Influenza (Flu) တုပ်ကွေး

Yin Nyine NwayAugust 24, 20101min510


ဝသုန်မိုးအေး commented on
“ဟုတ်ကဲ့ပါဆရာ… တုပ်ကွေးဖြစ်နေရင် Paracetamol တစ်ခုပဲ သောက်ရတာလား.. အများအားဖြင့် ဆရာတွေက အဲဒီဆေးပဲ ညွန်းကြတယ်ကော… ကျေးဇူးတင်ပါတယ်ဆရာ…”

တုပ်ကွေးကလည်း အခုခေတ်မှာ “လေးကောင်ဂျင်ရောဂါ” လား မေးရတော့မယ်။ အကောင်နာမယ်တွေနဲ့ ပြောကြတယ်။ ကြက်-ဝက်-ဆင်-မျောက်။ ဘာနာမယ် ဖြစ်ဖြစ် ဗိုင်းရပ်စ် ကနေဖြစ်တာချည်းပါဘဲ။ ဆရာဝန်တွေ သိပ်မနိုင်သေးတဲ့ အကောင်ပေါ့။ ဒီအကောင်ကို မနိုင်ပေမဲ့ မကူးစေအောင်နဲ့၊ ခံချနိုင်အောင်လောက်တော့ ရပါတယ်။

တုပ်ကွေးက အင်မတန် ကူးစက်မြန်လှတယ်။ RNA virus အုပ်စုထဲက အကောင်တွေကြောင့်ပေါ့။ ငှက်တွေရော နို့တိုက် သတ္တဝါတွေမှာလည်း ကူးတယ်။ အေ၊ ဘီ၊ စီ ဆိုပြီး မတူတာလေးတွေ ရှိသေးတယ်။ Influenzavirus A ထဲကနေမှာ နာမည်ကြီးလာတာက H1N1 ဆိုတဲ့ အကောင်ဘဲ။ ၁၉၁၈ တုံးက စပိန်မှာ စနာမည်ကြီးခဲ့တယ်။ ၁၉၅ရ မှာ အာရှတိုက်၊ ၁၉၆၈ မှာ ဟောင်ကောင်၊ အခုဖြစ်နေတာက တကမာ္ဘလုံး။

မူလလက်ဟောင်း တုပ်ကွေးအကြောင်းဘဲ ရေးပါမယ်။ မလွဲမသွေဖြစ်မှာက ဖျား၊ ချောင်းဆိုးနဲ့ နှာခေါင်း ပွစိပွစိဖြစ်တာ။ ချမ်း၊ လည်ချောင်းနာ၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ အားယုတ်၊ မအီမသာဖြစ်၊ ချောင်းဆိုး၊ ပျို့-အန်။ ဝမ်းပျက်ရင် အစာအိမ်-တုပ်ကွေးလဲ ခေါ်တယ်၊ ၂၄ နာရီ တုပ်ကွေးလဲ ခေါ်တယ်။ သူနဲ့ ရုပ်ချင်းခွဲမရအောင် တူတဲ့ အအေးမိတာထက် ပိုဆိုးသွမ်းတယ်။ အပူချိန် ပိုများတယ်။ အား ပိုယုတ်တယ်။

ရောဂါကူးနည်း ၃ နည်း ရှိတယ်။ (၁) ဖြစ်နေသူ ချောင်းဆိုး-နှာခြေလို့ ထွက်တာတွေ လေထဲပါနေတာကို ရှူမိရင်၊ (၂) ချောင်းဆိုး-နှာခြေတာတွေက တခြားလူရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲ ဝင်မိရင်၊ (၃) လက်ကနေ မျက်စိ-နှာခေါင်း-ပါးစပ်ထဲ ဝင်တာကြောင့်ပါ။ လူတယောက် နှာချေတာထဲမှာ ဝ့၅ ကနေ ၅ μm သာရှိတဲ့ အမှုံပေါင်း လေးသောင်းပါနိုင်တယ်။ μm ဆိုတာ တမီတာရဲ့ တသန်းပုံတပုံသာရှိတာကို ခေါ်တယ်။ ဒါ့အပြင် ရောဂါသည်ငှက်က ချေးပါချတာ ခံရရင်။

