အရွယ်မရောက်သေးတဲ့ လူကုန်ကူးခံရသူလေးကို အမည် နေရပ်လိပ်စာနဲ့
ဖော်ပြထားတဲ့သတင်းတစ်ပုဒ်

ကမ္ဘာကြီးတောင် ရွာဖြစ်အောင်ကျဉ်းမြောင်းပစ်လိုက်နိုင်တဲ့ သတင်းမီဒီယာခေတ်ကြီးမှာ သတင်းသမားတွေအတွက် နေရာမရှားသလို တာဝန်ပိုကြီးလာတယ်လို့ဆိုချင်ပါတယ်။
သတင်းသမားတွေဟာ အခြားစာနယ်ဇင်းသမားတွေထက် ပိုပြီးကလောင်ကိုစောင့်စည်းထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သတင်းသမားရဲ့ အတတ်ပညာ ကျိုးကြောင်းဆင်ခြင်တိုင်ထွာမှု ဥပဒေလိုက်နာမှု စာနာထောက်ထားမှုတွေ ပေါင်းစပ်ပါမှ သတင်းကောင်းတစ်ပုဒ်ကို ဖန်တီးနိုင်မှာပါ။
သတင်းဖြစ်ရင်ပြီးရော စာမူခရရင်ပြီးရော နာမည်ရရင်ပြီးရော….လို့ သဘောထားပြီး မရေးသင့်ပါဘူး။ (၁၇-၇-၂၀၁၀) နေ့ထုတ် ဂျာနယ်တစ်စောင်ရဲ့ (Crime, Corner) အခန်းကဏ္ဍမှာ ဖော်ပြထားတဲ့ (……..) ဆိုသူရဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။သတင်းဖော်ပြဖို့ ပေးရတဲ့ နေရာက လက်တစ်ဝါးသာရှိပေမယ့် အဲဒီသတင်းအတွက် ပေးဆပ်လိုက်ရတဲ့ နစ်နာမှုက ဖော်မပြနိုင်လောက်အောင်ပဲပေါ့။ (ဓါးသွားထက် ကလောင်သွား ပိုထက်တယ်) ဆိုသမို့လား။
သတင်းရေးသူဟာ သတင်းသမားတွေ လိုက်နာစောင့်ထိမ်းအပ်တဲ့ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတွေကို မသိလို့ဘဲလား?။ သိပါရက်နဲ့ ကျူးလွန်လိုက်တာပဲလား? တော့မဆိုတတ်ပေမယ့် မသိလို့ပါဆိုပြီးလည်း မကျူးလွန်သင့်သလို သိပါရက်နဲ့ဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ဘူးပေါ့။
ဂျာနယ် စာစောင် မဂ္ဂဇင်းတွေမှာ မိမိရေးတာကို မိမိတာဝန်ယူနိုင်ရင် မည်သူမဆို ရေးနိုင်တယ်မဟုတ်လား။ ဒီလိုဆိုရင် ကိုယ်ရေးတာ ကိုယ်တာဝန်ယူရမှာပဲပေါ့။ အရွယ်မရောက်သေးသည့် မိန်းကလေးအား ပြည်ပသို့ ရောင်းချသည့်အဖွဲ့ကို အရေးယူ…..လို့ ခေါင်းစဉ်ပေးထားတာပါ။ လူကုန်ကူးခံရသူလေးရဲ့ အမည်၊ နေရပ်၊ လိပ်စာကို အတိအကျဖော်ပြထားတာ တွေ့လိုက်ရတော့ သွားပြီလို့ ရေရွတ်လိုက်မိပါရဲ့။ ( ကလောင်သွားထက် ဥပဒေသွားက ပိုထက်တယ်) လို့ သိထားလေတော့ စောင့်ကြည့်ရဦးတော့မှာပဲ…..?…။

About winkyawaung

win kyawaung has written 45 post in this Website..