ပရဟိတ…တဲ့

အလွန်ပဲ ကျက်သရေ မင်္ဂလာရှိလှတဲ့ စကားစုလေးပါ

ပရဟိတဆိုတဲ့ အသံကို ကြားရသူ့ရင်မှာ စိတ်နှလုံး အေးချမ်းလှပါဘိ။ အခုဆိုရင် အများအကျိုး ထမ်းရွက်သူ ပရဟိတသမား ကျွန်တော်တို့ လူငယ်များ လောကကြီးထဲမှာ များစွာ ထွက်ပေါ်လာခဲ့ပါပြီ

“ဂုဏ်ယူပါတယ် ပရဟိတ မောင်နှမများ”

 

အများအကျိုးအတွက် ပရဟိတ အစစ်အမှန်ကို တာဝန်သိစိတ်နဲ့ တာဝန်ယူ ဆောင်ရွက်တာဟာ မိဘက သားသမီးကို ကျွေးမွေးစောင့်ရှောက်တာနဲ့ အလားသဏ္ဌန် တူတယ်လို့ပဲ ကျွန်တော်မြင်မိပါတော့တယ် ပြန်ရယူလိုစိတ် စိုးစဉ်းမျှမရှိ ပေးဆပ်ချင်ရုံ သက်သက်နဲ့ မျှော်လင့်ချက်မထား ကူညီဆောင်ရွက် ပေးနေကြတာကြောင့် အလွန်ပဲ မွန်မြတ်လှပါတယ် ဘုရားဟောနဲ့လဲ ကိုက်ညီတဲ့အတွက် လက်ရှိဘဝမှာရော သံသရာအတွက်ပါ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါပဲလို့ ဆိုချင်ပါတယ်

 

အရာအားလုံးဟာ စိတ်ထားတတ်ရင် ပရဟိတဖြစ်သွားတယ်လို့ သာမာန် သတ်မှတ်လို့ရတယ်ဆိုပေမဲ့ မှန်ကန်တဲ့ ပရဟိတအလုပ်မျိုး ဖြစ်ဖို့ကတော့ အပြောလွယ်သလောက် အလုပ်လုပ်ရတာ ခက်လှပါတယ် ဝါသနာကို အရင်းခံပြီး

 

ယခုလို လှူဒါန်းရတဲ့ အကျိုးအားကြောင့် လက်ရှိဘဝမှာရော နောင်ဘဝအဆက်ဆက်တိုင်းမှာ ဘာဖြစ်ပါစေ ညာဖြစ်ပါစေလို့ ကျွန်တော် ဘယ်တုန်းကမှ ဆုမတောင်းခဲ့ပါဘူး လက်ရှိအချိန်မှာ ကိုယ့်မျက်စိရှေ့မှာ အဆင်မပြေသူများ အဆင်ပြေသွားဖို့သာ အဓိကထားပါတယ်

 

လုပ်အားနဲ့ဖြစ်စေ ငွေအားပဲဖြစ်စေ အများနဲ့စုပေါင်းပြီးဖြစ်စေ တစ်ဦးတစ်ယောက်ထဲဖြစ်စေ ပျော်လို့ပဲလှူလှူ ပျင်းလို့ပဲလှူလှူ ဘယ်လိုပဲလှူလှူပါ အဓိကက စပြီးလှူလိုက်ဖို့သာ အဓိကကြပါတယ်

 

စတင်လိုက်ပါ စမိတဲ့ခြေလှမ်း ကမ်းလိုက်တဲ့ လက်တစ်အစုံတိုင်းဟာ တန်ဖိုးရှိနေမယ် ဆိုတာ အကြွင်းမဲ့ ယုံကြည်ထားလိုက်ပါ

 

ကျွန်တော်အမြဲ တွေးကြည့်နေမိတဲ့ ပရဟိတနဲ့ပတ်သတ်တဲ့ တွေးတောချက်လေးကို အနည်းငယ်လောက် ပြောပြချင်ပါတယ် အဲဒါကတော့

 

ဖြူစင်ပြီး အပြစ်ကင်းစင်လှတဲ့ မျက်ဝန်းတွေထဲကနေ မျက်ရည်တွေ စီးကျနေတာ သင်တို့ ကြည့်ရက်သလား

 

အားကိုးတကြီး လှမ်းကြည့်နေကြတဲ့ ကလေးငယ်များရဲ့ ချစ်စရာ့ မျက်နှာလေးကိုရော သင်တို့ လှစ်လျူရှုရက်သလား

 

