ်တပင်ကောင်း ငှက်တသောင်း နားရ ဆိုမဟုတ်လား။

Las Vegas မှာတော့ Destination မှ မဟုတ်ပါဘူး ။ တခြားနာမည်တွေနဲ့ တွေ့နေရတဲ့ Senior Campus တွေကလဲ  မရေတွက်နိုင်ပါဘူး ။ Country Club တဲ့ ။ Pinnacle တဲ့ ။ Meadow တဲ့ ။ Seventh Heaven တဲ့ ။ Paradise Homes တဲ့။ Simple Solutions တဲ့။ စုံနေတာပါပဲ။
သည်လောက်များပြားလှတဲ့ ရိပ်သာတိုက်ခန်းတွေမှာ ထာဝစဉ်ပြည့်လျှံနေရအောင် ဘိုးဘွားတွေက သည်လောက်ထိ များလို့လား ။ များပါတယ်။ များရခြင်း အကြောင်းရင်းက ကျုပ်တို့ရဲ့စရိုက် ကျုပ်တို့ရဲ့ ယဉ်ကျေးမှုနဲ့ မတူဘူး ။ American ဘိုးဘွားတွေက သားသမီး မြေးမြစ်တွေကို ကျုပ်တို့လို ချစ်ကြပေမယ့် အပြန်အလှန် မတွယ်တာတတ်ကြဘူး ။ သားသမီး မြေးမြစ်တွေနဲ့ (အခါကြီး ရက်ကြီး အခမ်းအနားတွေမှာ အထူးဆုံစည်းကြတာက လွဲလို့…) တပျော်တပါးကြီး ဆူညံပူညံ မနေချင်တတ်ကြဘူး ။
စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်းချမ်းသာ နေချင်တတ်ကြတယ်။ ဆိုပါတော့ သံယောဇဉ် နည်းကြတယ်လို့ ဆိုနိုင်တယ်။ သည် စရိုက်အရ အသက်ကြီးလို့ ဘိုးဘွားဖြစ်လာကြတဲ့အခါမှာ ကိုယ်နှစ်သက်ရာ အရပ်က အခုလို အကုန်အကျသက်သာပြီး စရိတ်ကျဉ်းတဲ့ Senior Village ကလေးတွေမှာ အေးဆေး လာနေလိုက်ကြတာပဲ။  လိုအပ်တဲ့အသုံးအဆောင်ကလေးတွေနဲ့ ကားတစင်းပါလာရင် ပြီးတာပဲ။

နောက်တကြောင်းက သည်လို  Senior Village တွေမှာက ဘိုးဘွားတွေအတွက် ကျန်းမာရေး ဗဟုသုတတွေ၊ ကူညီစောင့်ရှောက်မှုတွေ ပို ရနိုင်တယ်။ Home Agencies တွေ… Medical Insurance ကိုယ်စားလှယ်ဆိုင်ရာ ဌာနတွေက တဖွဲ့မဟုတ်တဖွဲ့ တပတ်မှာ တကြိမ် ဘိုးဘွားတွေကို လာတွေ့ကြပြီး လိုအပ်တဲ့ အကူအညီတွေ ဖြည့်ဆည်းဆောင်ရွက်ပေးကြတယ်။
ရံဖန်ရံခါ ဆရာဝန်ကြီးတွေက လူကြီးတွေမှာ ဖြစ်တတ်ကြတဲ့ ရောဂါဝေဒနာတွေနဲ့ ပတ်သက်ပြီး ပညာပေးဆွေးနွေးကြသလို လက်တွေ့လဲကုသပေးသွားတတ်ကြ၊ ဆေးညွှန်း ရေးပေးတတ်ကြတယ်။ ယုတ်စွအဆုံး အရေးပေါ်လိုအပ်လို့ Ambulance တို့ Paramedic တို့ကို 911 လှည့်ခေါ်လိုက်တယ်ဆိုရင်ပဲ ရပ်ကွက်ထဲမှာထက် သည်လိုနေရာတွေကို အပြိုင်ရောက်လာတတ်ကြတယ်။ ပို အဆင်ပြေတယ်။

ပြီး သည် Senior Village တွေအကုန်လိုလိုမှာက လုံခြုံရေး အပြည့်ရှိတယ်။ အဝင်အထွက် လျှပ်စစ်မောင်းဆွဲ သံတံခါးတွေအားလုံးက ရွာခံဘိုးဘွားတွေကိုသာ လျှို့ဝှက်ပေးထားတဲ့ Remote သို့မဟုတ် Gate Code နံပါတ် မရှိရင် ၊ မသိရင် ဘယ်သူစိမ်းရဲ့ မော်တော်ကားမှ မဝင်နိုင်ဘူး ။ Gated Community ဖြစ်တယ်။

