( ခင်ဝမ်း ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရ )

( ခင်ဝမ်း ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရ )

ဂျပန့်ရင်သွေး
အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း
(၁၉၉၆ ခု၊ ဇန်နဝါရီထုတ် JAL ဂျပန်လေကြောင်း Agora စာစောင်ပါ ဆောင်းပါးမှ ဘာသာပြန်ဆိုပါသည်။)

ယောရှိအိုကာ နိုရိခိသည် ဂျပန်နိုင်ငံ ကောချိနယ၌ မွေးဖွား၍ စစ်တပ်ထဲတွင် ရောက်ရှိပြီးနောက် မန်ချူးပြည် (ယခု တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း) နှင့် မြန်မာပြည်တို့သို့ အပို့ခံရလေသည်။ နေရာအနှံ့အပြားတွင် တိုက်ခိုက်ခဲ့ရပြီး ၁၉၄၅ ခုတိုင်ခဲ့၏။ လွတ်လပ်ရေးအတွက် ဂျပန်နှင့်လက်တွဲခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် စစ်ပြီးခေတ်ကိုမျှော်မှန်း၍ အင်္ဂလိပ်စစ်တပ်နှင့် ပူးတွဲကာ မတ်လတွင် ဂျပန်စစ်တပ်ကို စတင်တိုက်ခိုက်လေသည်။

ထိုအချိန်၌ ယောရှိအိုကာသည် ပြည်မြို့အနီး၌ သူ့ထက် အသက်နှစ်နှစ်ကြီး သော ဒေါ်တင်တင် အမည်ရှိသည့် မြန်မာအမျိုးသမီးတဦးနှင့် သိကျွမ်းလေသည်။ ၁၉၄၅ ခု မတ်လတွင် မန္တလေးကျ၍ မေလတွင် ရန်ကုန်ကျပြီး ယောရှိအိုကာသည် ချီတက်လာသော အင်္ဂလိပ်နှင့် အိန္ဒိယစစ်တပ်၏ သုံ့ပန်းဘဝသို့ ရောက်သွားခါနီးအချိန်တွင် ထိုအမျိုးသမီးသည် အနီးရှိ ဘုန်းကြီးကျောင်း ဆရာတော်ထံ ချဉ်းကပ် တိုးလျှိုးလေသည်။

ဘာသာတရားကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ဤနိုင်ငံတွင် သံဃာတို့၏ ဩဇာတိက္ကမသည် ကြီးမားလှပေသည်။ ဆရာတော်၏ တပည့်အဖြစ် စောင့်ရှောက်မှုခံယူရရှိသော ယောရှိအိုကာအား ဒုက္ခပေးမည့်သူ (စစ်တပ်အပါအဝင်) မည်သူမျှမရှိပါ။ ၁၉၄၆ ခုနှစ်တွင် ကျောင်းမှထွက်သော ယောရှိအိုကာအား ဆရာတော်က ‘အောင်ခ’ ဟူသော မြန်မာနာမည် ပေးသနားပါသည်။ ရွာတနေရာတွင် မြေတကွက်ပေးသဖြင့် ထိုနေရာတွင် ၎င်းတို့နှစ်ဦး အိမ်ထောင်ကျပါသည်။

၁၉၄ရ ခုနှစ် နိုဝင်ဘာလတွင် သားဦးရတနာဖွား၍ ‘ခင်ဝမ်း’ ဟု ကင်ပွန်းတပ်လေသည်။ ထို့နောက် ယောရှိအို ကာသည် လုံ့လဝီရိယစိုက်ထုတ်၍ ဆန်စက်တလုံး တည်ထောင်လေသည်။ ခင်ဝမ်းသည် ငယ်စဉ်ကတည်းက ဖခင်ကြီး အလုပ်လုပ်ပုံကို နီးနီးကပ်ကပ် တွေ့မြင်ရလေသည်။

ယောရှိအိုကာသည် မြန်မာစကား ပြောတတ်သော်လည်း စာတော့ မရေးတတ်ပါ။ ထို့အတွက် လုပ်ငန်းတွင် လိုအပ်သော စာရွက်စာတမ်းတို့ကို ပြုစုရန် သားအပေါ်အားထား၍ သား မြန်မြန်ကြီးပြင်းပါစေဟု အဖေကြီးက တဖွဖွ တောင့်တနေခဲ့၏။ ခင်ဝမ်းသည် မူလတန်းကျောင်း နှစ်တန်း၌ နေစဉ်ကတည်းက ဖခင်ကိုယ်စား ဆောင်ရွက်ခဲ့၏။

