သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်လို့ နဲနဲလောက် ဆက်ဖွပါရစေ။ မိမိအတွက်နဲ့ သူများကို ဒုက္ခမပေးရဘူးဆိုတာ ကိုယ်ချင်းစာတရားကနေ ဆင်းသက်လာတယ် ထင်ပါတယ်။ ဘယ်အကြောင်းကြောင်းနဲ့မှသူ့အသက်ကို မသတ်၊ မညှင်းဆဲရ ဆိုတဲ့ပညတ်ချက်ဟာ ရှေ့ဘဝ၊နောက်ဘဝ ရှိတယ်လို့ယုံကြည်တဲ့ အရှေ့တိုင်းက ဘာသာတရားတွေမှာ အထင်အရှား ပြထားပါတယ်။ အနောက်တိုင်းကတော့တမျိုးပါ။ ဒီတော့ ဖန်ဆင်းရှင် ထာဝရဘုရား ရဲ့ ဆုံးဖြတ်ချက်ကိုခံရမဲ့ နောက်ဘဝတခုပဲ ရှိတယ်ဆိုတဲ့ အနောက်တိုင်းကလူ့အဖွဲ့အစည်း နဲ့ အရှေ့တိုင်းကဘာသာတရားကို လက်ခံတဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့လူ့အဖွဲ့အစည်းတို့ရဲ့ အဟိတ်တိရစ္ဆာန်တွေအပေါ် ထားတဲ့ သဘောထားတွေကို သဘောလောက် နှိုင်းယှဉ်ကြည့်လိုက်ရအောင်လား။ အနောက်တိုင်းရဲ့ ဖန်ဆင်းရှင်ဝါဒအရ တိရစ္ဆာန်ဆိုတာ ဘုရားကလူတွေအတွက်၊ လောကအတွက် လုပ်ပေးထားလို့ ဘုရားရဲ့ကျေးဇူးတော်ကို အောင့်မေ့ပြီးသတ်စားရင် အပြစ်လွတ်၏၊ ကုသိုလ်တောင်ရမည်ထင်ပါသည်။
မြန်မာဗုဒ္ဓဘာသာလူ့အဖွဲ့စည်းမှာတော့ သူတဖက်သားကို နာကြင်အောင်လုပ်ရင်တောင် ဘာအကြောင်းကြောင့်ပဲလုပ်လုပ် အပြစ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကုသိုလ်နဲ့ကုသိုလ်ဟာတလိုင်းစီသပ်သပ်သွားတယ်လို့ လက်ခံလို့ပါ။ အရိယာဖြစ်သွားပြီဆိုရင်တော့ကြေပါတယ်။ ကံကြီးမထိုက်ခဲ့ရင်ပေါ့လေ။ ဒီတော့ ငါတို့မြန်မာတွေက သနားဂရုဏာနဲ့ပိုပြီး ပြည့်စုံသယောင် ရှိပါတယ်။ ဘဝပေါင်းများစွာ သံသရာမှာ မတော်စပ်ခဲ့သူမရှိ၊ မဖြစ်ခဲ့တာမရှိလို့ ဆိုထားလေတော့ ဘာကြောင့် ကိုယ်ချင်းစာတရား ထားရမလဲဆိုတာ လုပ်ခဲ့ရင်ငရဲခံရလိမ့်မယ်ဆိုတဲ့ အသိထက်ပိုကြပါတယ်။ လက်တွေ့ မှာကော တကယ်လိုက်နာကြရဲ့လား။ ကိုယ့်အသားလေးနဲနဲနာရင်တော့ အမယ်လေးတပြီး သူ့အသက်ကြတော့တဖြဲနဖြဲစားတာ သဘာဝတဲ့၊ ကံအတိုင်းပဲတဲ့။ ပြောမဲ့သာပြောတယ်၊ ကိုယ်တောင် သက်သတ်လွတ် စ မစားခင်လေးလောက်က ဝက်လေးမြေ မကျသားကို စားဖူးတယ်ရှိအောင်စားခဲ့ပါသေးတယ်။ လူတွေ စစ်ဖြစ်လို့ အသက်ဖက်နဲ့ထုတ်ပြေးရတာတောင် လမ်းမှာတွေ့ တဲ့၊ အတုတုပြေးတဲ့ တောကောင်တွေကို သူတို့လည်း