https://www.facebook.com/permalink.php?story_fbid=508840926171358&id=100011363651075

 

 

စာက အရမ်းကောင်းလို့ လာသိမ်းထားတာ။
ဒါတွေကို ရည်လည်အောင်သဘောမပေါက်ပဲ ဖြတ်ဖောက်ချုပ် ပြောနည်းနဲ့ ပြောနေတဲ့ ဟာဒေရှိနေသေးလို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Catch 22 ဆိုတဲ့ ထူးထူးဆန်းဆန်း သိုးဆောင်း စကားလုံးတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို အနီးစပ်ဆုံး ပြန်ဆိုရရင် Paradox ဖြစ်တယ်ပေါ့။ မြန်မာလိုဆိုရင်တော့ ရုန်းထွက်ဖို့ ဖြေရှင်းဖို့ ခက်တဲ့ ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အခြေအနေတစ်ခုကို ပြောတာပေါ့။

ဥပမာ လူငယ်တစ်ယောက်ဟာ အလုပ်တွေ လိုက်လျှောက်တယ်။ ဒါပေမယ့် သူ့မှာ လုပ်ငန်းအတွေ့အကြုံ မရှိလို့ အလုပ်က မရဘူး။ အလုပ်က မရတော့ လုပ်ငန်းအတွေ့အကြုံက မရှိဘူး။ အဲဒီလို သံသရာလည်နေတဲ့ အခြေအနေကို Catch 22 Situation လို့ ခေါ်တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကနေ အမေစု နဂိုထက်တောင် ပိန်သွားကြောင်း၊ အင်မတန် ခက်ခဲလှတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့်ရော၊ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဦးကိုနီ လုပ်ကြံခံရမှုလို တိုင်းပြည်ကို စိန်ခေါ်လိုက်တဲ့ ကိစ္စမျိုးတွေမှာ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးနိုင်ခွင့် မရတဲ့အတွက် ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း၊ ပြည်သူတွေကိုလည်း အစိုးရအဖွဲ့ အနေနဲ့ ဘယ်လို အခက်အခဲတွေကြားကနေ ဘယ်လောက် ကြိုးစားလုပ်ကိုင်နေရတာကို သိစေချင်ကြောင်း သတင်းစကား ပါးလိုက်တာကို ကြားလိုက်ရတဲ့အခါ ဒီ Catch 22 ဆိုတဲ့ စကားလုံးက ခေါင်းထဲကို ရောက်လာတာပါပဲ။

ဒီတိုင်းပြည်အတွက် အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲရမယ့် အရာတွေကို လေ့လာကြည့်ရင် အမေစု အဖြစ်က အဲဒီ ကိစ္စတွေတိုင်းမှာ Catch 22 Situation နဲ့ ကြုံတွေ့နေရတာကို တွေ့ရလို့ ဒီစာကို ရေးပါတယ်။

ဦးနှောက်ထဲက အချက်အလက်တွေနဲ့ ရင်ထဲက ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ဖွင့်အန်လိုက်တာမို့ စာရှည်ပါတယ်။ ဒီစာကို အတော်ကြီး အလေးထား ရေးထားတာမို့ နှစ်ပိုင်းခွဲတင်ရင် ပေးချင်တဲ့ message ပေါ့သွားမှာ စိုးလို့ရယ်၊ share လုပ်ချင်သူတွေ အဆင်မပြေမှာ စိုးတာရယ်ကြောင့် မခွဲတော့တာပါ။ အဆုံးထိဖတ်ပြီး သဘောမျှနိုင်မှသာ like ပေးပါလို့ မေတ္တာရပ်ခံပါတယ်။
.
.
.
၁) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) အတိုင်း ပြင်ဆင်ကြဖို့၊ နိုင်ငံတော် အချုပ်အခြာ အဏာကို မထိခိုက်စေဘဲ ဥပဒေဘောင် အတွင်းမှ ပြင်ဆင်ကြဖို့ ခြေ/ဥကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသူများက ပြောကြားထားပါတယ်။

အဲဒီအခန်း (၁၂) ထဲမှာ ခြေ/ဥ ထဲက ပုဒ်မတွေကို ပြင်ဖို့ အဓိကအရေးအကြီးဆုံး သော့ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပါဝင်နေတာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ မှာ ပုဒ်မခွဲ (က) နဲ့ (ခ) ပါဝင်တယ်။

၄၃၆။ (က)

ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏…
အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ
အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ
အခန်း (၃) ပုဒ်မ ၅၉၊ ၆၀
အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁
အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆
အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀
အခန်း (၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ
အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင်

“ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ” ပြင်ဆင်ရမည်။

၄၃၆။ (ခ)

ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ” ပြင်ဆင်ရမည်။
.
.
.
ဒီ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထဲမှာ ရွေးကောက်ပွဲ မတိုင်ခင်က ပြင်ဆင်ဖို့ ခေတ်စားခဲ့တဲ့ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ အပါအဝင် အခြားအရေးပါတဲ့ ပုဒ်မတွေ အတော်များများ ပါနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီ ပုဒ်မတွေကို ပြင်ချင်ရင် “လွှတ်တော်မဲခွဲခြင်း + ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” ဆိုတဲ့ အဆင့် ၂ ဆင့်ဖြတ်ရမှာ ဖြစ်ပြီး…

ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) မှာပါတဲ့ ပုဒ်မတွေကတော့ ပုဒ်မခွဲ (က) မှာ ဖော်ပြထားတဲ့ ပုဒ်မတွေလောက် အရေးမကြီးတာမို့ “လွှတ်တော်မဲခွဲခြင်း” ဆိုတဲ့ အဆင့် ၁ ဆင့်သာ ဖြတ်ရမှာဖြစ်ပါတယ်။

ဥပမာ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထဲမှာ ပါတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ချင်တယ် ဆိုကြပါစို့။

“ပထမအဆင့်”

လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရပါမယ်။

၇၅ ရာခိုင်နှုန်းကျော်ရမယ် ဆိုတာဟာ အရပ်သားအမတ်ချည်း ၁၀ဝ ရာခိုင်နှုန်း ရှိတဲ့ လွှတ်တော်မှာဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ဒါတောင် တော်တော်လေး မလွယ်ပါဘူး။

(၁၉၄ရ ခြေ/ဥမှာ ၆ရ ရာခိုင်နှုန်းနဲ့ ၁၉၇၄ ခြေ/ဥမှာတော့ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ချင်ရင် ပြင်ဆင်လို့ ရတယ်လို့ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်)

တစ်သွေးတစ်သံတစ်မိန့်နဲ့ အမိန့်ပေးတဲ့အတိုင်းလုပ်ကြမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်း ပါနေတဲ့ လွှတ်တော်မျိုးမှာ ၇၅ ရာခိုင်နှုန်း ကျော်ရမယ်ဆိုတာဟာ…

ပါတီပေါင်းစုံက ရွေးကောက်တင်မြှောက်ခံ အရပ်သား အမတ်အားလုံးက ညီညာဖျဖျ ထောက်ခံကြရမယ့်အပြင်…

တပ်မတော်သား လွှတ်တော်အမတ်တွေထဲက အနည်းဆုံး တစ်ယောက်က ချွန်ထွက်ပြီး သဘောတူရပါမယ်။

နိုင်ငံရေးအယူဝါဒ အမျိုးမျိုး၊ ဘက် အမျိုးမျိုးနဲ့ ရပ်တည်နေကြတဲ့ ပါတီပေါင်းစုံက အမတ်တွေ တစ်ယောက်မကျန် အားလုံး စိတ်တူညီပြီး သဘောတူကြဖို့ ဆိုတာဟာ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း ထိဖို့ဆိုတာမျိုး ဘယ်လောက်ခက်မလဲ စဉ်းစားကြည့်ပါ။

ဒီထက်ဆိုးတာက လွှတ်တော်တွင်းမှာ “လက်ရှိ ရှိနေတဲ့ အမတ်တွေ” ရဲ့ ၇၅ ရာခိုင်နှုန်း မဟုတ်ဘဲ…