ခွန်အားနဲ့မမျှ လူမမယ်အရွယ် ကလေးငယ်တွေ ပင်ပန်းကြီးစွာ ဝမ်းစာအရေး ရှာဖွေနေကြတာကိုရော သင်တို့ လက်ပိုက်ကြည့်နေတော့မှာလား

 

အရာရာဟာ ကံစီမံရာဆိုပေမဲ့ မျှတတဲ့ လူအဖွဲ့အစည်းထဲ လူ့အသိုင်းအဝိုင်းထဲမှာ နေထိုင်နေကြတာချင်း အတူတူ သင်တို့အနေနဲ့ သူတို့လေးတွေအတွက် မိမိတို့ ဆွေမျိုးသားချင်း တစ်ဦးလို တန်းတူ မဟုတ်ရင်တောင် အနည်းငယ် အခွင့်အရေး တစ်ချို့တော့ ပေးသင့်ပါတယ် ဒါကျွန်တော့ရဲ့ ပရဟိတဆိုတဲ့ စကားစုအပေါ်ထားရှိထားတဲ့ စိတ်ထားပါ

 

လုပ်စေချင်ပါတယ် လုပ်နေရင်းနဲ့ သင်တို့တစ်ကယ် ကြည်နူးလာပါလိမ့်မယ်

 

ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ဘယ်ခေါင်းစဉ်အောက်မှာပဲဖြစ်ဖြစ် ပရဟိတလို့ သတ်မှတ်လိုက်ပြီဆိုတာနဲ့ အားလုံးဟာ အလိုလို မွန်မြတ်ပြီးသားပါ

 

ချမ်းသာတဲ့သူတွေလဲ ချမ်းသာတဲ့အလျောက် အချိန်မပေးနိုင်သလို ဆင်းရဲတဲ့သူတွေလဲ ဆင်းရဲတဲ့အလျှောက် ရုန်းကန်နေကြရတာ လောကသဘာဝပါ ဒါကို လျစ်လျူရှူလို့

အချိန်မပေးနိုင်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဆင်ခြေပေးတတ်တဲ့ လူတွေသာ လောကကြီးထဲမှာ ရှိနေမယ်ဆိုရင် ပရဟိတဆိုတာ အဓိပ္ပာယ်မရှိပဲ လူ့လောကထဲကနေ အလိုလို ပျောက်ကွယ်သွားရပါလိမ့်မယ်

လုပ်နိုင်သူတွေ လုပ်နေကြတာ အများကြီးပါ ကိုယ့်အတွက်ပြည့်စုံမှ ပရဟိတလုပ်ရတာ ပိုကောင်းပါတယ် ကိုယ့်မိသားစုတောင် မပြည့်စုံပဲနဲ့ ပရဟိတ လုပ်နေကြတာ သဘာဝမကျပါဘူး ဒါလုံးဝမဖြစ်သင့်ဘူးဆိုတဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေကို ခဝါချ ပရဟိတ အကျိုးဆောင်ကြဖို့ကို ကျွန်တော် အထူးပဲ တိုက်တွန်းချင်ပါတယ်

 

အဲဒီလို မိမိ မိသားစု ပြည့်စုံမှ (ဝါ) အချိန်ပေးနိုင်မှသာ ပရဟိတ လုပ်နိုင်မယ်ဆိုတဲ့ လူတွေကို ကျွန်တော် မေးခွန်းလေး တစ်ခုလောက် မေးကြည့်ချင်ပါတယ် ခင်ဗျားတို့မိသားစုက ဘယ်တော့မှ ပြည့်စုံမှာလဲဗျာလို့

 

ရိုးရိုးလေးပဲစဉ်းစားကြည့်ပါ ရုန်းကန်နေကြတဲ့ ဘယ်လူ့ဘဝမှာမှ ပြည့်စုံသွားတယ်ဆိုတာ မရှိပါဘူး ပိုက်ဆံရှိတဲ့လူတွေကလဲ ရှိပြီးရင်းရှိချင်ကြတယ် မရှိတဲ့လူတွေကလဲ ရှိအောင်ကြိုးစားချင်ကြတယ် ဒါဆို ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေ ဘယ်အချိန် အများအကျိုးပြုလုပ်ငန်းတွေ လုပ်ကြမှာလဲလို့ ကျွန်တော် မေးကြည့်ချင်ပါတယ်

 

ကျွန်တော်တို့မြတ်စွာဘုရားရဲ့ ၃၈ဖြာမင်္ဂလာ တရားတော်မှာ

 