ခင်ဝမ်းသည် မူလတန်းကျောင်း မဝင်မီကတည်းက သူ့ဖခင် ဂျပန်လူမျိုးဖြစ်ကြောင်း သိရှိခဲ့၏။ ၎င်းအချက်ကို သတိပေးခံရသည့်နေ့ ရောက်လာခဲ့၏။ သူငယ်ချင်းများ ရှေ့မှောက်၌ပင် တတန်းလုံးရှေ့၌ ကုလားထိုင်ပေါ် မတ်တပ်ရပ်စေပြီး …

“မင်းဟာ ဂျပန့်သား၊ ဂျပန်တွေ ဒီတိုင်းပြည်မှာ ဘာတွေလုပ်သွားသလဲ မင်းသိလား” ဟု ဆရာက ဒေါသတကြီး ပြောကြားနေ၏။၊ ဆရာသည် စစ်ဒဏ်ခံခဲ့သူ တယောက်ပေ။ မိမိနိုင်ငံကို စစ်မီးတောက်ထဲ သွင်းသည့် နိုင်ငံကို အကောင်းမြင်မည်မဟုတ်။ စစ်ဘေးဒဏ်ကို မမေ့ကြသေး။ ထို့အပြင် တိုင်းပြည်တွင်း အမျိုးသားစိတ်ဓာတ် တက်ကြွနေသည့်အခါလည်းဖြစ်၊ ခင်ဝမ်းမှာ အတော် စိတ်ထိခိုက်သွား၏။ အိမ်ပြန်ရောက်သော် အသံထွက်ပြီး ငိုကြွေးမိ၏။ သို့သော် ခင်ဝမ်းသည် ဖခင်ကြီးအား ကျောင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ပြန်မပြောပေ။

“ဝေးလံတဲ့ နိုင်ငံကလာ၊ တစိမ်းတွေကြား နေရတဲ့ အဖေကြီးကို စိတ်မချမ်းသာတဲ့ကိစ္စ မသိစေချင်ဘူး”

ခင်ဝမ်းသည် အသက် ၄ဝ ပြည့်သည့်နေ့တိုင် ဤကိစ္စကို ဖခင်ကြီးထံမှ ဖုံးကွယ်ထားခဲ့၏။ ဤအကြောင်းကို ပြောပြသည့်အခါ ဖခင်ကြီးသည် တညလုံး စကားမပြော။ ထိုစဉ်က မပြောရကောင်းလားဟု သားကို မဆူရုံတမယ်သာ။

မိမိသည် ဂျပန့်ရင်သွေးမှန်း အသိပေးခံရပြီးနောက် ခင်ဝမ်းသည် ဂျပန်၌ အစ်ကိုများရှိကြောင်းကိုလည်း သိရှိလေသည်။ ဖခင်ကြီး စစ်မထွက်မီ လက်ထပ်ခဲ့ရာ ဂျပန်၌ သားနှစ်ယောက် ထွန်းကားခဲ့၏။ “ကျနော်တို့က အဖေကြီးကို လုယူထားသလို စိတ်ထဲမှာ ခံစားမိပါတယ်။ ဒါကြောင့်မို့ ဟိုဘက်အိမ်ထောင်စုက ဘယ်လို သဘောထားသလဲဆိုတာကို အမြဲသိချင်နေခဲ့ပါတယ်”

ဖခင်ကြီးသည် အလုပ်ကြိုးစားလုပ်၍ ဆန်စက်ကို တိုးချဲ့၊ ဂျပန်ပြည်က ဆွေမျိုးတွေထံ ပိုက်ဆံမှန်မှန်ပို့၏။ ခင်ဝမ်းသည် ကလေးဘဝထဲက ပုံဆွဲဝါသနာပါ၏။ ကိုယ့်ဘာသာကိုယ် သင်ကြားသော ပုံဆွဲပညာ ဖြစ်သော်လည်း လက်ရာများနှင့်အတူ တဖြည်းဖြည်း နာမည်ထွက်လာ၏။ တက္ကသိုလ် တတိယနှစ်တွင် အိမ်ထောင်ပြု၏။ ယခု မိန်းခလေး ၄ ယောက်၏ အဖေ ဖြစ်နေလေပြီ။