လွှတ်တော်ထဲမှာ “ရှိဖို့ သတ်မှတ်ထားတဲ့ အမတ်နေရာအားလုံး” ရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်ရမယ်ဆိုရင် ပိုတောင်ဆိုးသွားပါပြီ။

ဘာလို့ဆိုရင် မတည်ငြိမ်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ မလုပ်ရသေးလို့ အမတ်နေရာ လွတ်နေတာတွေ ရှိတယ်။ သေသွားတဲ့၊ ဝန်ကြီးဖြစ်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်မရွေးရသေးတာတွေ ရှိမယ်။

အဲဒီတော့ အရပ်သား လွှတ်တော်အမတ်က စကတည်းကကို ၇၅ ရာခိုင်နှုန်း မပြည့်နိုင်ချေ များနေပါတယ်။ နဂိုကတည်းက ၇၅ ရာခိုင်နှုန်း မပြည့်တဲ့ အမတ်တွေက အကုန်ထောက်ခံလည်း “ပထမအဆင့်” ကိုတောင် မကျော်ဖြတ်နိုင်လို့ ဘယ်လိုမှ ပြင်လို့ မရနိုင်ပါဘူး။

ကံကောင်းလွန်းလို့ အမတ်အရေအတွက် အပြည့်ရှိနေချိန်မှာ စည်းရုံးရေးကောင်းလွန်းလို့ အားလုံးရဲ့ ထောက်ခံမှုရပြီး ၇၅ ရာခိုင်နှုန်း ပြည့်သွားတယ် ဆိုရင်တောင်မှ…

တပ်မတော်သား လွှတ်တော်အမတ်တစ်ယောက် ထောက်ခံမှ ပထမအဆင့် လိုအပ်ချက်ကို ပြည့်မီမှာပါ။ တပ်မတော်သား အမတ်ကလည်း သူ့သဘောနဲ့သူ လုပ်ရဲမလားဆိုတာ တွေးသာကြည့်ကြပါ။

ဒီတော့ “ပထမအဆင့်” ကို ကျော်ဖြတ်ဖို့တောင် မဖြစ်နိုင်သလောက်ပါပဲ။
.
.
.
“ဒုတိယအဆင့်”

ပထမအဆင့်ကို ကျော်နိုင်တာနဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်လို့ မရသေးပါဘူး။ ဒုတိယအဆင့်အနေနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်က သဘောတူထောက်ခံမှသာ ပြင်နိုင်မှာပါ။

ဒီနေရာမှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်” ဆိုတာနဲ့ ထပ်ညစ်ပတ်ထားပြန်ပါတယ်။

“ဆန္ဒမဲလာပေးသူ အားလုံးရဲ့ ထက်ဝက်ကျော်” မဟုတ်ပါဘူး။ ဘာကွာပါသလဲ?

တွက်လို့လွယ်အောင် မြန်မာပြည်ရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဟာ ၁၀၀ဝ ယောက် ရှိတယ်လို့ ထားပါ။
ဆန္ဒခံယူပွဲနေ့မှာ ဆန္ဒမဲ လာပေးသူ ၆၅ဝ ရှိတယ်ထားပါ။

အဲဒီ ၆၅ဝ အထဲက ၄၅ဝ က ထောက်ခံပြီး ၂၀ဝ က ကန့်ကွက်မဲပေးတယ်ဆိုရင်…

လူ ၄၅ဝ ဟာ ၆၅ဝ ရဲ့ ၇ဝ ရာခိုင်နှုန်း ဖြစ်တာမို့ “ဆန္ဒမဲလာပေးသူ အားလုံးရဲ့ ထက်ဝက်” ကို ကျော်သွားပေမယ့်…

မဟာခြေ/ဥကြီးရဲ့ ဒုတိယအဆင့် ညစ်ကွက်ဖြစ်တဲ့ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်” ကိုတော့ မကျော်တော့ပါဘူး။ လူ ၄၅ဝ ဟာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၀ဝ ရဲ့ ၄၅ ရာခိုင်နှုန်းပဲ ရှိတာမို့ ပထမအဆင့်ကို ကျော်ခဲ့ပေမယ့် ဒုတိယအဆင့်ကို မကျော်လွှားနိုင်လို့ ပြင်လို့ မရတော့ပါဘူး။

ဒါဟာ “ဘယ်ဆန္ဒခံယူပွဲမှာမဆို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး တစ်ယောက်မကျန် မဲပေးပွဲကို မဲလာပေးတာ မဟုတ်” ဆိုတဲ့ တစ်ကမာ္ဘလုံးမှာကို ကြုံနေရတဲ့ ဖြစ်ရပ်မှန်ကို အခွင့်အရေးယူ အသုံးချထားတာပါ။
.
.
.
ဒါကြောင့် ပြင်လို့ မရသော အခြေခံဥပဒေလို့ ဥပဒေ နားလည်သူအားလုံးက တစ်ညီတစ်ညွတ်တည်း ဝေဖန်ကြတာပါ။

အဲလို ပုဒ်မ ၄၃၆ ကြောင့် ပြင်လို့မရသော ခြေ/ဥကို ပြင်နိုင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဆုံး ပြင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပုဒ်မ ၄၃၆ ကို ပြင်ဖို့ သီးခြား ပုဒ်မ မထားဘဲ…

ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထဲမှာပဲ ပြန်ထည့်ထားတာက တော်တော် ရုပ်ပျက်ဆင်းပျက် ညစ်ထားတာ ဖြစ်ပါတယ်။

ဒါဟာ ဘာနဲ့တူသလဲဆိုတော့ အရေးကြီးတဲ့ ပစ္စည်းတွေထားထားတဲ့ အခန်းတစ်ခုကို တံခါးသော့ခတ်ပြီး ပိတ်ထားလိုက်တယ်။ ဒီပစ္စည်းတွေကို လိုအပ်လို့ ဝင်ယူမယ့်သူတွေကို တံခါးကို ဖွင့်ပြီး ယူဖို့ပြောတယ်။ ဒါပေမယ့် အဲဒီ တံခါးကို ဖွင့်ဖို့ သော့ကိုကျတော့ ပိတ်ထားတဲ့ အခန်းထဲမှာပဲ ထားထားတယ်။

ပိုင်ချက်ကတော့ တကယ့် Catch 22 Situation ကို ဖန်တီးထားတာ ဖြစ်တယ်။

သော့မရရင် အခန်းတံခါး မဖွင့်နိုင်ဘူး။
အခန်းတံခါး မဖွင့်နိုင်ရင် သော့မရဘူး။

တစ်နည်းပြောရရင် ပိတ်နေတဲ့တံခါးကို ဖွင့်ဖို့ သော့ကို တံခါးဖွင့်ပြီး ယူမှရမယ်တဲ့။

မဟုတ်တဲ့နေရာမှာ ကောင်းလိုက်တဲ့ ဉာဏ်နီ ဉာဏ်နက်။

သော့ရှိမှ ဖွင့်ရမယ်ဆိုရင် ဘယ်တော့မှ ဖွင့်မရနိုင်တော့ပါ။ ရိုက်ဖွင့်မှသာ ရတော့မယ့်သဘော။ ဒါပေမယ့် အမေစုဟာ ဒီလမ်းကို ဘယ်တော့မှ ရွေးမှာ မဟုတ်ပါဘူး။
.
.
.
(၂) ငြိမ်းချမ်းရေး

ဒီကိစ္စမှာလည်း အမေစုဟာ ကျဉ်းထဲကြပ်ထဲပါပဲ။ ထိလွယ်ရှလွယ်တဲ့ အရေးဖြစ်လို့ ထင်မြင်ချက်တွေကို အသေးစိတ်မရေးဘဲ ဘယ်လို အခက်အခဲ ဖြစ်ရတယ် ဆိုတာကိုသာ ရေးပါမယ်။