သုံးတန်စေတနာ ဖြူစင်လန်းလို့

ပေးကမ်းမျှဝေ လှူနိုင်စေ

ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့

သုစရိုက်တရားကို ကျင့်ပါလေ

ဆွေမျိုးတွေကိုပြင်ပမထားနဲ့

သင်္ဂဟတရားနဲ့ ချီးမြှောက်လေ

သန့်စင်ပြစ်မျိုး လူထုအကျိုး

သယ်ပိုးရွက်ဆောင်စေ

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ..။

 

လို့ မင်္ဂလာ့သုတ်တန်မှာ ဟောကြားခဲ့ပါတယ်

အရာရာဟာ ကံတရားအတိုင်းပါပဲလို့ မှတ်ယူထားနိုင်ပေမဲ့လဲ ကံတရားကြောင့် ဒီဘဝ မပြည့်မစုံ ဖြစ်နေရတာက သူ့ကိစ္စပါ ကူညီစောင့်ရှောက်ရမှာက ကိုယ့်ကိစ္စပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်အား သို့မဟုတ် ငွေအားနဲ့ ကူညီပေးလိုက်နိုင်တယ်ဆိုရင် ကိုယ့်ကြောင့် သူတပါး အဆင်ပြေသွားရတယ်ဆိုရင်ပဲ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိဟာ သင်တို့တစ်သက်လုံး ခံစားနေရမှာပါ

 

အကျိုးအမြတ်တစ်စုံတစ်ရာ မျှော်လင့်ချက်မထားပဲ ပေးဆပ်ရတဲ့အတွက် လက်ခံသူရော ပေးဆပ်သူမှာပါ အကျိုးရှိစေပါတယ်

 

ကျွန်တော်တို့ဟာ လူ့ပတ်ဝန်းကျင်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေနေကြတဲ့ လူထဲကလူတွေပါ

ကိုယ့်မိသားတစ်စုထဲ အဆင်ပြေလို့ လူဖြစ်ရကျိုးနပ်ပြီလို့ မထင်ပါနဲ့ သင်တို့ပတ်ဝန်းကျင်မှာ သင်တို့ထက်နိမ့်ကျတဲ့ လူတွေ သင်တို့နားမှာ အလုပ်ကျွေးပြုနေကြလို့သာ သင်တို့မိသားစု အဆင်ပြေနေတာပါ ဘယ်အလုပ်ပဲလုပ်လုပ် တစ်ယောက်ထဲလုပ်လို့ မအောင်မြင်နိုင်ပါဘူး

ဒါကြောင့် လောကကြီးထဲမှာ အဆင့်အတန်းမျိုးစုံဟာ မရှိမဖြစ်ပါ

လူတိုင်းသာ သင်တို့ထင်သလို ကံစီမံရာအတိုင်းပါ ကူညီဖို့ မလိုပါဘူးလို့ သတ်မှတ်ထားရင် ကျွန်တော်တို့လို ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွား ကျောင်းနေတဲ့ လူတွေဆိုတာလဲ ပေါ်လာစရာ အကြောင်းမရှိပါဘူး မပြည့်စုံတဲ့လူတန်းစား မမျှတတဲ့ လူနေမှူ အဆင့်အတန်းတွေအောက်မှာ နေထိုင်နေကြတဲ့ လူသားတွေအတွက် အတတ်နိုင်ဆုံး တူအောင်ညှိပေးဖိုရာ လူသားအားလုံးမှာ တာဝန်ရှိပါတယ် ဒါဟာ ဘယ်သူ့မှ တာဝန်ပေးတာမဟုတ်ပါဘူး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ကိုယ်ကျိုးမဖက်ပဲ တာဝန် ထမ်းဆောင်နေကြတာဆိုတော့ အရမ်းမွန်မြတ်လှပါတယ်

 

လူဖြစ်ကြောင်း သက်သေပြချင်ရင် ပရဟိတလုပ်ပါလို့

ကျွန်တော် သိသမျှ တတ်သမျှ ကြားသမျှနဲ့တကွ သင်ဆရာ မြင်ဆရာ ကြားဆရာ မှန်သမျှထံမှ မှတ်သားစရာ စကားရပ်များကို မျှဝေကာ ပတ်ဝန်းကျင်ကို လှစ်လျူရှူမထားပဲ မိမိတို့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ရင်း ဘဝနိဂုံးကို အကောင်းဆုံး ဂုဏ်ပုဒ်များနဲ့ အဆုံးသတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……..

VLMan

About veryloveman

Thura Naing Win has written 5 post in this Website..

   Send article as PDF