နှစ်နှစ်ကြာမှ ကျောင်းပြန်ဝင်ရလေရာ ထိုကာလအတွင်း ခင်ဝမ်းသည် ဂျပန်မြေကို နင်းလေသည်။ ဂျပန်ရှိ ဦးလေးတော်သူက ကျောင်းတခု၌ ပုံဆွဲဆရာအဖြစ် ထမ်းရွက်နေ၏။ ထိုနေရာ၌ ခင်ဝမ်းသည် အစ်ကိုနှစ်ယောက်နှင့် တွေ့ရ၏။

ကောချိနယ်မြေ၏ မြေအနေအထားကြောင့်လား သို့မဟုတ် အိမ်ထောင်စု ရှုပ်ထွေးမှုကြောင့်လားမသိ။ အစ်ကိုကြီးသည် အရက်ကြိုက်၏။ တွေ့တွေ့ချင်း ညီကို ခွင့်လွှတ်၏။ “အရက်မသောက်ရင် ငါ့ညီ မဖြစ်ဘူးကွ” ဟု ရယ်ရွှန်းပြောဆို၍ အရက်အတူတူသောက်ရင်း စကားလက်ဆုံကျကြ၏။

ဂျပန်က ပြန်လာပြီး ကျောင်းပြန်တက် ဘွဲ့ယူ ပန်းချီဆက်ဆွဲ၏။ ထို့နောက် ၂ရ နှစ်အရွယ်တွင် စိတ်ကူးရပြီး သီချင်းစပ်ဆို၏။

“သီချင်းစပ်ရတာ စိတ်ဝင်စားဖို့ကောင်းလို့”

သီချင်းသားမှာ မြန်မာလို၊ မြန်မာတွင် အိနိ္ဒယက လာသော ပါဠိစကားရှိ၏။ ဂျပန်တွင် ခန်ဂျီ (တရုတ်စာ) ရှိသလို။ မြန်မာနှင့် ပါဠိစကား ရောထားသော သီချင်းများဖြစ်၏။ သီချင်းခေါင်းစဉ်တွင် ပါဠိစကား သုံးထား၏။ ပညာတတ်လူတန်းစားတို့ ကြိုက်နှစ်သက်သော သီချင်းများဖြစ်၏။

ခင်ဝမ်း၏ မိတ်ဆွေ ရေဒီယိုအဆိုကျော် ဝါးခယ်မ ဦးရဲမောင်က ဆိုသည်မှာ “ဘယ်သူမဆို စတားဖြစ်ချင်နေကြတဲ့အကြား ခင်ဝမ်းက ဒီလို စိတ်မျိုးမထားဘူး။ စွမ်းရည်မရှိလို့ မဟုတ်ဘူး။ ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုရှိလို့ ဖြစ်ရမယ်”

ခင်ဝမ်းအား ဖခင်သွေးနဲ့ သီချင်းဝါသနာ အဆက်အသွယ်ရှိမရှိ မေးကြည့်မိရာ “အဖေက ဂျပန်ဖြစ်တာနဲ့ သီချင်းဝါသနာပါတာနဲ့ မဆိုင်ဘူး။ အခုထိ သီချင်းတွေက sentimental၊ နောက်ကိုတော့ blues ရေးချင်တယ်”

blues ဆိုသည်မှာ ပျော်ရွှင်ဖွယ် အတွေ့အကြုံနှင့် ထီးတည်းကျန်မှုကို နှစ်ဆိုထားသော သီချင်းဖြစ်၏။ ခင်ဝမ်းတွင် ညီနှစ်ယောက် ညီမတယောက်ရှိ၏။ ဖခင်ကြီးမှာ မြန်မာနိုင်ငံသား ခံယူထားသော်လည်း မောင်နှမတွေကတော့ ဂျပန်နာမည်များ ရှိကြ၏။ ခင်ဝမ်းကို ယောရှိအိုကာကိချိအိုဟူ၎င်း ဘဝပျော်ရွှင်မှုကို ဆုတောင်းပြီး မှည့်ခေါ်ထား၏။ သူ့အောက် ယောက်ျားကလေးမှာ ယခင်အနှစ် ၂ဝ ကပင် ဂျပန်နိုင်ငံသား ခံယူ၍ အိုဆာကာ၍ နေထိုင်လျက်ရှိသည်။ ဖခင်ကြီးသည် ကျန်းကျန်းမာမာနှင့် ပြည်မြို့၌ နေထိုင်လျက်ရှိသည်။

“ဖေဖေ့မှာ ဘူရှီဒို စိတ်ဓာတ်ရှိတယ်။ ဂျပန်စစ်ရှုံးလို့ ဂျပန်ပြည်ကို မကြည့်ချင်တော့။ ဒါပေမယ့် မြန်မာပြည်မှာတော့ မရှုံးချင်ဘူး။ ဆွေမျိုးတွေကိုကော တွေ့တဲ့လူတွေကိုကော ရှုံးတဲ့ ပုံပန်းသဏ္ဍာန် မပြချင်ဘူး။ ဒါကြောင့် တအားကုန် ကြိုးစားကြံ့ကြံ့ခံနေတာပဲ”

ယနေ့စာရင်းဝင် ဌာနီမပြန် ဂျပန်စစ်သည် ဦးရေမှာ မများလှ။ အသက်ကြီးရင့်လာကြပြီး တမလွန်ဘဝကူးကြသူ များလာ၍ ဖြစ်လေသည်။ သို့သော် စာရင်းဝင်သည်ထက် ကျော်လွန်၍ မြန်မာပြည်အနောက်ပိုင်း၊ မြောက်ပိုင်းရှိ တောင်ကုန်းဒေသတို့ကို ဗဟိုပြုသည့်နေရာတို့တွင် ဌာနီမပြန် ဂျပန်စစ်သည်တို့ ရှိသည်ဆိုသော ကောလာဟလသည် ယနေ့တိုင် မစဲသေးပေ။

တရုတ်နယ်စပ်အနီး ဂျပန်စစ်သည်တယောက်နှင့် ရန်သူ ၁ဝ ယောက်တို့ တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသော ရှမ်းပြည်နယ် မိမိ၏ အတိတ်နှင့်ပတ်သက်၍ တခွန်းမှမပြောဘဲ လန်ခြားဆွဲသူအဖြစ် ဘဝအဆုံးသတ်သွားသော ဂျပန်စစ်သားတဦး ရှိခဲ့၏။ သူ့ကို လူတွေက ‘ဦးဂျပန်’ ဟု ခေါ်ကြ။ ဌာနီမပြန်သည့် စစ်သည်။ သူ့ဇနီး၊ သူ၏ ကလေးများ ၎င်းတို့အသီးသီးတွင် ထူးခြားသော လူ့သဘာဝရှိကြ၏။ ။
“ … နှုတ်ဆက်ခဲ့ပါတယ် … ကျနော် သွားတော့မယ် … လမ်းရဲ့သယ်ဆောင်ရာ … ဟိုအဝေးကို … အဝေးကို …”

10 comments

  • kai

    February 4, 2015 at 5:07 am

    တို့လို့တန်းလန်းလိုပဲ..
    အဲဒါအကုန်လား…။

    ခင်ဝမ်းရဲ့အနုပညာကိုလေးစားတယ်…။ သမိုင်းကျန်ရစ်တဲ့… မြန်မာအနုပညာရှင်တယောက်ပဲ…။

    • တောင်ပေါ်သား

      February 4, 2015 at 12:13 pm

      ဟုတ်တယ် သဂျီးရေ
      သူ့အော်ရီဂျင်နယ်ဆောင်းပါးက အဲဒီအထိပဲထင်တယ် ၊

  • Ma Ei

    February 4, 2015 at 11:11 am

    ခင်ဝမ်းရဲ့ ပန်းချီကား 14’X5′ ဆိုဒ်ကြီးတွေ ရုံးမှာ အလှချိတ်ထားတယ်…
    သိပ်နားမလည်ပေမယ့် သူဆွဲထားတာမို့ အလေးထားတယ်…
    သူဆိုတဲ့ သီချင်းတွေလဲကြိုက်တယ်…
    အနုပညာအတွက် အသက်ရှင်ခဲ့တာ…သူပါဘဲ…

