လူတိုင်းက ကိုယ့်ကိုယ်ကို ချစ်တတ်ကြသလို

ကိုယ့်အကျိုးကိုပဲ လိုလားကြတာချည်းပါပဲ…

ကိုယ့်အကျိုးလိုလားတာချင်းတူတူတောင် ကိုယ့်အတွက် မှန်ကန်တဲ့ ရလာဒ်လား မှားတဲ့ ရလာဒ်လားဆိုတော့ ခွဲခြားတတ်ဖို့လိုပါလိမ့်မယ် ။

ဒီဂေဇက်က စာရေးသူ စာဖတ်သူတွေမှာ .. ပီသတဲ့ ပင်ကိုအသိရှိကြသူချည်းပါပဲ … ။ စာတစ်ကြောင်း ကွန်းမန့် တစ်ခု ဖတ်ကြည့်ရုံမျှနဲ့ ခန့်မှန်းလို့ရပါတယ် ။ ကိုယ့်အတွက် ဘယ်လိုအရာမျိုးက မှန်ကန်တဲ့ ရလာဒ်လဲဆိုတာကိုတော့ အထူးပြောစရာလိုမည်မထင်ပါ .. တွေးခေါ်တတ်တဲ့ လူသားတွေမို့  အားလုံး သိသူချည်းပါပဲ ။

ကျွန်တော်ကိုယ်တိုင် သတိမထားဖြစ်ခဲ့တာလေးတွေကိုသာ ပြောပြချင်မိတာပါ။ ပုံမှန်အားဖြင့်တော့ ကိုယ့်ကိုယ်ကိုလည်း အတွေးများသူလို့ ယူဆမိပါတယ် ။

အမြဲလိုလို တစ်ယောက်ထဲ ရှိတဲ့အချိန် သို့မဟုတ် ကိုယ့်ဘဝကို ပြန်ဆန်းစစ်မိတဲ့ အချိန်မှာ .. စိတ်ထဲက ပြောမိတဲ့ စကားက … “ငါ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲ ဘယ်လိုနေရင် အကောင်းဆုံးဖြစ်မလဲ ” ဆိုတဲ့ မေးခွန်းပါပဲ ..။နေ့စဉ် နေဓဓူဝ လုပ်ကိုင်နေတာတွေထက် သိပ်ပြီး ထူးခြားမနေဖြစ်တာများတာက မိမိအားနည်းချက်ဖြစ်မှန်း အချိန်တော်တော်ကြာမှသိလာမိတယ်ဗျ..။

ပညာရှိတိုင်းက အလွယ်တကူ ကုန်ဆုံးနေတဲ့ မိမိတို့ရဲ့ တစက္ကန့်တိုင်းကို တန်ဖိုးထားပါလို့ အချိန်နဲ့ပတ်သက်ပြီး ပြောဖူးကြပါလိမ့်မယ် … ။ ကျနော့်အမြင်တော့ .. စက္ကန့်တွေကို ရေတွက်မနေပဲ .. တစက္ကန့်ကြာတဲ့ အချိန်ကလေးအတွင်း ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြည့် .စေချင်ပါတယ် .။ ဆိုလိုချင်တာက.. လူ့ဘဝ ဆိုတာ ဘယ်လိုလဲဆိုတာ သိချင်ရုံပါ ။ အများစုက စာတွေ ကဗျာတွေနဲ့ ချီပြီး ရေးပြချပြနေကြတာ .. ကိုယ့်ပိုင်ဆိုင်တဲ့ ဘဝကို သေချာ မြင်ဖူး ထိဖူး လေ့လာဖူးသူ နည်းမယ်လို့ မြင်မိပါတယ် ။ ဟုတ်ပါပြီ အဲ့ဒီ တစက္ကန့် ခဏတာမျှ ကြည့်ကြည့်ပါ။  အဲ့ဒီအချိန်လေးမှာ .. ဘဝဟာ စီးဆင်းနေတယ် ..အခုလို စာတွေဖတ်ပြီး .တွေးနေတဲ့အချိန်လေးမှာတောင် ဘဝဟာ အသက်ဝင်စီးဆင်းနေခြင်းပါပဲ  ။ သေချာလေး မြင်ကြည့်လိုက်ရင် သစ်ရွက်ကလေး တစ်ခု လေထဲ လွင့်နေသလိုမျိုး စိတ်ထဲ ဖြစ်မိတာ …။ မြေကိုလည်း မထိသေး အပင်မှာလည်း မရှိ .. လေပေါ်မှာပဲ ဝေ့ဝဲ ခရီးဆက်နေသလိုမျိုး .. ။ ကျေးဇူးပြု၍ .. ယခု စာဖတ်နေ တွေးနေတဲ့ စိတ်လှိုင်းကို ခေတ္တမျှ ရပ်ပြီး မိမိကိုယ်ကိုယ် ပြန်ကြည့်ကြည့်ပါ ..။

( ၁ဝ စက္ကန့်မျှ……………………………………………… )

အဲ့ဒီ စက္ကန့်ဆိုတဲ့ အချိန်တခဏကို အစပြု ပြီး  ကျွန်တော်တို့အားလုံး ဘာကြောင့် ကောင်းတဲ့စိတ်ကလေးတွေ မထားနိုင်ရမှာလဲ လို့ တွေးကြည့်ပါ ။ အလွယ်ကူဆုံး မိမိနဲ့ အနီးဆုံးလူကို ပျော်ရွှင်မှုလေး အနည်းငယ်မျှ ပေးကြည့်ပါ ။ စိတ်ကို တင်းကျပ်မထားပဲ သာသာယာယာ လွှတ်ထားကြည့်လိုက်ပါ .။  ပစ္စုပ္ပန်တည့်တည့် အသိစိတ်ကို မိမိကိုယ်နဲ့ ကပ်ပြီး အချိန်ကုန်ကြည့်ပါ ။ တဖြည်းဖြည်း စိတ်ဖိအားတွေ လျော့ပြီး နေပျော်လာပါလိမ့်မယ် ။ ကိုယ်ကိုယ်ကို အားမလို အားမရ ဖြစ်နေတာတွေလည်း ပျောက်သွားပါလိမ့်မယ် …။ ဖြူစင်ခြင်းဘက် တဖြည်းဖြည်း ကူးပြောင်းနေတယ်လို့လည်း ကိုယ့်ကိုယ်ကို မြင်မိလာပါလိမ့်မယ် ..။

ကျွန်တော် တွေးမိတာကို စာနဲ့ ဖော်ပြရတာ ပြည့်စုံပုံပေါ်ချင်မှ ပေါ်ပါလိမ့်မယ် ..။ တကယ်တော့ လက်တွေ့ အချိန်ခဏတာမျှ နေကြည့်စေချင်ဆန္ဒလေးပါ ။ အဲ့ဒီ အချိန်တခဏအတွင်းမှာ မိမိပိုင်ဆိုင်တဲ့  ရာထူးတွေ အဆောင်အယောင်တွေကို စိတ်က မမြင်တော့ဘဲ…… အသက်ရှင်ခြင်းသီးသန့် ……တခဏပြီး တခဏ ဖြစ်ပျက်သွားတဲ့  ဘဝ စီးမျောခြင်းလေး .. တဖြည်းဖြည်းနဲ့ ..ခရီးဆက်နေခြင်းကို .. တွေ့ရှိပါလိမ့်မယ် ။ ထို့နောက် အတ္တတွေ မာနတွေ .. အနားမှာ ကပ်မနေနိုင်တော့ပါ ။

 

ဘာနေ

( 25.5.2016 )

About barnay

has written 2 post in this Website..