ဒီအချိန်မှာငါတို့လိုသေမှာ ကြောက်နေကြတာပါပဲလားလို့ မတွေးဘဲ၊ ကော်တာပဲဆိုပြီး ဝိုင်းတွယ်ကြတာပဲ။ အများစုက ဪ အခုကာလပျက်ကြီ်းမှာ သူ့အသက်ကိုလည်းမသတ်၊ မညှင်းဆဲ၊ လုပ်ဖို့ကိုလည်း အားမပေးသင့်ဆိုပြီး ရေတိုစစ်ပြေးတုန်း ခဏတောင် မထိန်းချုပ်နိုင်ကြ။ ခေတ်ပျက်မှာတောင် ကိုယ်ချင်းစာစိတ် ဆိုတာမဖြစ်ကြရင် သာမန်ခေတ်ကောင်းစဉ်မှာတော.. မပြောလိုတော့ပါ။
ထားလိုက်ပါတော့ ဒါသဘာဝ၊ ဘုရားတောင် တားလို့ရမှာ မဟုတ်ဆိုရင် သတ်ဖို့မွေးထားတဲ့ တိရစ္ဆာန်တွေအပေါ် ပြုမူပုံကို နဲနဲကြည့်လိုက်ရအောင်။ လူတွေအတွက် တိရစ္ဆာန်တွေကိုပြုလုပ်ပေးထားတယ်ဆိုတဲ့ ဖန်ဆင်းရှင်ကိုယုံကြည်တဲ့ အနောက်နိုင်ငံတွေမှာ လူသားစင်စစ်က တိရစ္ဆာန်တွေအပေါ် ညှင်းးဆဲရင်တောင် ဥပဒေအရ ထောင်ချလို့ရတယ်။ ချလည်းချခံကြရတယ်။ တိရစ္ဆာန်အခွင့်အရေးတွေနဲ့ပတ်သက်ရင် အဖြူတွေက ရှေ့ဆုံးက။ သတ်တော့မဲ့ တိရစ္ဆာန်ကိုလည်း ကောင်းကောင်းမွန်မွန် ထားရတယ်။ တိုးတက်တဲ့နိုင်ငံတွေဆိုတော့ ကျန်းမာရေးရှုထောင့် ကနေလဲ ကြည့်တာပါမှာပေါ့လေ၊ ဒါကြီးသက်သက်တော့ မဟုတ်ပါဘူး၊ သနားခြင်းဆိုတဲ့ လူသားဆန်မှု ကပိုပါတယ်။ သားသတ်ရုံတွေဆိုတာ အမြဲအစစ်ဆေးခံကြရတယ်။ ကျန်းမာရေး ရှုထောင့်ကပဲဖြစ်ဖြစ်၊ လူသားဆန်မှု ရှုထောင့်ကပဲဖြစ်ဖြစ် မလုပ်ထိုက်ပေဘူးလား။
မြန်မာပြည်မှာရော ဒီလိုဥပဒေတွေ မရှိဘူးလား။ အထင်မသေးလိုက်ပါနဲ့။ ရှေးရိုးစဉ်ဆက် ဆဲဆိုလာခဲ့ကြတဲ့ သွားလေသူ အင်္ဂလိပ်အစိုးရမင်းများ ထားခဲ့တဲ့ ဥပဒေတွေရှိပါတယ်။ တိရစ္ဆာန်ညှင်းပန်းမှု ကာကွယ်စောင့်ရှောက်ရေး အသင်းဆိုတာလည်းရှိပါ့။ အရေးယူဆောင်ရွက်ရကောင်းမှန်း အသိမရှိခြင်းသာ ခက်တာပါ။ မွေးမြူရေးနဲ့ သားသတ်လုပ်ငန်းရှင်တွေက တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဥပဒေနည်းလမ်းတွေမလိုက်နာ၊ သက်ဆိုင်ရာဌာနတွေက လာဘ်ယူပြီး မသိချင်ယောင်ဆောင်၊ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းက အသိပညာပေးဖို့ ပျက်ကွက်၊ အံကိုကိုက်လို့။