တုပ်ကွေးအတွက် (ပါရာစီတမော) တခုထဲတော့ မဟုတ်ပါ။ ဆရာဝန်တွေ ဒိထက်မက တတ်ပါတယ်။ နှာစေးနေရင်၊ (အင်တီ-ဟစ်စ်တမင်း) ပါတဲ့ဆေး၊ ချောင်းဆိုရင် ချောင်းဆိုး ပျောက်ဆေး။ တခါထဲ ပြောပါအုံးမယ်၊ ချောင်းဆိုး ပျောက်ဆေး ဆိုတာ အမျိုးမျိုးရှိတယ်။ တံဆိပ်ကို ပြောတာ မဟုတ်ဘူး။ Dry cough ချောင်းခြောက် ဆိုးတာအတွက်၊ Expectorant ချွဲတွေ ထွက်အောင်အတွက်၊ လေပြွန်ကျဉ်းပြီး Asthma ပန်းနာလို ကြပ်နေတာအတွက်၊ Dissolvent ချွဲပျော်စေအောင်၊ ချောင်းဆိုးပျောက်ဆေး၊ ၃-၄ မျိုးရှိတယ်။ အားယုတ်ရင် ဗီတာမင်နဲ့ အစားအသောက်။ အနေအထိုင် ဂရုစိုက်ဘို့ကလည်း အရေးပါသေးတာ။ ကိုယ့်ဆီကနေ သူများ၊ သူများဆီကနေ ကို်ယ့်ဆီ မကူးအောင်။ မရသေးရင် ကျောင်းတွေ ပိတ်ခိုင်းတာလဲ လုပ်ရသေးတယ်။ ကာကွယ်ဆေး ရှိတာမျိုးကြ ထိုးပေါ့။

တုပ်ကွေး Vaccine ကာကွယ်ဆေးလည်း ထိရောက်သင့်သလောက် ထိရောက်နေပါပြီ။ ကူးစက်ခံရနိုင် လောက်သူတွေကို ထိုးပေးသင့်တယ်။ ပေါ်တာ သိပ်မကြာသေးတဲ့ ဗိုင်းရပ်စ် ကုသဆေးကို စောစောပေးရင် ကောင်းတယ်။ Neuraminidase inhibitors နဲ့ M2 inhibitors (Adamantanes) ၂ မျိုးသုံးနေတယ်။

ကိုက်တာ၊ ဖျားတာအတွက် (ပါရာစီတမော) Acetaminophen/Paracetamol သောက်။ ကလေးဖြစ်ဖြစ်၊ လူကြီးမှာ လေနာရှိရှိ သောက်နိုင်လို့ပါ။ သွေးလွန်တုပ်ကွေး အတွက်လဲ စိတ်ချရတယ်။ ကလေးနဲ့ လူငယ်တွေကို Aspirin မပေးသင့်ဘူး။ ပဋိဇီဝဆေး မတိုးပါ။ တခုတော့ရှိတယ် တုပ်ကွေးမိနေရင် ဗက်တီရီးယားကြောင့် နူမိုးနီးယားရရင်တော့ ဒါပါ ပေးရမယ်။

အရက်လျှော့-ရှောင်၊ ဆေးလိပ်လျှော့-ရှောင်ပါ။ တုပ်ကွေးမိရင် နေရောင်က ကောင်းတယ်။ ပိုးကို သေစေနိုင်တယ်။ လက်ဆေး-ကိုယ်လက်သုတ်သင်တာ မကြာမကြာ လုပ်တာ ကောင်းတယ်။ တုပ်ကွေးမိသူ ရေများများ သောက်ရတယ်။

အပြင်းစားနဲ့ ညားရင် နူမိုးနီးယား ဖြစ်တတ်သေးတယ်။ အသက်ငယ်လွန်း၊ ကြီးလွန်းရင် ကံမကောင်း၊ အကြောင်းမလှ ဖြစ်ရတတ်တယ်။ တုတ်ကွေးကင်းတဲ့ ရာစုနှစ်ရောက်ဘို့ ဆရာဝန်တွေ စိတ်ကူးမယဉ်နိုင်ကြသေးပါ။