ငြိမ်းချမ်းရေးရဖို့ ပထမအဆင့်အနေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကို ပြည်သူအများစုက ရပ်စေချင်ကြပါတယ်။ အမေစုအပေါ်လည်း အများကြီး မျှော်လင့်ထားကြပါတယ်။

အကယ်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတက ခန့်ထားတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ လက်အောက်က ညွှန်ချုပ်သဘောမျိုးဆိုရင်တော့ ကိုယ့်ဘက်ကိုယ် နိုင်နင်းစွာ ကိုင်တွယ်ညွန်ကြားနိုင်တာမို့ ညှိနှိုင်းရမှာက တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ပဲ ရှိပါတော့မယ်။

ဒါပေမယ့် အမေစုရဲ့ အစိုးရဟာ တပ်မတော်ကို အမိန့်ပေးနိုင်တဲ့ အစိုးရမျိုး မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအရ တပ်မတော်ဟာ အစိုးရလက်အောက်ခံ သဘောမျိုးပေမယ့် လက်တွေ့မှာ ခြေ/ဥက ပေးထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာစက်ဟာ ဘယ်သူကမှ ထိန်းချုပ်လို့ မရအောင် ကြီးမားနေပါတယ်။

သချင်္ာနည်းအရ အစိုးရက ၇၅ ရာခိုင်နှုန်း၊ တပ်မတော်ဘက်က ၂၅ ရာခိုင်နှုန်း အာဏာခွဲဝေ အုပ်ချုပ်နေသလို ဖြစ်နေတော့ လွှတ်တော်ထဲမှာ မဲခွဲရတဲ့ ကိစ္စတွေဆိုရင် ဒီချုပ်ဘက်က အသာရလေ့ရှိပေမယ့်…

လွှတ်တော်နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ အစိုးရက တပ်မတော်ကို အမိန့်ပေးလို့ မရပါဘူး။

အထူးသဖြင့် စစ်ပွဲတွေရပ်ဖို့ ပြောဆိုရာမှာ အာဏာသက်ရောက်မှု မရှိကြောင်း အလွန်ထင်ရှားပါတယ်။

သမိုင်းတစ်လျှောက် ရန်ဘက်လိုဖြစ်ခဲ့တဲ့ ပါတီကနေ ဖြစ်လာတဲ့ လက်ရှိအစိုးရကို ထားလို့…

တပ်မတော်ခေါင်းဆောင်တွေ ဖွဲ့စည်းခဲ့တဲ့ ပါတီကနေ ဖြစ်လာတဲ့ အရင်အစိုးရရဲ့ ခေါင်းဆောင် နိုင်ငံ့ဥသျှောင် သမ္မတကြီးဖြစ်တဲ့၊ တပ်မတော်မှာ စီနီယာ ဖြစ်ခဲ့ဖူးတဲ့၊ ကာချုပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဦးသိန်းစိန်ကိုယ်တိုင် စစ်ပွဲတွေရပ်ဖို့ ညွန်ကြားတာတောင် အဆင်မပြေခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ် ..

(ဒါကလည်း တပ်မတော်ဘက်မှာ သူတို့ အကြောင်းနဲ့ သူတို့ ရှိပါလိမ့်မယ်။ ဟိုတလောက ဖြစ်သွားတဲ့ မူဆယ်ဘက်က အကြမ်းဖက်မှုတွေကလည်း တပ်မတော်ရဲ့ အခက်အခဲကို နားလည်ပေးစေနိုင်ပါတယ်)။

ဆိုလိုတာက မြန်မာပြည်လို ပြည်တွင်းစစ် ပြသနာရှိနေတဲ့ အခြားနိုင်ငံတွေက အစိုးရခေါင်းဆောင်တွေလို ကိုယ်က အစိုးရတပ်ဘက်က ကိုယ်စားပြုပြီး တော်လှန်နေတဲ့တပ်ရဲ့ ခေါင်းဆောင်နဲ့ ညှိနှိုင်း ဆွေးနွေးရုံ မဟုတ်ပါဘူး။ အပစ်အခတ် ရပ်ပေးဖို့ အမိန့်ပေးနိုင်သူ မဟုတ်ပါဘူး။

အမေစုဟာ ကိုယ့်ရဲ့ အစိုးရတပ်ကို ပိုင်ပိုင်နိုင်နိုင် စီမံအမိန့်ပေးနိုင်ဖို့ အာဏာရှိဖို့ နေနေသာသာ…
ကိုယ့်ရဲ့ အစိုးရတပ်ကိုတောင် ကိုယ်စားမပြုနိုင်တဲ့ အနေအထားမျိုးမှာ ဆန့်ကျင်ဘက်က တစ်ဖွဲ့တည်းမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနဲ့ တစ်ပြိုင်တည်း ညှိနှိုင်းနေရတဲ့ အနေအထားဟာ ဘယ်လောက် ခက်ခဲမလဲ စဉ်းစားကြည့်နိုင်ပါတယ်။

သူ့ဘက်က တပ်နဲ့ ကိုယ့်ဘက်က တပ် ညှိကြတာ မဟုတ်ဘဲ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ဘယ်လက်နက်ကိုင်တပ်ကမှ ကိုယ့်ဘက်က မဟုတ်တဲ့အတွက် အမေစုအဖြစ်ဟာ..

တစ်ယောက်တစ်ပေါက် အငြင်းပွါး တောင်းဆိုနေတဲ့ သားသမီးတွေကို အားလုံးကျေနပ်အောင် ဘယ်လိုမှ လုပ်ပေးလို့ မဖြစ်နိုင်တဲ့၊ ဘက်လိုက်လို့လည်း မရတဲ့ အမေတစ်ယောက် နေရာကို ရောက်နေရရှာပါတယ်။

ဒါတောင် တိုင်းရင်းသားတွေဘက်က အမေစုဟာ တပ်မတော်ဘက် ပါနေတယ်လို့ စွပ်စွဲသေးတာပါ။
.
.
.
အဲဒီထက် ဆိုးတာကတော့…

တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က လက်ရှိ ခြေ/ဥဟာ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတစ်ခုရဲ့ ခြေ/ဥမျိုး ဖြစ်လာမှသာ တကယ့် ငြိမ်းချမ်းရေးရနိုင်မှာမို့ ပြင်ပေးပါလို့ တောင်းဆိုနေကြတယ်။

အထက်မှာ တင်ပြခဲ့သလို ခြေ/ဥ ပြင်ဆင်ရေးဟာ မဘသတွေ မျိုးနှစ်တွေ စိုးရိမ်နေသလို ဖြစ်ဖို့နေနေသာသာ၊ လိုလိုလားလား ပေးပြင်ရင်တောင် အရေးကြီး ပုဒ်မတွေပြင်ဖို့ကိစ္စဟာ ပုဒ်မ ၄၃၆ တစ်ခုတည်းကို မကျော်နိုင်တာနဲ့ပဲ ဘယ်လိုမှ ပြင်လို့မရနိုင်ပါဘူး။ အဲဒီ မတရား ပုဒ်မ ၄၃၆ ကို ပြင်ဖို့ကိုလည်း ပုဒ်မ ၄၃၆ ကိုပဲ သုံးရမယ်ဆိုထားတာကြောင့် ခြေ/ဥ ပြင်ဆင်ရေးဟာ mission impossible ဖြစ်ပါတယ်။

ဒီတော့ အမေစုဟာ ကာချုပ်နဲ့ ပြေလည်အောင် ကြိုးစားပြီး ငြိမ်းချမ်းရေး မရ ရအောင် ကြိုးစားရပါတော့တယ်။ ကာချုပ်ကလည်း ငြိမ်းချမ်းရေးရရင် တပ်မတော်ဟာ နိုင်ငံရေးကနေ ဆုတ်ခွါမယ်လို့ ဆိုထားတာကိုး။

အဲလို တပ်မတော်သား အမတ်တွေ လွှတ်တော်ထဲက ဆုတ်ခွါသွားရင် ခြေ/ဥ ပုဒ်မ တစ်ခု ပြင်ချင်ရင် ထောက်ခံသူ ၇၅ ရာခိုင်နှုန်း ကျော်လွန်ရမယ်ဆိုတဲ့ ပထမအဆင့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်နိုင်လာပါလိမ့်မယ်။ ဒီနိုင်ငံမှာ ပြည်သူအများစုက အခြေခံဥပဒေ ပြင်ဆင်ရေးကို အထူးစိတ်ဝင်စားတာမို့ “ပထမအဆင့်” ကို ကျော်နိုင်ပြီဆိုရင် “ဒုတိယအဆင့်” ကိုတော့ ပြည်သူ့အားနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒါဟာ ၂၁ ရာစု ပင်လုံညီလာခံကို အမေစု အဓိကထားပြီး တွန်းအားပေး လုပ်ဆောင်နေတဲ့ အဓိက မောင်းနှင်အား ဖြစ်ပါတယ်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ခြေ/ဥ ပြင်မှ ငြိမ်းချမ်းရေးရမယ် ပြောပြီး တပ်မတော်ဘက်က ငြိမ်းချမ်းရေးရမှ ခြေ/ဥ ပြင်မယ် ဖြစ်နေတော့ ဒါဟာလည်း Catch 22 Situation နောက်တစ်ခုပါ။

ဒီလောက်ဆို “ငြိမ်းချမ်းရေး မရရင် ခြေ/ဥ ပြင်ဖို့ မဖြစ်နိုင်၊ ခြေ/ဥ မပြင်ရင် ငြိမ်းချမ်းရေး မရနိုင်” ဆိုတဲ့ ဖြေရှင်းမရနိုင်လောက်တဲ့ deadlock အခြေအနေကိုလည်း အမေစု ရင်ဆိုင်နေရတယ်ဆိုတာ မြင်နိုင်လောက်ပြီ ထင်ပါတယ်။
.
.
.
(၃) ခြစားမှုတိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အုပ်ချုပ်ရေး

အရင်အစိုးရ အဆက်ဆက်အပေါ် ပြည်သူတွေ အဓိက မကြိုက်တာက ခြစားမှု၊ အဂတိလိုက်စားမှုတွေ တစ်နိုင်ငံလုံး လွှမ်းခြုံလှိုက်စားနေခဲ့လို့ ဖြစ်ပါတယ်။

ခြစားမှုတိုက်ဖျက်ရေးလုပ်မယ်ဆိုတဲ့ ဒီချုပ်အစိုးရအပေါ် ပြည်သူတွေက အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့ အရေးယူမှုတွေ မတွေ့ရသေးဘူးလို့ ဝေဖန်နေကြပါတယ်။

သို့သော် ဒီအပိုင်းမှာလည်း ဒီချုပ်အစိုးရဟာ “ခြစားလို့ တိုင်းပြည်ဆင်းရဲတယ်။ တိုင်းပြည်ဆင်းရဲတော့ ခြစားမှုတွေ ရှောင်လွှဲမရဘူး” ဆိုတဲ့ နောက်ထပ် Catch 22 Situation တစ်ခု အောက်မှာ ရှိနေပြန်ပါတယ်။

ဒီနေရာမှာ “အရင်အစိုးရတွေလည်း ဒီအခြေအနေကို ရင်ဆိုင်ခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းကတော့ အဲဒီအစိုးရတွေကို မင်းတို့ပဲ ဝေဖန်ခဲ့တာပဲလေ။ အခု ဒီချုပ်အစိုးရကျမှ ဖာနေတာလား” လို့ မေးချင်ပါလိမ့်မယ်။

အခြေအနေက တူပေမယ့် ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်း လက်သည်တွေက မတူပါဘူး။

စီးရီးလိုက် အာဏာသိမ်းမှုတွေ မစခင် လွတ်လပ်ရေး ရပြီးစ ပါလီမန် ဒီမိုကရေစီခေတ်တုန်းက မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ချမ်းသာတဲ့၊ တိုးတက်တဲ့၊ ပညာရေးမြင့်တဲ့ နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။

၁၉၆၂ ကနေစပြီး တိုင်းပြည်ကို တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း ကယ်တင်လိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက် လက်ထက်မှာမှ ဒီနေ့လို အဆင်းရဲဆုံး၊ ခြအစားဆုံး စာရင်းဝင် နိုင်ငံအဖြစ်ကို တစ်စတစ်စ နိမ့်လျောကျဆင်းသွားရတာ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားဖြစ်ပါတယ်။

ဒီလို နှစ် ၅ဝ ကျော် စီမံခန့်ခွဲမှုအမှားတွေနဲ့…

ချမ်းသာပြီး ခြစားမှုနည်းတဲ့ တိုင်းပြည်ကို ဆင်းရဲစုတ်ပြတ်စေခဲ့၊ တိုင်းသူပြည်သားတွေကို ပညာရေးနဲ့ စာရိတ္တပါ နိမ့်ကျစေခဲ့ခြင်းဟာ “ဆင်းရဲတော့ ခိုးတယ်၊ ခိုးတော့ ဆင်းရဲတယ်” ဆိုတဲ့ vicious cycle ကြီးကို စတင်သန္ဓေတည်စေခဲ့တာမို့…

အဲဒီ ပြည်ဖျက်မုဒိမ်းမှုကို ကျူးလွန်ခဲ့တဲ့ အရင်အစိုးရ အဆက်ဆက်ဟာ ဒီနေ့ဖြစ်နေတဲ့ “ခြစားမှု Catch 22 Situation” ဆိုတဲ့ မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန်အတွက် တာဝန်ရှိသူ လက်သည်တွေ ဖြစ်ပြီး…

ဒီချုပ်နဲ့ အမေစုကတော့ သူတို့ မကျူးလွန်ခဲ့တဲ့ အမှားကိုယ်ဝန်အတွက် လှည်းကျိုးဝင်ထမ်းရတာဖြစ်လို့ သဘောသဘာဝချင်း လုံးဝ မတူပါဘူး။
.
.
.
ပိုဆိုးတာက အဲဒီ ခြစားမှုတွေကို ကျူးလွန်သူတွေထဲမှာ တိုင်းပြည်အုပ်ချုပ်ခဲ့သူ အကြီးအမှူးတွေက ကိုယ်တိုင်ပါဝင်ပြီး တစ်ပြားမှ မရှိတဲ့ အညာသားတွေ ဘဝကနေ ဆယ်သက်စားမကုန်ဘူးဆိုတဲ့ အဆင့်မက ဒီတိုင်းပြည်ကို ပြန်ဝယ်လို့ ရလောက်အောင်ကို ချမ်းသာတဲ့ သူကြွယ်အုပ်စုကြီး ဖြစ်သွားခဲ့ကြတာကို ပြည်သူအများက လက်တွေ့မျက်တွေ့ ခါးခါးသီးသီး သိလိုက်ကြရတာပါပဲ။

အောက်ခြေဝန်ထမ်းလေးတွေက ထမင်းဝဖို့အတွက် နာမည်ပျက်ရုံ ခိုးနေချိန်မှာ သူတို့ကတော့ တစ်တိုင်းပြည်လုံး ရနိုင်သမျှ အားလုံး ယူငင်ပြီး တိုင်းပြည်ကို အခွံချည်း ချန်ထားခဲ့တာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ခိုးနေတော့ ညောင်မြစ်တူး ပုတ်သင်ဥပေါ်မှာ စိုးရိမ်ပြီး ခြစားမှုကို မထိရဲမကိုင်ရဲတော့ဘဲ ခြစားနေသူတွေရော၊ ခြစားမှုကို တိုက်ဖျက်မယ့်သူတွေရော တက်ညီလက်ညီ အတူတူခြစားတဲ့ ခေတ်ကြီး ဖြစ်နေခဲ့တာပါ။

ဒီအခြေအနေတွေကို ဆက်ခံပြီး တိုင်းပြည်ကို ပြန်လည် ထူထောင်ရမယ့် ဒီချုပ်အစိုးရလက်ထက်မှာတော့…

အရင်ခေတ်က ခြစားသူ ဝန်ထမ်းတွေဟာ “ဖြုတ် ထုတ် သတ် မလုပ်ပါဘူး” ဆိုတဲ့ လူထုခေါင်းဆောင်ရဲ့ မေတ္တာလမ်းစဉ်အရ နဂိုအတိုင်း နဘယံ ဘေးမရှိဆိုတဲ့ အခြေအနေအောက်မှာ သိပ်မပြောင်းလဲသေးပေမယ့်…

ခြစားမှုကို တိုက်ဖျက်မယ့်သူများဖြစ်တဲ့ အစိုးရ ထိပ်တန်းအဖွဲ့ဝင်တွေ၊ အမတ်တွေဟာတော့ စစ်အာဏာရှင်ခေတ်နဲ့ ဆန့်ကျင်စွာ ခြစားမှု အင်မတန် ကင်းရှင်းတဲ့ အခြေအနေကို ရောက်နေကြပါပြီ။ ဒီချုပ်က ခန့်အပ်ထားတဲ့ ထိပ်တန်းအရာရှိထဲက ခြစားသူတွေ ရှိခဲ့ရင်လည်း စုံးစမ်းစစ်ဆေးပြီးတာနဲ့ အရေးယူတဲ့ သာဓကကောင်းတွေ ရှိနေပြီလည်း ဖြစ်ပါတယ်။

အခက်အခဲတွေရှိလို့ အောင်မြင်အောင် မလုပ်ဆောင်နိုင်သေးတာက အောက်ခြေဝန်ထမ်း အဖွဲ့အစည်းကြီးရဲ့ ခြစားမှု ပြသနာတွေ ဖြစ်ပါတယ်။

ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင် ရှိတယ်လို့ အကောင်းမြင်တတ်သူတွေကတော့ “ခေါင်ကတော့ လုံသွားပြီ။ အောက်ခြေ ခြစားတဲ့ တိုင်တွေပဲ လဲရတော့မယ်” လို့ မြင်ပေမယ့်…

ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတယ်လို့ အဆိုးမြင်တဲ့ သူတွေကတော့ “ခြစားမှုကို အခုထိ မရှင်းနိုင်သေးဘူး။ အရင်အစိုးရနဲ့ ဘာမှ မထူးဘူး” လို့ အောက်တန်းစားဆန်ဆန် စိတ်ဓာတ်တွေကို ပေါ်ပေါ်ထင်ထင် လှစ်ဟပြကြပါတယ်။

တကယ်တော့ အဲဒီ “ခြစားမှု သံသရာ” အတွက် တကယ့် တာဝန်ရှိသူတွေဟာ တာဝန်မခံ၊ တာဝန်မယူကြတဲ့အပြင် နောက်ကြောင်းပြန် အရေးမယူရေးအတွက် အမျိုးမျိုးသော ဥပဒေတွေ ပြဋ္ဌာန်း၊ ကတိကဝတ်တွေ အမျိုးမျိုးတောင်းပြီးမှ အစိုးရသစ်လက်ထဲကို အာဏာလွှဲခဲ့တာဖြစ်ပါတယ်။
.
.
.
“နောက်ကြောင်း မပြန်ရရင်လည်း ရှေ့ဆက်ဖြစ်နေတဲ့ ခြစားမှုတွေကို တိုက်ဖျက်ပါတော့လား” လို့ ထောက်ပြချင်ကြမယ် ထင်ပါတယ်။

“ခြေ/ဥ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးတွေက ကိုယ့်ခြေ ကိုယ့်လက် လုပ်မရလို့ ထားပါတော့။ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည် စီးပွါးရေးနဲ့ ခြစားမှုနဲ့ အုပ်ချုပ်ရေးတွေက လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်ထဲက လုပ်လို့ရနေတာပဲ။ ဘာလို့ မတိုးတက်သလဲ” လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

သူတို့ပြောတာ သဘောတရားအရ မှန်ပါတယ်။ လက်တွေ့လုပ်ဆောင်နေသူတွေအတွက် မလွယ်ပါဘူး။

အောက်ခြေဝန်ထမ်း အဖွဲ့အစည်းတွေထဲမှာ ရာထူးကြီး ယူထားသူ ရာခိုင်နှုန်းအတော်များများဟာ မိုးကျရွှေကိုယ်တွေပါ။
ခြစားမှု၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးပိုင်း၊ စီးပွါးရေးပိုင်းတွေမှာ အထက်က ပေါ်လစီချမှတ်သူတွေဟာ ဒီချုပ်က လူတွေဖြစ်ပေမယ့် အောက်ခြေမှာ လက်တွေ့ အကောင်အထည်ဖော်နေသူတွေဟာ အဲဒီ မိုးကျရွှေကိုယ်တွေ ဖြစ်ပါတယ်။

မိုးကျရွှေကိုယ်တွေထဲမှာ အမြဲတမ်းအတွင်းဝန်တွေ၊ ညွန်ချုပ်တွေ၊ ညွန်ကြားရေးမှူးတွေ၊ ဌာနမှူးတွေ စသဖြင့် ရာထူးကြီး ယူထားကြသူ အတော်များများဟာ အစိုးရဟောင်းတွေက ဂေါ်ဇီလာကြီးတွေရဲ့ သားတပည့်တွေသာ များပါတယ်။ အဲဒီ ဂေါ်ဇီလာကြီးတွေရော သူတို့ရဲ့ သားတပည့်တွေဟာ ၁၉၈၈ ကစလို့ ဒီကနေ့ထိ လွန်ဆွဲလာခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲအတွင်း နှစ်ပေါင်း ၃ဝ နီးပါး အမေစုကို ရန်သူလို မြင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

အဲဒါကြောင့် ထင်မှတ်မထားဘဲ အာဏာလက်လွှတ်ရချိန်မှာ ပိုလို့သာ အမုန်းတွေ ပွါးလာပါတော့တယ်။ သွားလေသူ ဂေါ်ဇီလာကြီးတွေကို နောက်ကြောင်းမပြန်ရ ဥပဒေတွေက အကာအကွယ်ပေးထားချိန်မှာ အကာအကွယ်မရသူ သားတပည့်တစ်သိုက်ကတော့ ငါတို့ကို အစိုးရသစ်ကများ အညှိုးထား အရေးယူမလားလို့ ရင်တထိတ်ထိတ်နဲ့ နေခဲ့ရပါတယ်။

သို့သော် လက်တွေ့မှာ အမေစုရဲ့ မေတ္တာနိုင်ငံရေးလမ်းစဉ်အရ အရေးယူမခံရ၊ အလုပ်ဖြုတ်ပြီး ဒီချုပ်ကို သစ္စာခံသူတွေနဲ့ အစားထိုးခြင်း မခံရတဲ့အခါမှာ အဲဒီ မိုးကျရွှေကိုယ်တွေဟာ ကျေးဇူးမတင်တဲ့အပြင် သူတို့အနေအထားကို သူတို့ မာန်တက်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို “ဒေါ်စုကြည်” လို့ပဲ ဆက်ခေါ်ပါတယ်။ သူတို့ကိုယ်တိုင် မလေးမစား မိုက်ရိုင်းရုံမက သူတို့ရှေ့မှာ လက်အောက်ငယ်သားတွေက “အမေစု” လို့ ခေါ်မိရင်ကို ခေါ်ကြိမ်းမောင်းပါတယ်။ ပိုမိုက်ရိုင်းသူတွေက ကုလားမယား၊ ကုလားမလို့တောင် သုံးနှုန်းကြပါတယ်။

သမ္မတရုံးက အစ၊ ပြန်ကြားရေး အလယ်၊ ပညာရေး အဆုံး ရှိသမျှ ဌာနတိုင်းက ဒီလို အမေစု မုန်းတီးရေး စိတ်ဓာတ်မျိုး ရှိနေတဲ့ မိုးကျရွှေကိုယ် အများစုဆီက သူတို့ မုန်းတဲ့သူ ဦးဆောင်နေတဲ့ အစိုးရသစ် နာမည်ကောင်းရသွားစေမယ့် စွမ်းဆောင်မှုကောင်းတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လိုမှ မမျှော်လင့်နိုင်ပါဘူး။ ဒီလို အကျင့်စရိုက်ရှိတဲ့ သူတွေဟာ တိုင်းပြည်ကောင်းဖို့ အကျင့်ပျက်ခြစားတာတွေကို ပြုပြင်လိုက်ဖို့လည်း ဘယ်လိုမှ စိတ်ကူးရှိလာစရာ အကြောင်းမရှိပါဘူး။

မိုးကျရွှေကိုယ်တွေသာမက ခိုးသားကျနေတဲ့ အရပ်သား ရာထူးကြီးတွေကလည်း ဖြုတ် ထုတ် မသတ်တာ သေချာလာချိန်မှာ ပြန်ခိုးမြဲ၊ ခြစားမြဲ၊ အဂတိလိုက်စားမြဲ ဖြစ်လာပါတယ်။

အစိုးရသက်တမ်း တစ်နှစ်နီးပါး ရှိလာချိန်မှာ အလွန်နည်းပါးသော ရာထူးကြီး ဝန်ထမ်းအချို့ကသာ အမေစု စေတနာကို နားလည်လာပြီး အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်လာသော်လည်း အများစုကတော့ ဆက်လက်ဒုက္ခပေးလို့ ကောင်းတုန်းပဲ ဖြစ်ပါတယ်။

ဒီလို ဖြစ်နေတာတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အမေစုဟာ အကုန်လုံးကို ဖြုတ်ပစ်ပြီး လူစားလဲဖို့ပဲ ရှိပါတော့တယ်။
.
.
.
လက်တွေ့မှာ အဲဒီလို လုပ်ဖို့လည်း မဖြစ်နိုင်တဲ့ ကျဉ်းထဲကြပ်ထဲ ရောက်နေပြန်ပါတယ်။

ဒီလို ရောက်နေရတာဟာ…

တစ်အချက် ကိုယ့်လူတွေကြောင့် ဖြစ်ပြီး…

နှစ်အချက်အနေနဲ့ အာဏာရှင်ရဲ့ အမွေဆိုးဖြစ်တဲ့ အကျင့်ပျက် ဝန်ထမ်းတွေကို စိတ်ရှိသလို လုပ်ပစ်လို့ မရတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။

ကိုယ့်လူတွေကြောင့်ဆိုတာက…

အပြင်လောကမှာ အမြဲတမ်းအတွင်းဝန်တွေဟာ အစိုးရကို ကန့်လန့်တိုက်နေတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေပေမယ့်…

အုပ်ချုပ်ရေးကို အခုမှ နဖူးတွေ့ ဒူးတွေ့ ကြုံရတဲ့ ဝန်ကြီးအချို့ဟာ အတွင်းဝန်တွေကို ဖြုတ်ပစ်ဖို့ နေနေသာသာ သက်ပြည့်ပင်စင်သွားရတော့မယ့် အတွင်းဝန်တွေကိုတောင် သက်တမ်းတိုးပေးပြီး အားကိုးအားထားပြုနေရတယ်လို့ ဆိုပါတယ်။

ဒါဟာ တိုင်းပြည်အုပ်ချုပ်ရေးကို အာဏာရှင်အဖွဲ့အစည်း တစ်ခုတည်းက နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်လာခဲ့လို့ ဖြစ်လာတဲ့ ဆိုးရွားတဲ့ အကျိုးဆက်ဖြစ်ပါတယ်။

ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းခြင်းသာ မခံခဲ့ရရင် အခုအချိန်မှာ အုပ်ချုပ်ရေးအတွေ့အကြုံရှိ ပါတီကြီး နှစ်ခု သုံးခုလောက် အလှည့်ကျ အစိုးရလုပ် အုပ်ချုပ်နေတဲ့ ကမာ္ဘနဲ့ ရင်ဘောင်တန်းနိုင်တဲ့ တိုင်းပြည်ဖြစ်နေလောက်ပါပြီ။

ကိုယ့်ဘက်က မကောင်းတဲ့သူတွေကို လဲပစ်ပါလားလို့ ဦးနှောက်မရှိတဲ့ အတိုက်အခံတွေ၊ ဉာဏ်တုံးတဲ့ ဂျာနယ်ညစ်တွေက ပိန်းတိန်းတိန်း အပြစ်ပြောနေပေမယ့် လက်တွေ့မှာ ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်အဆင့် အုပ်ချုပ်ရေး အတွေ့အကြုံရှိသူဟာ အရပ်သားထဲမှာ မရှိသလောက်ပါ။ အရည်အချင်းရှိသူအချို့ကို ကမ်းလှမ်းတော့လည်း မုန့်ဝေတော့မရဘဲ တုတ်ဝေမှ ရမယ့် ဒီချုပ်ဝန်ကြီးနေရာကို မလုပ်လိုကြပါဘူး။

လူမရှိလွန်းလို့ တပ်ဘက်က အရည်အချင်းရှိသူအချို့ကို ကမ်းလှမ်းတော့လည်း သူတို့ဘက်ကို သစ္စာဖောက်တယ် ဖြစ်မှာစိုးလို့ အမေစုလက်အောက်ကို ခိုလှုံသူ ရှားပါတယ်။
.
.
.
နှစ်အချက်ဖြစ်တဲ့ ခြစားသူ၊ ကန့်လန့်တိုက်နေသူ၊ အတွင်းသူလျှိုလုပ်ပြီး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေသူတွေကို အရေးယူဖို့ ခက်တယ်ဆိုတာက အဲဒီသူတွေဟာ ပေါ်ပေါ်တင်တင် မဟုတ်ဘဲ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ လုပ်နည်းကိုင်နည်းနဲ့ ပူးသတ်နေလို့ ဖြစ်ပါတယ်။

သူတို့ဟာ အစိုးရကို ဒုက္ခပေးနေမှန်း၊ ခြစားနေမှန်း သိသာနေရင်တောင် သက်သေမပြနိုင်ဘူး ဖြစ်နေပါတယ်။

အစိုးရသစ်ဟာ အာဏာရှင်အစိုးရ မဟုတ်တာမို့ အပြစ်ကို မဖော်ထုတ်နိုင်ဘဲ အထင်နဲ့ အသားလွတ် အလုပ်ထုတ်ပစ်တာမျိုး လုပ်လို့မရသလို လုပ်မှာလည်း မဟုတ်ပါဘူး။ ဘယ်သူ ဘယ်ဝါဟာ အစိုးရ ယန္တရားကို အတော်လေးကို အနှောင့်အယှက်ပေးနေလို့ လူလဲပေးပါလို့ တင်ပြရင်တောင် မေတ္တာတရား ရှေ့ထားတဲ့ အမေစုဟာ သက်သေမရှိဘဲ မလုပ်ပါနဲ့ သနားပါတယ်လို့ ပြောကြောင်း ပြန်ကြားရပါတယ်။

ဒီလို ဘောင်အတွင်းက ညစ်ပတ်ယုတ်မာတာကို ခံနေရတဲ့ အခြေအနေတွေ အောက်မှာ ရုန်းကန်နေရတဲ့ အစိုးရသစ်ကို ဝန်းရံကူညီရမယ့်အစား…

တရားဥပဒေစိုးမိုးရေး တိုးတက်လာအောင် မလုပ်နိုင်ဘူးဆိုပြီး အာဏာခွက်ပျောက်တွေကရော၊ ဒီချုပ်ကို ဝေဖန်မှ ထမင်းဝမယ် ထင်နေတဲ့ လူမိုက်သား ရမ်းကား ငတ်လို့လုပ်စားတဲ့ ဂျာနယ်လစ်အချို့က ဝင်ဟောင်ကြပါသေးတယ်။

တကယ်တော့ ခြစားမှုတွေ၊ ရာဇဝတ်မှုတွေကို သေချာကိုင်တွယ်ဖို့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာစတဲ့ သုံးဌာနမှာ အစိုးရကို တကယ် သစ္စာခံမယ့် ဝန်ကြီးတွေကို အစိုးရက တိုက်ရိုက်ခန့်ခွင့် ရရမှာ ဖြစ်ပါတယ်။

အခြေခံဥပဒေအရ သမ္မတကို တာဝန်ခံတယ် ဆိုပေမယ့် လက်တွေ့မှာ ဘယ်သူ့ အမိန့်ကို နာခံနေတယ်ဆိုတာ အားလုံးလည်း သိပြီးသားဖြစ်ပါတယ်။ ဝက်မည်းတို့လို စစ်လော်ဘီတွေက ဝန်ကြီးသုံးယောက်ကို ခန့်အပ်သူဟာ ကာချုပ်ဖြစ်ပေမယ့် သမ္မတကို တာဝန်ခံရပြီး သမ္မတအမိန့်ကို နာခံရမှာမို့ ကိုယ်လိုသလို ခိုင်းလို့ရတယ်၊ မကြိုက်ရင် ဖြုတ်ပစ်လို့ ရတယ်။ ကိုယ့်အစိုးရအဖွဲ့ထဲ ပါနေသူတွေကို မခိုင်းနိုင်ရင်၊ မကြိုက်လို့ မဖြုတ်နိုင်ရင် အမေစု ညံ့လို့ပဲ။ ကာချုပ် ခန့်ထားတဲ့သူတွေမို့ဆိုပြီး ဆင်ခြေပေးလို့ မရဘူး” လို့ ငပိန်းတွေကို အမြဲမှိုင်းတိုက်နေပါတယ်။ ဒါကို ဂျာနယ်လစ်အမည်ခံ ငပိန်းတွေက ပါးစပ် မေထုံကူးပြီး အစိုးရနဲ့ အမေစုကို တိုက်ခိုက်ချင်တိုင်း ဒီစကားတွေကို ပြန်သုံးပါတယ်။

ဒီချုပ် ထောက်ခံသူတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြဲပြန်ရှင်းခဲ့ပေမယ့် သိသာထင်ရှားတဲ့ သက်သေမပြနိုင်ခဲ့တော့ ဘတစ်ပြန် ကျားတစ်ပြန်ပါပဲ။
.
.
.
အခု အဲဒီ စစ်လော်ဘီတွေရဲ့ မှိုင်းတိုက်ချက်တွေကို ဦးကိုနီ လုပ်ကြံခံရမှုက ပြတ်ပြတ်သားသား နှာနုရိုက် ချေဖျက်ပြလိုက်နိုင်ပါပြီ။

ဦးကိုနီကိစ္စမှာ ကိုယ်တစ်ယောက်တည်းရဲ့ သဘောထားအမြင်အရ တပ်မတော်နဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် တပ်ထွက်တွေ၊ အစွန်းရောက် မျိုးချစ်အဖွဲ့တွေ ပါဝင်တဲ့ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ အလွန်အင်မတန်ကြီးမားတဲ့ ဒုစရိုက်ကွန်ယက်ကြီး ပါဝင်ပတ်သက်နေတယ်လို့တော့ ယူဆရပါတယ်။

တပ်နဲ့ မဆိုင်ပေမယ့် တပ်ထွက်တွေပါနေတာမို့ တပ်မတော်ကိုယ်တိုင် အမှုစစ်ဆေးရေးမှာပါဝင်ပြီး သတိထားကိုင်တွယ်နေတာကို တွေ့ရပါတယ်။ ဒီလို စစ်ဆေးနေတာ၊ ထုတ်ပြန်တာအားလုံးကို သမ္မတရုံးအမည်တပ်ပြီး လုပ်နေသော်လည်း တပ်နဲ့ ပြည်ထဲရေးကသာ သူတို့ခြေ သူတို့လက်နဲ့ အားလုံးကို သူတို့ စိတ်တိုင်းကျ လုပ်ဆောင်နေတာ ဖြစ်ပြီး သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ်တို့ဟာ ဘာမှ ဝင်ရောက်စွက်ဖက်နိုင်တာ မရှိပါဘူး။ သူတို့ တင်ပြသမျှကိုသာ လက်ခံနားထောင်ရုံသက်သက်မို့ ဦးကိုနီတစ်လပြည့်ပွဲတုန်းက ရင်ကြားစေ့ရေးကို အင်မတန် အလေးထားတဲ့ အမေစုတောင်မှ “လုပ်သင့် လုပ်ထိုက်သည်ကို မလုပ်ရဲသည့်အချိန်တွင်၊ မလုပ်သင့် မလုပ်ထိုက်သည်ကို ကြောက်၍ မလွန်ဆန်ရဲ” ဆိုသော အခြေအနေကို ကြိတ်မနိုင် ခဲမရ ပွင့်အန် ပြောထွက်လာရတာဖြစ်ပါတယ်။

ဒီ ဥပမာကို ပေးရတာကတော့ တပ်မတော်ဟာ သူတို့ဂုဏ်သိက္ခာ ကျဆင်းစေမယ့် ဘယ်အရာကိုမှ လက်မခံနိုင်ဘူး ဆိုတာကို မြင်သာစေဖို့ ဖြစ်ပါတယ်။

ဒီတော့ တပ်ကခန့်ထားသော ဝန်ကြီးသုံးပါး၊ အမြဲတမ်း အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေနဲ့ အခြားရာထူးကြီး ယူထားသူတွေကို မကြိုက်ရင် ဖယ်ရှားလို့ရသားပဲလို့ စာအုပ်ကြီးအတိုင်း မစင်ဦးနှောက်နဲ့ ပြောနေသူတွေဟာ ဘယ်တော့မှ နိုင်ငံရေး၊ နိုင်ငံအုပ်ချုပ်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့်သူတွေ မဟုတ်ဘူးလို့ အတိအကျ ပြောလိုက်ချင်ပါတယ်။

သူတို့ဟာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်စား ခံစားကြည့်နိုင်စွမ်းရှိသူတွေ မဟုတ်ပါဘူး။ အမေစုမှာတော့ အဲဒီ အရည်အချင်းဟာ ကြီးမားစွာရှိနေပါတယ်။ ဒါက သူတို့ကို လူထုက ဘာလို့ မုန်းပြီး၊ အမေစုကို လူထုက ဘာလို့ ချစ်ကြသလဲဆိုတာရဲ့ အဖြေပါပဲ။

အရာရာကို ရလဒ်ဦးစားပေးပြီး လူတစ်ဖက်သားရဲ့ ခံစားမှုကို ကိုယ်ချင်းစာမပေးနိုင်သူ EQ နိမ့်သူတွေဟာ ရေရှည်အောင်မြင်မှု မရနိုင်ပါဘူး။ အမေစုဟာ တိုင်းပြည်ခေါင်းဆောင်လို့ မြင်နေရပေမယ့် power balance ကို ကာချုပ်နဲ့ မျှခြေယူနေရတာဖြစ်ပါတယ်။

စစ်အာဏာရှင် ၁၀ဝ ရာခိုင်နှုန်း ထိန်းချုပ်ထားတဲ့ တိုင်းပြည်ကို ၅ဝ ရာခိုင်နှုန်းလောက် အရပ်သားအစိုးရအနေနဲ့ အုပ်ချုပ်နိုင်အောင် အနှစ် ၃ဝ လောက် ကြိုးစားလာရတာဖြစ်ပါတယ်။ အခုက နောက်ကြောင်းမပြန်မှု၊ တစ်ဘက်နဲ့ တစ်ဘက် စည်းမကျော်ဘဲ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ရနိုင်ခဲတဲ့ ယုံကြည်မှုကို ခက်ခက်ခဲခဲ တည်ဆောက်နေချိန် ဖြစ်ပါတယ်။

ဒီအခြေအနေမှာ တပ်ဘက်က ပြောင်းသွားတဲ့ အရင် ဗိုလ်ချုပ်ကြီးတွေရဲ့ သားတပည့်တွေဖြစ်တဲ့ မိုးကျရွှေကိုယ်တွေကို အာဏာစက်နဲ့ ဖယ်ရှားမယ်ဆိုရင် တပ်မတော်ခေါင်းဆောင်တွေ စိတ်ထဲမှာ နောက်ကြောင်းမပြန်ဘူးဆိုတာ ဟုတ်ပါ့မလားလို့ သံသယတွေ ရှိလာမှာပါ။

ဒီထက်ဆိုးတာက ရာဇဝတ်မှုတွေ ထူပြောလာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ထဲရေး ဝန်ကြီး၊ စစ်ပွဲတွေ မရပ်သေးလို့ ကာကွယ်ရေးဝန်ကြီး၊ ရခိုင်က ကိစ္စတွေအတွက် နယ်စပ်ရေးရာဝန်ကြီးတို့ကို လူလဲပေးပါလို့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောလိုက်မယ်ဆိုရင် လဲပေးခဲ့ရင်တောင်မှ သူစိတ်တိုင်းကျ ခန့်ထားတဲ့ သူတွေကို ဖယ်ရှားခိုင်းတဲ့အတွက် ကာချုပ်စိတ်ထဲ ဘယ်လိုရှိမလဲ။

နှစ် ၃ဝ နီးပါး ရန်ဘက်အဖြစ် တည်ရှိခဲ့တဲ့ ဒီချုပ်အစိုးရနဲ့ အမေစုကို သူတို့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူးလို့ တစ်ထစ်ချ ယုံကြည်ဖို့ ခက်ခဲနေချိန်မှာ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ ဒီကိစ္စလေးတွေဟာ အမှိုက်ကစ ပြသာဒ်မီးလောင်တဲ့အထိ ဖြစ်နိုင်တာကို သိနေလို့ တိုင်းပြည်ပြန်လည်တည်ထောင်ခွင့် လိုချင်နေတဲ့ အမေစုအတွက် နောက်ထပ် Catch 22 Situation တစ်ခုပါပဲ။

အုပ်ချုပ်ရေး ယန္တရားမှာ ကန့်လန့်တိုက်နေသူတွေ၊ ခြစားသူတွေကို ရှင်းမထုတ်နိုင်ရင် တိုင်းပြည်ဆင်းရဲတွင်းက မတက်ဘူး။

ရှင်းထုတ်နိုင်ပြန်ရင်လည်း တပ်မတော်နဲ့ တည်ဆောက်နေတဲ့ ယုံကြည်မှုတွေ ပျက်ယွင်းပြီး ခြေ/ဥ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေအထိ ထိခိုက်ပြီး နောက်ကြောင်းပြန်လှည့်သွားလို့ ဆင်းရဲတွင်းနက်မယ့် အန္တရာယ်လည်း ရှိနေပါတယ်။

အဲဒီ နှစ်လမ်းထဲက ဘယ်လမ်း ရွေးရွေး လတ်တလောမှာ တိုင်းပြည်က တိုးတက်မှု ရနိုင်မှာ မဟုတ်ပေမယ့်…

ဒုတိယလမ်းကို ရွေးခဲ့ရင်တော့ ပြန်လမ်းမရှိတော့တဲ့အတွက် အခု အနစ်နာခံနေရပေမယ့် အချိန်တစ်ခုကြာတဲ့အခါ အသီးအပွင့်မြင်ရနိုင်တဲ့ ပထမလမ်းကို ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

ဒီလို ရေရှည်အကျိုးကို ကြည့်ပြီး လုပ်ဆောင်နေတဲ့ အမေစုအတွက် အခုနောက်ဆုံး အကြီးမားဆုံး ထိုးနှက်ချက်ကတော့ အမေစုရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ နောက်ကြောင်းမပြန်ရေးမူကြောင့် တပ်မတော်ဘက်ကို သိပ်အလျှော့ပေးရလွန်းတော့ ပြည်သူတွေ နစ်နာရတယ်ဆိုတဲ့ စွပ်စွဲချက်ပါပဲ။

တကယ်က ဒီလမ်းကို အမေစုက ချမှတ်ထားတယ်လို့ ယူဆလို့သာ ဒီလိုစွပ်စွဲချက်တွေ ဖြစ်လာတာဖြစ်တယ်။ အမှန်ကတော့ ဒီလမ်းကို အမေစုက ဖန်တီးတာမဟုတ်ဘဲ ပြည်သူကို မထိခိုက်တဲ့လမ်းကို လျှောက်မယ်ဆိုရင် အမေစုအတွက် ပေးထားချက်ဟာ ဒီတစ်လမ်းပဲရှိလို့ မလွှဲသာ မရှောင်သာ ပြည်သူအတွက် လျှောက်လှမ်းနေရခြင်းဖြစ်တယ်။
.
.
.
အပေါ်မှာ ပြောခဲ့သလို တစ်ကြောင်းတည်းရှိတဲ့ လမ်းကို ရွေးချယ်စရာမရှိဘဲ လျှောက်လှမ်းနေရတဲ့ အမေစုဟာ အရာရာမှာ Catch 22 Situation ဆိုတဲ့ deadlock တွေကို တတ်နိုင်သမျှ ဖြည်ရင်း ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရင်း ပိုမိုများပြားတဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ အနာဂတ် အကျိုးစီးပွားကို ငဲ့ပြီး ပြည်သူအချို့ရဲ့ ဒုက္ခတွေကို ရေတိုအားဖြင့် မျက်ကွယ်ပြုလိုက်ရတဲ့ အခါတိုင်း စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရသူဟာ ရန်သူကိုတောင် မေတ္တာထားနိုင်တဲ့ အမေစုပါပဲ။

ဒီစာရဲ့ ရည်ရွယ်ချက်ဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ စော်ကားလိုစိတ်နဲ့ ရေးတာမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်လို့ မအောင်မြင်သေးတာတွေအတွက် အကြောင်းပြချက် ပေးနေတာလည်း မဟုတ်ပါဘူး။

မအောင်မြင်သေးတာတွေအတွက် ဘယ်သူ့ကိုမှ ဥပမာ ရှေ့အစိုးရကိုတောင် အပြစ်မတင်ဖို့ သူ့အစိုးရအဖွဲ့ကို အမေစုက မှာကြားထားတာ ဖြစ်ပါတယ်။

သို့သော် ဒီထက်ပိုပြီး ရည်မှန်းချက်တွေ အောင်မြင်လာအောင်၊ ရွေးကောက်ပွဲ ကတိကဝတ်တွေ ပြည့်မီအောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားနေရာမှာ…

သာမန်အခြေအနေအောက်မှာ တိုင်းပြည်တာဝန် ထမ်းနေရတာ မဟုတ်ဘဲ အပေါ်မှာ တင်ပြခဲ့သလို ဖြေရှင်းဖို့ ခက်ခဲရှုပ်ထွေးလွန်းလှတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် လုပ်ကိုင်နေရတဲ့ အမေစုရဲ့ အခက်အခဲတွေကို ပြည်သူတွေ သိနားလည်စေချင်တယ်ဆိုလို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပြည်သူတွေ မြင်သာအောင် အရင်းအတိုင်း ချပြခြင်းသာ ဖြစ်ပါတယ်။

အစိုးရသက်တမ်း ငါးနှစ်အတွင်း အမေစုရဲ့ ဉာဏ်ပညာ၊ အတွေ့အကြုံ၊၊ ဆင်ခြင်သုံးသပ် ခေါင်းဆောင်နိုင်စွမ်းတွေနဲ့ တပ်မတော်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမြော်အမြင်ကြီးမှု၊ သဘောထားကြီးမှုတွေ တစ်သားတည်းကျပြီး ယုံကြည်မှုကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး ရှေ့တိုး ထမ်းပိုး နောက်ဆုတ်လှည်းတုတ် ဆိုတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120