  • ခင်ဇော်

    February 4, 2015 at 11:39 am

    ဆယ်လမွန်ငါးတို့ အပြန် ~~~

    အဲဒီ သီချင်း ညည်းရင်း ညည်းရင်း ဆာရှိမိ စားချင်တာလာ ခက်တယ်။

    😥

  • ဖားသက်ပြင်း

    February 4, 2015 at 12:40 pm

    အဲ့သည်​့ဘိုး​တော်​က အနုပညာနဲ့ပတ်​သတ်​တဲ့
    ဆပ္ပဂျက်​တိုင်​းမှာ ဆရာကျသဗျ
    ပါရမီရှင်​ကြီးဗျာ

  • Mike

    February 4, 2015 at 1:20 pm

    .ခင်ဝမ်း ကဂျပန့်သွေးမှန်း ခုမှသိပါတယ်ဗျာ..သူ့အနုပညာတွေကိုတော့ကြိုက်လှပါတယ်

  • kai

    February 6, 2015 at 3:37 am

    လူမှာကပြားတွေက… တမျိုးစီထူးချွန်တတ်တာသတိထားမိတယ်…။
    ပြောသာပြောတာ..
    ဂျပန်ပြည်တိုးတက်လာတော့.. ဂျပန်လူမျိုးတွေကို.. အဖြူတွေတော်တော်ယူကြ… ပေးကြဖြစ်ကြတာသတိထားမိပြန်ရော..။
    အခု.. စိန့်ပြည်တိုးတက်လာတော့.. အနောက်နိုင်ငံသားတွေ… စိန့်တိုင်းသားတွေကို.. စိတ်ဝင်စားကြ..ချစ်ကြ..ယူကြ….။
    မျိုးရိုးဗီဇကြီး၂ခုပေါင်းတော့… ထူးချွန်တာလေးတွေထွက်လာ…။

    ဆိုတော့..
    ခေတ်နဲ့မလျှော်ညီ.. အဲဒါကို.. ဆန့်ကျင်မုန်းပြနေတဲ့.. မဘသရဲ့.. မျိုးဆောင့်(ဆောင့်)ဥပဒေတွေကြည့်လို့ကိုမရ…။
    မြန်မာမှန်လျှင်.. အဖြူ..အမဲ..အဝါတွေကို.. တိုးယူကြ…။ :k:

    • Ma Ma

      February 6, 2015 at 5:25 pm

      မျိုးဆောင့်(ဆောင့်)
      သဂျီးလည်း သတ်ပုံဂိုဏ်းကို ကြောက်ထင့် :k:

      ခင်ဝမ်းဆွဲခဲ့တဲ့ ပန်းချီကားကြီး (ကားကြီး) တွေကို မြင်ဖူးတယ်။
      ပန်းချီမျက်စိမရှိလို့ သေသေချာချာ မခံစားတတ်ဘူး။

      နားလည်ခံစားတတ်တဲ့သူက ပန်းချီကားကို ရှင်းပြရင်ကောင်းမယ်လို့ တွေးမိပေမယ့်…
      သူငယ်ချင်းကဗျာဆရာတစ်ယောက်က ပြောဖူးတယ်။
      ကိုယ့်ဖာသာ နားလည်အောင် ကြိုးစား၊ ရှင်းပြရတာ ဖီးလ်အောက်တယ်တဲ့။ :boss:

  • မြစပဲရိုး

    February 8, 2015 at 2:51 am

    ခင်ဝမ်း က ဂျပန်တစ်ဝက်မှန်းတော့ သိတယ်။
    ဒါပေမဲ့ ဒီလို ဇာတ်လမ်း လေး အသေးစိတ် မသိခဲ့ဘူး။
    ကျေးဇူးပါ ကိုမျိုးရေ။
    တစ်ခါတုန်း က မအိကျေးဇူး နဲ့ ခင်ဝမ်း ဆွဲတဲ့ ပန်းချီကားတွေ မြင်ဖူး လိုက်တယ်။
    သူ့ သီချင်း တွေ က ကိုယ့် အကြိုက် ထဲ မပါလှပေမဲ့ မောင်လေး တစ်ယောက် က ကြိုက်တာမို့ သူ့သီချင်းတိုင်း ကိုလဲ နားထောင်ဖူးခဲ့ပါတယ်။

Leave a Reply