နောက် အဲသည် Gate အဝနဲ့ ကပ်ရက်မှာ ရှိတဲ့ Club House ဆိုတာကလဲ ခန်းမကျယ်ကြီးရယ် ။ အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့ ရုံးခန်းတွေ ရှိသလို ဘိုးဘွားတွေ အချင်းချင်းဆုံစည်း စကားပြောကြဖို့… ရံဖန်ရံခါ Game မျိုးစုံ ကစားကြဖို့…ရံဖန်ရံခါ တပတ်လျှင် ၂ ကြိမ် Bingo , Poker စသည်…ကစားကြဖို့ စားပွဲ ကုလားထိုင်တွေလဲ ခင်းထားတယ်။ Home Theatre လုပ်ထားတဲ့ TV Screen ကြီးနဲ့ ထိုင်ကြည့်ကြဖို့ Sofa Settee ကြီး ၂ စုံလဲ ချထားတယ်။ အဲသည်မှာ အားကစားပွဲတွေလဲ ကြည့်လို့ရတယ်။  Bowling လဲ ကစားလို့ ရတယ်။ ခန်းမကျယ်ရဲ့ တဖက်ခန်းမှာ Billiard လဲ  ထိုးလို့ရတယ်။
စာဖတ်ခန်းနဲ့ စာကြည့်တိုက်လဲ တခန်း သီးသန့် ရှိတယ်။ Internet နဲ့ Computer တွေလဲ အခမဲ့ သုံးနိုင်တယ်။ အားကစားလေ့ကျင့်ရေး Gymnasiums လဲ ပစ္စည်းမျိုးစုံနဲ့ တခန်းရှိတယ်။ ရေပူရေအေး Swimming Pool တွေလဲ Club House  နောက်မှာ ရှိတယ်။ ရုံးခန်းတွေနဲ့ အနီးဆုံး အခန်းတခန်းကတော့ စာပို့စာယူ ကိုယ့်သော့နဲ့ကိုယ် Mail Room ပဲ။

သည် Club House က တလတခါ နေ့စဉ် ဘာ Event တွေ ရှိတယ်… ဘယ်တွေကိုပို့ပေးတဲ့ Bus ကိုယ်ပိုင်ကား ခရီးစဉ်တွေ ရှိတယ်…မြို့ထဲ ဘယ်မှာ ကျင်းပနေတဲ့ ဘာဖျော်ဖြေရေးပွဲမျိုးကို ကြိုပို့ လုပ်ပေးမယ်…ဆိုတဲ့ Shuttle Bus  ခရီးစဉ် ရှိတယ်…အစရှိသည် News Letter စာစောင် ကြိုတင်ရေးထုတ်တာပေါ့ ။ လိုက်လိုတဲ့ ဘိုးဘွား ကိုယ့်ဘာသာကိုယ် ကြိုစာရင်းသွင်း ၊ အချိန်တန် တက်လိုက် သွားရုံပဲ ။ Calendar လဲပါ… Bus Scheduleလဲပါ…News Letter လဲပါ…တလတခါ ရောင်စုံပုံနှိပ်ပြီး အိမ်ခန်းစေ့ တံခါးပေါက် လာချိတ်တယ်။

အဲ…ကျုပ်တို့ ဘိုးဘွားအများစုကို အထင်တော့ မသေးကြလေနဲ့ ။ အပျော်အပါး ဂီတ ရုပ်ရှင်တွေထက် Casino
တွေကိုသာ အသွားများကြတယ်။ American သက်ကြီး ဝါကြီးတွေ အသက်ရှည်နေကြတယ်ဆိုတာ အဲ့ဒါကြောင့်များ ဖြစ်နေလေမလား မသိ။ ဗမာပြည်က ဘိုးဘွားရိပ်သာတွေနဲ့ ယှဉ်ကြည့်ပေါ့ ။

P S ဆင်းရဲကြတဲ့ ၊ Apartment လခမျိုး မပေးနိုင်ကြတဲ့ ဝင်ငွေ မရှိတဲ့ ဘိုးဘွားတွေကျတော့ ဘယ်လိုလုပ်မလဲလို့  မေးစရာ ရှိတယ်။ နောက်လ ဆက်ပြောမယ်။
တခုတော့ ကြိုပြောထားနှင့်မယ်။ America မှာလဲ ငတ်ပြတ် ဆင်းရဲလို့ တောင်းစားနေရတဲ့ လူအို ဒုကိ္ခတတွေ သန်းနဲ့ချီ ရှိတာပဲ။ ဗမာပြည်မှာ ငတ်သေတဲ့ မသာ မရှိဘူးလို့ ပြောကြလေ့ရှိတယ်။ America မှာ ငတ်လို့ လမ်းဘေးမှာ လဲသေတဲ့ မသာ ရှိတယ်။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ၂၀၁၅ဖေဖော်ဝါရီလထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါကြောင်း..။

About kai

Kai has written 1007 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.