မဟာရန်ကုန်မြို့တော် ဧရိယာအပြင်ဖက်ရောက်သွားရင် သတ်ဖို့ဝယ်လာတဲ့နွားတွေကို ထရပ်ကားအသေးလေးရဲ့ နောက်ခန်းဟင်းလင်းပြင်ထဲမှာ အပြည့်ထည့်၊ နွားတွေရုန်းရင်းဆန်ခတ်မဖြစ်ရအောင် နောက်ဆုံးအဝမှာရှိတဲ့ အကောင်ရဲ့အမြီးကို ကားရဲ့အမိုးတိုင်မှာချည်ပြီး အရှေ့ကတိုးဝှေ့နေတဲ့ နွားနှစ်ကောင်၊သုံးကောင်ကို ပိတ်ခိုင်းထားပါတယ်။ ရက်စက်လိုက်ကြတာ။ တင်လာတဲ့ပိုင်ရှင်၊ အလုပ်သမားတွေက သူတို့ဘာသာ သာ အမြတ်ဆုံးဆိုတဲ့၊ ဆတ်ဆတ်ထိမခံတဲ့လူမျိုးတွေပါ။ တခါဒန်ပေါက်ဆိုင်က သတ်ဖို့ကြက်တွေထားတဲ့ ဘာသာရေး အဆောက်အအုံးဝင်းထဲမှာလဲ ကြက်တွေကို ခြင်းထဲမှာ မဆံ့မပြဲထည့်ပြီး သိမ်းထား၊ တခါတလေလဲ လမ်းပေါ်မှာ ကြက်အရှင်တွေကို စက်ဘီးရဲ့ဘေးတဖက်တချက်မှာ အစုလိုက် ဇောက်ထိုးဆွဲ၊ တချို့ဆို ကတ္တရာလမ်းမပေါ်မှာ တရွတ်တိုက်ကြီး၊ ကိုယ့်ကိုယ်ကိုတော့ ဘာသာတရားကိုင်းရှိုင်းသူလို့ထင်နေတယ်၊ အတ္တတုံးတွေ။
မြန်မာတွေကြတော့ မနက်တိုင်း ပါဏာတိပါတာ ဝေဒါမဏိသိက္ခာပဒံ သမ္မာဒိယာမိလို့ အော်ဟစ်ခိုးပြီး ဈေးမှာအသား၊ငါးတွေဝယ်၊ မလတ်ရင် ချက်ခြင်းသတ်ဖို့ သွယ်ဝိုက်ပြီးပြော၊ ပြန်လာရင် ဘုန်ကြီးဆွမ်းနဲနဲလောင်းပြီး နိဗ္ဘာန်မရောက်ခင်စပ်ကြား လူမင်း၊နတ်မင်း၊ ဗြမ္မာမင်းဘဝ အသင်္ချေတောင်း၊ ပြီးရင်သီလလုံတယ်လို့ ကိုယ့်ကိုယ်ကိုလိမ်လိုက်နဲ့ ဟုတ်နေကြတာပဲ။ အလှူလုပ်တော့ ပရိတ်သတ်ရာဂဏန်းအတွက် အသားဆိုင်မှာ အော်ဒါသွားမှာ၊ငါးတန်းမှာ ကြိုပြောထား၊ ပြီးတော့ လာတဲ့ပရိတ်သတ်ကို ဘယ်လောက်ကုန်တယ်လို့ကြွားကြ။ ငါးလွှတ်ပွဲတွေလုပ်ဖို့ တံငါတွေကို ငါးပိုဖမ်းခိုင်း၊ ပြီးတော့ငါးအရှင်တွေကို တပျော်တပါးကြီး ပုံးတွေကန်တွေထဲထည့်ပြီး မြို့ပတ်လမ်းသလားကြ၊ အထဲကငါးတွေက အောက်ဆီဂျင်ပြတ်လို့သေ၊ နေပူမိလို့သေကြ။ ဒါလား ယဉ်ကျေး၊ရိုးသားတဲ့ လူအဖွဲ့ အစည်း၊ ညကြရင်ဗုဒ္ဓသာသနာ လွှမ်းပတ်ကမ္ဘာတည်စေသော်လို့ အော်ပြီး ၃၁ဘုံသတ္တဝါတွေကို မေတ္တာပို့။ ဒီပုံနဲ့ ကမ္ဘာပတ်ပါလိမ့်မယ် အားကြီး၊ မြန်မာပြည်က ပျောက်မသွားရင် ကံကောင်း။
ပြောရင်းပြောရင်း ဒေါသတွေထွက်လာပြီနော၊ ဒေါသစိတ်ဆိုတာ ငရဲစိတ်တဲ့ သေရင် ငရဲခံရမယ်တဲ့။ ဒါကြောင့် ငရဲမရောက်ခင် အခုလမ်းခုလပ်ကနေ လှည့်ပြန်မှဖြစ်မယ်။ ပြန်လှည့်ကွေ့ဆရာရေ လူ့ပြည်ကို။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး